Saturday, March 21, 2020

အစဉ်တောက်ပြောင်နေမည့် မြန်မာ့ရုပ်ရှင်



အယ်ဒီတာ့အာဘော်
===============



ဖျော်ဖြေမှုလည်းပါ အနုပညာလည်းမြောက်သည့် ပညာမှာ ရုပ်ရှင်အတတ် ပညာဖြစ်သည်။ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသည့် ရုပ်ရှင်ဇာတ်ကားကောင်း များ ပေါ်ထွန်းရေးတွင် ပါဝင်စွမ်းဆောင်၊ ပါဝင်ဖန်တီးကြသည့် ရုပ်ရှင် အနုပညာရှင်များနှင့် ရုပ်ရှင်အတတ်ပညာရှင်များ၏ စွမ်းဆောင်မှုများမှာ ထိုရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခွင့်ရှိသည့်ကာလနှင့် ထိုခေတ်ကာလကို ဖြတ်သန်းနေသည့် ရုပ်ရှင်ကြည့်ပရိသတ်များကြားတွင် ရှင်သန်မှု၊ ကျော်ကြားမှု၊ အောင်မြင်မှုနှင့် ချီးကျူးထောမနာပြုမှုတို့ဖြင့် ပြည့်လျှံနေပါသည်။

ရုပ်ရှင်သည် ပြည်သူအတွက် ဖြစ်သည်။ ပြည်သူ့အတွက် မြန်မာ့ရုပ်ရှင် သည် ရှည်လျားသည့် လူ့ဘောင်သမိုင်းကြောင်းတစ်လျှောက်၌ ဖြစ်ပေါ် ပြောင်းလဲနေသောရေစီးကြောင်းတွင် မြင့်တစ်ခါ၊ နိမ့်တစ်လှည့်ဖြင့် ဆက်လက်ရှင်သန်နေပါသည်။ ဖြစ်ပြန်ပျက်ပြန် လောကဓံအရ အောင်မြင်မှု သရဖူဆောင်းခဲ့သော ရုပ်ရှင်ခေတ်နှင့် ရုပ်ရှင်ပရိသတ်များအား ကျော်ဖြတ် သွားချိန်တွင် ရုပ်ရှင်အနုပညာရှင်နှင့် အတတ်ပညာရှင်တို့၏ ဘဝများမှာ လောကသဘာဝအရ ခေတ္တခဏ မှေးမှိန်သွားသော်လည်း ၎င်းတို့၏ ပြောင် မြောက်သော ဖန်တီးမှု၊ စွမ်းဆောင်မှုများကြောင့် ပျောက်ကွယ်သွားခြင်းမရှိဘဲ ဆက်လက်ရပ်တည်လျက်ရှိနေပါသည်။

ယခုအခါ မြန်မာ့ရုပ်ရှင်သည် နှစ် ၁၀၀ ကာလသို့ ဖြတ်သန်းရောက်ရှိလာ ပါသည်။ နှစ် ၁၀၀ ပြည့်ကာလတွင် နိုင်ငံနှင့်ပြည်သူအတွက် ပြောင်မြောက် အောင် ဖန်တီးစွမ်းဆောင်နိုင်ခဲ့သော ရုပ်ရှင်အနုပညာနှင့် ဖန်တီးသူအနုပညာ ရှင်များကို မှတ်တမ်းတင်ရမည်ဖြစ်သည်။ ပြန်လည်ဖော်ထုတ်ဂုဏ်ပြုရမည် ဖြစ်သည်။ မတ်လ ၁၉ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးသို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနားတွင် တစ်ခေတ်တစ်ခါက ထင်ပေါ် ကျော်ကြားလူကြိုက်များသော ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ခုနစ်ဆုရှင် ဦးညွန့်ဝင်း၏ မြန်မာ့ရုပ်ရှင်လောကအတွက် မှတ်မှတ်သားသား ဤစကားကို ကြားသိလိုက်ရပါသည်။

သရုပ်ဆောင်တစ်ဦးဆိုသည်မှာ သြကာသလောကကြီး စကြဝဠာတစ်ခု လုံးကို အနုပညာရှင်တို့၏ လက်ဖဝါးထဲတွင် ဖန်ဆင်းထားနိုင်ရမည် ဖြစ်ကြောင်း၊ သရုပ်ဆောင်ကောင်းတစ်ယောက်သည် မိမိပြောရမည့်စကား၊ မိမိစိတ်ဆန္ဒ၊ မိမိပရိသတ်ဟူသည့် အဆင့်သုံးဆင့်ကို ပိုင်ဆိုင်ရမည် ဖြစ်ကြောင်း၊ အနုပညာရှင်ဆိုသည်မှာ ပရိသတ်၏ ဝန်ထမ်းများ၊ အစေခံ များဖြစ်ကြောင်း၊ Actor တစ်ယောက်ကို ပြောင်နေအောင် တိုက်ချွတ်လိုက်ပါ၊ ပြောင်လာသည်နှင့် နောက် Actor တစ်ယောက်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သက်ကြီးစကား သက်ငယ်ကြား မှတ်သားလိုက်နာရမည်ဆိုသကဲ့သို့ အတွေ့အကြုံ၊ ဝါ၊ ပညာမြင့်မားတောက်ပြောင် မှတ်ကျောက်တင်ခံခဲ့ရသည့် ဝါရင့်သရုပ်ဆောင်ကြီး၏ မှာကြားချက်များမှာ မျိုးဆက်သစ်ရုပ်ရှင်သရုပ်ဆောင် များအတွက် မှတ်သားလိုက်နာစရာများဖြစ်သည်။ လူ့ဘောင်လောက ဖြစ်ထွန်း နေသရွေ့ ရုပ်ရှင်သည် လှုပ်ရှားရှင်သန်နေဦးမည် ဖြစ်သည်။ မြန်မာ့ရုပ်ရှင် ငွေရတု၊ ရွှေရတု၊ စိန်ရတုမှသည် နှစ်ပေါင်း ၁၀၀ မက ထောင်ချီပြီး ကမ္ဘာတည်သရွေ့ရှိနေဦးမည် ဖြစ်သည်။ အဓိကမှာ ရုပ်ရှင်သည် ပြည်သူ့ အတွက် ဖြစ်သည်ဆိုသည့်အတိုင်း ရုပ်ရှင်ချစ်ပရိသတ်များအား မည်မျှအကျိုးပြု အောင် စွမ်းဆောင်ဖန်တီးနိုင်စွမ်းရှိ၊ မရှိ အပေါ်မူတည်သည်။

ခေတ်ရေစီးကြောင်းပြောင်းလဲသွား၍ ရုပ်ရှင်ရုံကြည့်ပရိသတ်များ နည်းပါးသွားသည်ဆိုသော်လည်း ရုပ်ရှင်ရုံတွင်ကြည့်ရှုခံစားရသည့် အကျိုး ရလဒ်နှင့် မိမိအိမ်ရှိ တီဗွီဖန်သားပေါ်တွင် ကြည့်ရှုခံစားရသည့်အရသာမှာ ကွာခြားသဖြင့် မြန်မာ့ရုပ်ရှင်နှင့်ရုပ်ရှင်ရုံများမှာ ယခင်ကဲ့သို့ ကြိတ်ကြိတ် မတိုးသော်လည်း အတိုင်းအတာတစ်ခုဖြင့် ရှင်သန်နေဆဲဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၊ ဥစ္စာဓနကြွယ်ဝမှုနှင့် နည်းပညာဖြစ်ထွန်းမှု တိုးတက်လာ သောအခါတွင် မြန်မာ့ရုပ်ရှင်လောကသည်လည်း ပြန်လည်မြင့်မား အောင်မြင်မော်ကြွားနိုင်မည်ဖြစ်ရာ ရုပ်ရှင်ဖန်တီးသူ၊ စွမ်းဆောင်သူတို့၏ အရည်အချင်းများ ခေတ်နှင့်အညီ ပိုမိုတောက်ပြောင်လင်းလက်လာအောင် အစဉ်အမြဲ ကြိုးပမ်းအားထုတ်နေရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ ရုပ်ရှင်သည် ပြည်သူ့အတွက်ဖြစ်သည်ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာဖြင့်သာ တစ်သက်တာ အသက်မွေးဝမ်းကျောင်းပြုသူ အနုပညာရှင်များက မြန်မာ့ရုပ်ရှင်မြင့်မားတိုးတက်လာရေး၊ ရုပ်ရှင်အနုပညာ ဖန်တီးနိုင်မှုစွမ်းအားများ တောက်ပြောင်လာရေးအတွက် စိတ်ပျက်အားငယ် ခြင်းမရှိဘဲ မလျှော့သောဇွဲ၊ မစွန့်လွှတ်သောဝါသနာ ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။


No comments:

Post a Comment