Saturday, March 21, 2020

ရှေ့နေနှင့်သင်တန်း





ဦးဟန်ညွန့်(ဥပဒေ)


နိဒါန်း
"ဆရာ"
"ဗျာ"
"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ"
"ရှေ့နေနှင့် သင်တန်း" ပါတဲ့။
"ဘာကိုဆိုလိုပါသလဲဆရာ"
"ဖတ်ကြည့်ကြစို့"
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏မိန့်ကြားချက်
အဂတိလိုက်စားမှုဟာ မျက်မှောက်‌ခေတ်ကာလမှာ နိုင်ငံများကို အများဆုံးပျက်စီးယိုယွင်းစေတဲ့ ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ ပြည်သူလူထု၏အရင်းအမြစ်များကို လေလွင့်ဆုံးရှုံးစေခြင်း၊ စီးပွားရေးနှင့် လူမှုရေးမမျှတမှု များကို ကျယ်ပြန့်စေခြင်း၊ လူထုအတွင်း မကျေနပ်မှုများ နှင့် နိုင်ငံရေးအစွန်းရောက်မှုများ ပေါက်ပွားစေခြင်း၊ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုဟာ ပြည်သူလူထုအတွင်း မညီမျှမှုနှင့် ဆင်းရဲနွမ်းပါးမှုကို သက်ဆိုးရှည်စေပါတယ်၊ လူထုရဲ့ ကိုယ်စိတ်ချမ်းသာမှုနှင့် ဝင်ငွေခွဲဝေမှုအပေါ် ထိခိုက်စေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် ညီတူညီမျှ ပါဝင်နိုင်မှု အခွင့်အရေးကို လည်း လျော့နည်းကျဆင်းစေပါတယ်။
(၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်း)

မြန်မာနိုင်ငံ
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ သည်။ ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်း တာဝန်ပေး အပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ် ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

အမျိုးသားရေးတာဝန်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ဖို့ဖြစ်သည်။ သန့်ရှင်း သောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းရေး၊ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးတွင် ဂုဏ် သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာရေး၊
နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုမရှိရေး၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေး ဦးတည်ဆောင်ရွက်ရန်ဖြစ်သည်။ ၂၀၁၈ ခုနှစ် တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထ အကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးလည်းဖြစ်သည်။

ဥပဒေမူဘောင်
ယခုအခါ ဥပဒေမူဘောင် ပိုမိုခိုင်မာတောင့်တင်းလာ သည်။ ကော်မရှင်အနေနှင့် လွတ်လပ်စွာ ကျယ်ကျယ် ပြန့်ပြန့်လုပ်ကိုင်ခွင့်ရရှိသည်။ တံစိုးလက်ဆောင်ယူခြင်း၊ ပေးခြင်းတို့သာမက နိုင်ငံတော်၏ ငွေကြေးပစ္စည်းနှင့် ပိုင်ဆိုင်မှု ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းကို လျော့ကျ စေဖို့ အားထုတ်နိုင်ပြီး ကြိုးပမ်းဆောင်ရွက်နိုင်ပြီဖြစ် သည်။

အသိပညာပေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို-
(၁) အသိပညာပေးခြင်း
(၂) တားဆီးကာကွယ်ခြင်း
(၃) စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်း ဟူ၍ လုပ်ငန်းစဉ်(၃)ရပ် ချမှတ်ဆောင်ရွက်နေသည်။ ယနေ့ ဆောင်းပါးတွင် အဓိကကျသော အသိပညာပေးခြင်း ခေါင်းစဉ်အောက်မှ သင်တန်းများပို့ချခြင်းကို အလေးပေး တင်ပြအပ်ပါသည်။

သင်တန်း
သင်တန်းဟူသည် သင်ကြားပေးသောအတန်းဟု တိုက်ရိုက်အဓိပ္ပာယ်ရှိမည်၊ မသိတာကို သိအောင်၊ သိပြီး သားကို ထပ်မံသိအောင် သင်ကြားပေးခြင်းမျိုးဖြစ်သည်။ သင်ကြားသူနှင့် သင်ယူသူ အပြန်အလှန် လက်ဆွဲ နှုတ်ဆက်ခြင်းလည်းဖြစ်သည်။ အသိပညာဗဟုသုတ ဖလှယ်ခြင်းလည်းဖြစ်သည်။ သင်တန်း၏ အဓိက ဦးတည်ချက်မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြစ်သည်။ ဤအချက်ကို ထပ်တလဲလဲ ရေးနေ၊ ပြောနေ၊ ဆွေးနွေးနေကြရပေသည်။

ဖြောင့်မတ်တည်ကြည်မှုမြင့်မားရေး
ဖြောင့်မတ်တည်ကြည်မှုရှိအောင်၊ လူထုအတွင်း စူးဝင် အောင် ကြံဆောင်ကြိုးပမ်းနေကြပါသည်။ နည်းမျိုးစုံဖြင့် အကျင့်စာရိတ္တကောင်းမွန်ရေး တွန်းအားပေးနေကြပါ သည်။ မြန်မာတို့၏ မူလအခြေခံစိတ်ဓာတ်မှာ ဖြူစင်ပြီး သား၊ ဖြောင့်မတ်ပြီးသား၊ တည်ကြည်မှုရှိပြီးသား မဟုတ် ပါလား။ လူငယ်ကျောင်းသားများအတွင်း အခြေခံကျကျ စနစ်တကျ ပျိုးထောင်သင်ကြားပေးနေပါသည်။ လူငယ် တွေက လူကြီးတွေထက် ပို၍ထက်မြက်၊ ပို၍ကြံဆ၊ ပို၍ အလုပ်လုပ်ပြနေပါသည်။ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာ ဖြင့် လူအများ သာယာဝပြောဖို့ ဖြောင့်မတ်တည်ကြည်မှု သည် မရှိမဖြစ် လိုအပ်နေပေသည်။ ဤအချက်ကို အမိအရ ဆုပ်ကိုင်နိုင်အောင် ကော်မရှင်က ဖွင့်လှစ်သောသင်တန်း များတွင် သတိထားဆောင်ရွက်ကြပါသည်။

သင်တန်းဆွေးနွေးပွဲအချို့
သင်တန်းဆွေးနွေးပွဲအချို့မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-
(၁) ဝန်ကြီးဌာနများမှဖွင့်လှစ်သည့် သင်တန်းများတွင် ဆွေးနွေးပို့ချမှု
ဥပမာ-(က) ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၃/၂၀၁၈)
(စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်
ရေးဝန်ကြီးဌာန)
(ခ) တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် စီမံကိန်းဦးစီးရုံးများမှ အရာထမ်းလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၁၈-၂၀၁၉) (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)
(ဂ) အဂတိလိုက်စားမှုတားဆီးကာကွယ် ရေး နည်းပညာဆိုင်ရာ ဆင့်ပွားသင် တန်း အမှတ်စဉ် (၁/၂၀၁၉)
(ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန)
(၂) ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းကျောင်းနှင့် အဖွဲ့အစည်းများတွင် ဆွေးနွေးပို့ချမှု
ဥပမာ-(က) ခရိုင်အုပ်ချုပ်ရေးမှူး/ညွှန်ကြားရေး မှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၉) (အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှု သင်တန်းကျောင်း၊မင်္ဂလာဒုံ)
(ခ) အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၅) [ဗဟို ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)]
(ဂ) အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ ဝန်ထမ်း စီမံခန့်ခွဲမှုအဆင့်မြင့် ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) [ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက် မြန်မာပြည်)] ပညာပေးအစီအစဉ် များ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) လုပ်ငန်းဧရိယာ(၁)၊ လုပ်ငန်းစဉ်(၂)ဖြစ် သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေး၊ အသိပညာပေးရေးအစီအစဉ်များ
တစ်နိုင်ငံလုံးပျံ့နှံ့၍ တိုးမြှင့်ဆောင်ရွက်ခဲ့ကြပါသည်။ အထူးသဖြင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးစာအုပ်များ ပြုစုထုတ်ဝေနိုင်ခဲ့သည်ကို သမိုင်းမှတ်တမ်းတင်ပါရစေ။
ကော်မရှင်အနေနှင့် ထင်ထင်ရှားရှား ကိုးကားရည်ညွှန်း ရမည့် စာအုပ်စာတမ်း အထူးရှားပါးသည်။ ဤအချက်ကို ဥက္ကဋ္ဌကြီး ဦးအောင်ကြည်က သတိထားမိ၍ မှတ်မှတ် သားသား စာအုပ်များ ထုတ်ဝေနိုင်ရန် စီမံဆောင်ရွက်ခဲ့ သည်ကို မော်ကွန်းတင်ပါသည်။ ထို့အပြင် ရေရှည် ကိုးကားရည်ညွှန်းရမည့် စာအုပ်စာတမ်းများ စုဆောင်းပြီး အများလေ့လာဖတ်ရှုနိုင်သော စာကြည့်တိုက်ကြီးကိုလည်း ပေါ်ထွန်းလာအောင် ကြိုးပမ်းရဦးမည်။ နောင်ဆက်ခံမည့် အဖွဲ့ဝင်များအတွက် အားတက်ဖွယ်၊ နည်းယူဖွယ်၊ ရည်ညွှန်းကိုးကားဖွယ် တာဝန်များ၊ ကျင့်စဉ်များ လက်ဆင့်ကမ်းချင်သေးသည်။

လူငယ်စခန်းများ
အောက်ပါလူငယ်စခန်းများကို ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ခဲ့သည်-
(၁) ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း(၁/၂၀၁၉) နေပြည်တော်။
(၂) ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း(၂/၂၀၁၉) မန္တလေး။
ဤသင်တန်းများတွင် လူငယ်တွေ၏အင်အားကို မြင်ရသည်။ အဂတိတိုက်ဖျက်ရေးကို သူတို့ တက်ကြွစွာ ပါဝင်ကြသည်။ လူကြီးတွေထက် တက်ကြွနေသည်။ ထို့ကြောင့်လည်း လူငယ်တွေကို နေရာပေးခဲ့သည်။ သတင်းစာထဲတွင် သတင်းဓာတ်ပုံထည့်လျှင် လူငယ်တွေ ၏ လှုပ်ရှားမှု၊ တက်ကြွမှု သတင်းဓာတ်ပုံတွေကိုသာ ထည့်ပါ။ “ဥက္ကဋ္ဌကြီးဓာတ်ပုံ မထည့်စေလိုပါ” ဟု ဥက္ကဋ္ဌ က ပြန်ကြားရေးအဖွဲ့ကို သတိပေးသည်။ ဤမျှ လူငယ် ကဏ္ဍကို အလေးဂရုပြုသည်။

ဝန်ထမ်းအင်အားတိုးချဲ့ခြင်း
တိုးချဲ့ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအရ ဌာနများတွင် ၃၁-၁၂-၂၀၁၉ ရက်နေ့ထိ အရာထမ်း ၁၀၃ ဦး၊ အမှုထမ်း ၁၆၁ ဦး၊ နေ့စားဝန်ထမ်း ၆၇ ဦး စုစုပေါင်းဝန်ထမ်း ၃၃၁ ဦးတို့အား ခန့်အပ်ထားပြီးဖြစ်ပါသည်။ ကော်မရှင်ရုံး၏ ဖွဲ့စည်းပုံအရ လိုအပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိ အဆင့် ဝင်ပေါက် ဦးစီးအရာရှိ ရာထူး ၁၅ နေရာ၊ အမှုထမ်း ရာထူး ၁၅၉ နေရာ စုစုပေါင်း ရာထူးနေရာ ၁၇၄ နေရာ ဖြည့်စွက်ခန့်ထားနိုင်ခဲ့ပါသည်။

အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၀)
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ ကျင်းပနိုင်ခဲ့ပြီ။ သင်တန်းဆင်းပွဲ အခမ်း အနားတွင် ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။ ကော်မရှင် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက်ခဲ့သည်။
ဒုတိယစုံစမ်းရေးမှူး ၂၅ ဦး၊ လက်ထောက် စုံစမ်းရေးမှူး ၃၀ ဦးနှင့် ဒုတိယလက်ထောက်ဦးစီးမှူး ၈၀ ဦး တက် ရောက်ခဲ့ကြသည်။ သင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ အခြားဆက်စပ် ဥပဒေ များ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရေးနှင့် တားဆီးကာကွယ်ရေးဘာသာရပ်များ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကျင့်ဝတ်၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများ၊ အဂတိလိုက်စားမှုဆိုင်ရာ တိုင်းတာခြင်းစသည့် ဘာသာရပ်များအား ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာ ရှင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကော်မရှင်ရုံး တို့မှ သင်တန်းနည်းပြများက ပို့ချခဲ့ပါသည်။ ပဏာမ မိတ်ဆက်သင်တန်းမျှသာ ဖြစ်သည်။

သင်တန်း၏အဓိကအနှစ်သာရ
ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှု ဟူသော သံမှိုစွဲသကဲ့သို့ မြဲမြံစွာစောင့်ထိန်းရမည့် ကျင့်ဝတ် ( Code of Conduct ) မှာ သင်တန်း၏အဓိက အနှစ်သာရ ဖြစ်သည်။
ကျင့်ဝတ်ဟူသည် သင်တန်း၏အလင်းရောင်ဖြစ်ပါ ကြောင်း . . . ။

နိဂုံး
(၁) သင်တန်းမို့ ပင်ပန်းပါသည်။
(၂) ပင်ပန်းမှလည်း ရွှင်လန်းမည် မဟုတ်ပါလား။ ။

No comments:

Post a Comment