Wednesday, March 18, 2020

ပြည်သူသာလျှင် အဓိက


မြန်မာ့အလင်းအယ်ဒီတာအာဘော်


ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြီးမား ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများစွာတို့မှာ အရေးပေါ် အစီအမံများချမှတ်ကာ ယောက်ယက်ခတ်လှုပ်ရှားနေကြရသည်။ နယ်စပ်ကူးသန်းသွားလာမှုများ ပိတ်ပင်ခြင်း၊ မိမိတို့၏ နိုင်ငံသားများ ပြည်ပသို့ထွက်ခွာခြင်းနှင့် နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ ဝင်ရောက် ခြင်းတို့ကို ပိတ်ပင်ကန့်သတ်ခြင်း၊ ပြည်တွင်းသွားလာမှု များ၊ အိမ်တွင်းမှ အိမ်ပြင်ထွက်ခြင်းများကို တားဆီးကန့်သတ်ခြင်း၊ ဈေးများ၊ ကျောင်း များ၊ စားသောက်ဆိုင်များ၊ ကပွဲရုံများ ပိတ်ခြင်း စသည်ဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်မည့် အလားအလာများကို လျှော့ချရန် ကြိုးပမ်းမှုများကို နိုင်ငံများစွာက ပြုလုပ်နေကြပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ တွေ့ရှိရသည့်နိုင်ငံများ များလာသည်နှင့်အမျှ အတည်ပြုလူနာ မတွေ့ရသေးသည့် နိုင်ငံ အရေအတွက် လျော့နည်းလာခဲ့ရာ လက်ကျန်နိုင်ငံ အနည်းစုတွင် မိမိတို့မြန်မာနိုင်ငံလည်း ပါဝင်နေသေးသည်။ ကိုဗစ်-၁၉ သည် ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါဖြစ်သည့်အလျောက် ပြည်တွင်းသို့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ခြင်းကဲ့သို့သော တိုက်ရိုက်ထိခိုက်ခံစားရမှုမှ လွတ်ကင်းခဲ့လျှင်ပင် နိုင်ငံ၏စီးပွားရေးနှင့် ပြည်သူလူထုကို သွယ်ဝိုက် ထိခိုက်မှုများရှိနိုင်ရာ ဖြစ်လာနိုင်ချေများအားလုံးကို သုံးသပ်ပြီး ကြိုတင်ပြင်ဆင်မှုများကို နိုင်ငံတော်အစိုးရက ‌ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မတ်လ ၁၃ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ယင်းနေ့မှာပင် နိုင်ငံတော် သမ္မတရုံးက ပြည်သူသို့ ပန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ သည် လူစုလူဝေးများပြားရာ နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက်မှစ၍ ဧပြီလ ၃၀ ရက်အထိ မပြုလုပ်ကြရန် ပန်ကြားခဲ့ သည်။ ထို့အပြင် မမှန်သတင်း ဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေး နှိုးဆော်ချက်များအတိုင်း တိတိကျကျ လိုက်နာ‌ဆောင်ရွက်ရန်၊ မိမိ ပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ပါက ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ အမြန်ဆုံးသတင်းပို့ အသိပေးရန်လည်း ပန်ကြားခဲ့သည်။
နိုင်ငံစီးပွားရေးထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် အခွန် အကောက်ဖြေလျှော့ခြင်း၊ အတိုးနှုန်းလျှော့ချခြင်းနည်းလမ်းများဖြင့် စက်ရုံ အလုပ်ရုံများ၊ လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး‌ အတွက် နိုင်ငံတော်က ဆောင်ရွက်သွားမည်ဖြစ်ရာ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေးနှင့် ပြည်သူပြည်သားများ ထိခိုက်နစ်နာမှု မခံစားရစေရေးတို့ အတွက် ရည်ရွယ်ခြင်းလည်းဖြစ်သည်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် “ကျွန်မအနေနဲ့ ဒီနေရာမှာ COVID-19 ကာကွယ်ထိန်းချုပ်ရေး၊ နိုင်ငံနဲ့ပြည်သူတွေအပေါ် ဒီရောဂါရဲ့ ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းစေ ရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့အချက်ကို တင်ပြချင်ပါတယ်။ ဒါကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ပြည်သူတွေသာလျှင် အဓိကပါ။ အစိုးရက ဘယ်လိုကောင်းမွန်တဲ့ အစီအစဉ်တွေပဲ ချမှတ်ချမှတ်၊ အမှန်တကယ် ထိရောက်အောင်မြင်ဖို့ဆိုရင် ပြည်သူတွေ ပူးပေါင်းပါဝင်မှ ဖြစ်မယ်ဆိုတာ ကျွန်မ အကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့စကားဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ရာ ကမ္ဘာ့ကပ် ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူတို့၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ခြင်းပင်ဖြစ်သည်။
- ကျန်းမာရေးလိုအပ်ချက်အရ မလိုအပ်ဘဲ လူစုလူဝေး မဖြစ် အောင် လိုက်နာဆောင်ရွက်ရေး၊
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရေး၊
- မတိကျ မမှန်ကန်သည့် သတင်းများ၊ သတင်းတု သတင်းယောင် များ၊ ကောလာဟလများ မပြန့်ပွားရေး၊
- စိုးရိမ်မှုလွန်ကဲပြီး ရိက္ခာစုဆောင်းခြင်းကဲ့သို့သော မတည်မငြိမ် ဖြစ်စေသည့် လုပ်ရပ်များ မဖြစ်ပေါ်စေရေးတို့တွင်
“ပြည်သူသာလျှင် အဓိက”ဖြစ်သည့်အလျောက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ဝင်ရောက်ခြင်းမှ လွတ်ကင်းလျက် နိုင်ငံသူ နိုင်ငံသား အားလုံး ကာယစိတ္တနှစ်ဖြာသောသုခတို့ဖြင့် ပြည့်စုံစေရေး ပြည်သူအား ဖြင့် ဆောင်ကြဉ်းပေးနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment