Thursday, March 19, 2020

အပူချိန်မြင့်မားခြင်းနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကာကွယ်ရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်


ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ ဒေသအတော်များများတွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက်ပို၍ ပူခဲ့သလို နေ့အပူချိန်များလည်း မြင့်မားလာ ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ချောက်၊ မကွေး၊ အောင်လံ၊ ဘော်လခဲ စသည့် မြို့များမှာ နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်၊ ၄၃ ဒီဂရီစင်တီဂရိတ်၊ ၄၂ ဒီဂရီစင်တီဂရိတ် စသည်ဖြင့် ထူးထူးခြားခြားမြင့်မားသည့် အပူချိန်များ ဖြစ်နေကြသည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် - ၁၉ ကာကွယ်‌ရေး အတွက် လုံးပန်းနေကြရသည့် အချိန်အခါတွင် နိုင်ငံအနှံ့အပြား၌ မြင့်မား လာသည့် နေ့အပူချိန်များမှာလည်း လတ်တလော ဂရုပြုကြရမည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။
အပူဒဏ်အန္တရာယ်က သက်ကြီးရွယ်အိုများ၊ နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် ပူပြင်းသည့် နေရောင် အောက်တွင် အလုပ်လုပ်ကြရသည့် အလုပ်သမားများ အထူးဂရုပြုကြ ရမည့် အန္တရာယ်ဖြစ်သည်။ သာမန်အားဖြင့်ဆိုပါက နေ့ခင်းဘက် အပူချိန်မြင့်မားနေချိန်များတွင် အေးမြသည့်အရိပ်အောက်၊ လေဝင် လေထွက်ကောင်းသည့်နေရာများ၌ နားနေခြင်း၊ အရက်သေစာ သောက်စားမှုများကို ရှောင်ကြဉ်ခြင်း၊ ပူပြင်းသည့်နေရောင်အောက်တွင် မဖြစ်မနေသွားလာရန်၊ အလုပ်လုပ်ရန် လိုအပ်လာပါကလည်း ထီး၊ ဦးထုပ်နှင့် လုံလောက်သည့် အရိပ်တို့ ရယူအသုံးပြုခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကိုသာ ဝတ်ဆင်ခြင်း၊ အပူရှိန်မြင့်မားနေချိန်တွင် လွင်တီးခေါင်၊ မြစ်ကမ်းနားစသည်တို့၌ ရေချိုး၊ အဝတ်လျှော်ပြုလုပ် ခြင်းနှင့် နေပူထဲမှပြန်လာပြီး ခရီးရောက်မဆိုက် ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ခြင်းအားဖြင့် အပူဒဏ်အန္တရာယ်များကို ကာကွယ် နိုင်မည်ဖြစ်သည်။ ချွေးထွက်များပါက ခန္ဓာကိုယ်အတွင်း ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည် တို့ကို လုံလောက်စွာ သောက်သုံးရန်လည်း လိုအပ်မည်ဖြစ်သည်။
အပူဒဏ်အန္တရာယ် ခံစားရသည့် လူနာကိုပြုစုနိုင်ရန် ရှေးဦးစွာ အရိပ်ရပြီး အေးမြသည့်နေရာ၊ လေဝင်လေထွက်ကောင်းသည့်နေရာ တွင် ထားရှိ၍ ရေနှင့် ဓာတ်ဆားရည်တို့ တိုက်ကျွေးခြင်း၊ ရေအေး ဖတ်များဖြင့် နဖူး၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတို့ကို တိုက်ကာ ကိုယ်အပူချိန်လျော့နည်းစေခြင်းတို့ကို ပြုလုပ်ပေးပြီး နီးစပ်ရာ ကျန်းမာရေးဌာနဆီသို့ အမြန်ပို့ကြရမည်ဖြစ်သည်။
နွေရာသီ နေ့အပူချိန်မြင့်မားမှုနှင့်အတူ ပူးတွဲပါလာသည့် နောက်အန္တရာယ်မှာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ပင်ဖြစ်သည်။ ခရမ်း လွန်ရောင်ခြည်သည် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း မြင့်မားစွာ ကျရောက်နိုင်သည့်အတွက် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်သင့်သည့် အချိန်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု ကြောင့် နေလောင်၊ အသားညိုမည်းခြင်းမှ အစပြုကာ ရေရှည်တွင် မျက်စိတိမ်စွဲခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း၊ အရေပြားများ အရွယ် မတိုင်မီအိုမင်းခြင်း ဆိုးကျိုးများဖြစ်စေနိုင်သည်။ ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်ကို ကာကွယ်နိုင်ရန်မှာ အရေပြားနှင့် မျက်လုံးတို့ကို ခရမ်း လွန်ရောင်ခြည်မထိအောင် ကာကွယ်ရန် ထီး၊ ဦးထုပ်တို့ ဆောင်းခြင်း၊ သနပ်ခါး နေရောင်ခံလိမ်းဆေးတို့ လိမ်းခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း နည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။
လက်ရှိအချိန်ကာလတွင် ဆင်ခြင်တုံတရားဖြင့် သတိပြုကြရမည့် အန္တရာယ်တစ်ခုမှာ ကောလာဟလများနှင့် သတင်းအတုအယောင် များဖြစ်သည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကူးစက်ပြန့်ပွားနေသည့် ကပ်ရောဂါ မိမိတို့နိုင်ငံအတွင်း ဝင်ရောက်မလာရေးအတွက် အမျိုးသားရေးအသွင် ဝိုင်းဝန်းဆောင်ရွက်နေကြသည့် အချိန်တွင် ပြည်သူလူထုအတွင်း ထိတ်လန့်ခြောက်ခြားမှု ဖြစ်ပွားစေရန်၊ သို့လော သို့လော သံသယများ ပွားများစေရန်၊ မတည်မငြိမ်မှုများ ဖြစ်ပေါ် စေရန်စသည့် အကြံဆိုးများဖြင့် ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေကြသည့် ကောလာဟလများကို သတိသမ္ပဇဉ်ဉာဏ်အမြင်ဖြင့် ရှင်းလင်းပယ်ရှား နိုင်ကြရန်ပင် ဖြစ်သည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်တကွ အပူဒဏ်အန္တရာယ် ကာကွယ်ရေး၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကာကွယ်ရေးတို့အတွက် မိမိတို့ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးအသိပညာနှင့် သတိတရား တို့ကသာ ကိုယ့်ကိုယ်ကို အဓိကကာကွယ်နိုင်မည်ဟု သတိမူကာ ရောဂါဘေးအန္တရာယ်တို့မှ ရှောင်ကြဉ်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment