Thursday, March 19, 2020

အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ



ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ထိုင်နေသည်၊ စားပွဲ နှင့် အခန်းတွင်း၊ 'နပြည်တော်' ပြောသည့်စာသား
နေပြည်တော် မတ် ၁၈



အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution)အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲတင်ပြလာသည့် အမျိုးသားအဆင့် ရေထု ညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်(National Contingency Plan for Marine Pollution)ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ အတည်ပြုချက်ရယူနိုင်ရေး တင်ပြလာသည့်အတွက် ယနေ့ အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution)ကို ရေထုညစ်ညမ်းမှု များအား ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပြီး ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်အတွက် အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ/လူပုဂ္ဂိုလ်များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒ၊ စနစ် နှင့် လမ်းညွှန်ချက်များဆိုင်ရာ အမျိုးသားအဆင့် မူဘောင်ချမှတ်နိုင်ရန် ရည်ရွယ် ရေးဆွဲထားရှိကြောင်း အဆိုပါစီမံချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါ ကြောင်း။
ကိုက်ညီမှုရှိသည်ကို တွေ့ရှိရ
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ် ချက်တစ်ခုဖြစ်သည့် “သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန်” ဆိုသည့် အချက်နှင့် လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် “သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ပညာပေးလုပ်ငန်းများ၊ သင်တန်းများနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း”ဆိုသည့် အချက် များနှင့်လည်း ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း။
စီမံချက်၏ အဓိကအချက်ဖြစ်သည့် “ရေထုညစ်ညမ်းမှု” ဆိုသည့် စကား ရပ်နှင့်ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ပတ်ဝန်းကျင်ကို အကျိုးရှိစွာ အသုံးပြုခြင်းအား ထိခိုက်စေရန်သော်လည်းကောင်း၊ အများပြည်သူ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျိုးဖြစ်ထွန်းရေးကို ထိခိုက် စေရန်သော်လည်းကောင်း၊ တိရစ္ဆာန်နှင့်အပင်များကို ထိခိုက်စေရန်သော် လည်းကောင်း၊ ရေယာဉ်များ၊ ကမ်းလွန်တူးဖော်ရေးလုပ်ငန်းများ၊ ရေနံပိုက်လိုင်း များ အစရှိသည်တို့မှ ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီနှင့် ဓာတု ကုန်စည်စသည့် အန္တရာယ်ရှိ အဆိပ်အတောက်ဖြစ်စေသည့် ကုန်စည်များ ရေထုအတွင်းသို့ မတော်တဆယိုဖိတ်မှုကြောင့် ဖြစ်ပွားသော ညစ်ညမ်းမှု” ဟု ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါကြောင်း။
ထည့်သွင်းပြဋ္ဌာန်းရေးဆွဲထား
၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုသည်ကို သဘာဝအလျောက်ဖြစ်စေ၊ လူတို့ ၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့် ဖြစ်ပွား သော ဓာတုပစ္စည်းကြောင့်ဖြစ်စေ၊ ရေနံယိုဖိတ်ခြင်းကြောင့်ဖြစ်စေ ဖြစ်ပွား သောသဘာဝဘေးအန္တရာယ်ဖြစ်သည်ဟု ထည့်သွင်းပြဋ္ဌာန်းရေးဆွဲထားပြီး ဖြစ်ပါကြောင်း။
သတိချပ်ရမည်
ယခုအချိန်အထိ ရေနံတင်သင်္ဘောများသာ ဝင်ရောက်လာခြင်းရှိသော်လည်း တိုင်းပြည်တိုးတက်လာသည်နှင့်အမျှ ဓာတုပစ္စည်းအစရှိသော ကုန်စည်များ တင်ဆောင်သည့် နိုင်ငံတကာသင်္ဘောကြီးများ ဆက်လက်ဝင်ရောက်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေထုညစ်ညမ်းမှုဆိုသည်မှာ ဆီယိုဖိတ်မှုအန္တရာယ် တစ်ခုတည်းသာမကဆိုသည်ကို သတိချပ်ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၏ ပထမဆုံး ရည်ရွယ်ချက်အဖြစ် “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်”ဟူ၍ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၆၄။ (ဃ)အရ- “ရင်းနှီး မြှုပ်နှံသူသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုအား လျှော့ချစေခြင်းနှင့် ရှောင်ကြဉ်ခြင်းအားဖြင့် တာဝန်ယူမှု ရှိသော၊ ရေရှည်ခိုင်မာသော အပြုအမူဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ဆောင်ရွက်ရန်ဟူ၍ ဖော်ပြပါရှိပြီး ဖြစ်ပါကြောင်း။
အစီအမံများကို လုပ်ဆောင်ရမည်
ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် မိမိဆောင်ရွက်သော လုပ်ငန်းမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သဘာဝနှင့်လူမှုပတ်ဝန်းကျင် ကို သက်ရောက်မှုရှိလာနိုင်သည့် ဆိုးကျိုးများကို ကြိုတင်ကာကွယ်ခြင်း၊ လျှော့ချ ခြင်းစသည့် အစီအမံများကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မည်သူမဆို မြန်မာနိုင်ငံအတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဆောင်ရွက်လျှင် Responsible Business ဖြစ်အောင် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း။
စီမံခန့်ခွဲဆောင်ရွက်လျက်ရှိ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို မိမိတို့ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ မေလတွင် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် နိုင်ငံတော်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်စေ၊ လူတို့ကြောင့် ဖြစ်ပေါ်လာရသည့် လူလုပ်ကပ်ဘေးအန္တရာယ်များကြောင့်ဖြစ်စေ အချိန်မရွေး ကျရောက်လာနိုင် သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်ရေး အစီအမံများ စနစ်တကျပြင်ဆင်ထားရှိနိုင်ရေးအတွက်သာမက သဘာဝ ဘေးအန္တရာယ်ကျရောက်လာသည့် အခြေအနေတွင်လည်း ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို လျင်မြန်သွက်လက်စွာနှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက်ပါ ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းပြီး သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း။
ထည့်သွင်းဖော်ပြထား
ယခု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြလာသည့် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution)မှာ အဓိကအားဖြင့် တုံ့ပြန် ဆောင်ရွက်ရန် အဆင့်(၃)ဆင့် ခွဲခြားသတ်မှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆင့်(၁)မှာ ဖြစ်ပွားရာနေရာအလိုက် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခြင်းနှင့် အဆင့်(၂)မှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပူးပေါင်း တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး အဆင့်(၃)တွင် နိုင်ငံအဆင့် သဘာဝဘေးအန္တရာယ်အသွင် ကျရောက်လာချိန်၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ချိတ်ဆက်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စီမံချက်ထဲတွင် ထည့်သွင်းဖော်ပြထားပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်းတွင်ရှိသည့် အင်အားနှင့် မလုံလောက်၍ ပြည်ပအကူအညီ လိုအပ် လာမည့် အခြေအနေများအတွက်လည်း ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရှိ ရပါကြောင်း။
ယင်းစီမံချက်သည် နိုင်ငံအဆင့်/ အမျိုးသားအဆင့်ဖြစ်လာမှ တုံ့ပြန် ဆောင်ရွက်မှုမဟုတ်ဘဲ ကနဦးအဆင့် အသီးသီးတွင်လည်း တုံ့ပြန်ဆောင်ရွက် ရေးအစီအမံများ ကြိုတင်ပြင်ဆင်ရေးဆွဲထားရှိပြီး စီမံချက်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းများ၊ ကမ်းလွန်တူးဖော်ရေးစင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း စီမံချက်ကို ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ဝိုင်းဝန်းဆွေးနွေး
အဆိုပါစီမံချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ရမည့် နည်းလမ်းများရှိပါက တက်ရောက်လာကြသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ အကြံပေးအဖွဲ့မှ ပညာရှင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်ရေးဆွဲခြင်း၊ စီမံချက်ပြီးစီးမှုနှင့် ဥပဒေကြောင်းအရ ခိုင်မာမှုရှိစေရေး ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသောင်းကြိုင်က အမျိုးသားအဆင့်ရေထုညစ်ညမ်းမှု တုံ့ပြန် ဆောင်ရွက်ရေးစီမံချက် ရေးဆွဲရခြင်းအကြောင်းရင်း၊ စီမံချက်နှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဝင် ပညာရှင် များက ရေထုညစ်ညမ်းမှုများကို စောင့်ကြည့်ရန်နှင့် လိုအပ်သည့် နည်းပညာ ကိရိယာများ တပ်ဆင်ပေးရန်၊ နိုင်ငံတကာတွင်ဖြစ်ပွားခဲ့သည့် ရေနံယိုဖိတ်မှု၊ ရေနံတွင်းပေါက်ကွဲမှုကြောင့် ရေထုညစ်ညမ်းမှုဖြစ်စဉ်များ၊ ပျက်စီးဆုံးရှုံး ထိခိုက် နစ်နာမှုနှင့် ပြန်လည်ကုစားပေးရသည့် အခြေအနေများနှင့် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်တွင် ဖြည့်စွက်သင့်သည့် အချက်များကို ဆွေးနွေးတင်ပြကြသည်။
သုံးသပ်ဆွေးနွေး
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင်၊ ဒေါက်တာ ဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ရေထုညစ်ညမ်းမှုနှင့် ပင်လယ် ပြင်အတွင်း ရေနံနှင့်ဓာတုပစ္စည်းများ ယိုဖိတ်မှုအား ကြိုတင်ပြင်ဆင်ကာကွယ် ရေး၊ ရေထုညစ်ညမ်းမှုတုံ့ပြန်ဆောင်ရွက်ရာတွင် ပြည်ပအကူအညီ လိုအပ် လာပါက မြန်ဆန်စွာအကူအညီရရှိနိုင်ရေး၊ ရေနံနှင့်ဓာတုပစ္စည်းများ ယိုဖိတ်မှု ကြောင့် ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းကို စနစ်တကျစွန့်ပစ်ရေးနှင့် အမျိုးသား အဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်တွင် ပြင်ဆင်ဖြည့်စွက် သင့်သည့် အချက်များကို သုံးသပ်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြ အကြံပြုချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ နိုင်ငံတကာတွင် ဖြစ်ပေါ် ခဲ့သည့် ရေထုညစ်ညမ်းမှု ဖြစ်စဉ်များအပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့မှုအခြေအနေ များ၊ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး ယခုအစည်း အဝေးတွင် ဆွေးနွေးတင်ပြခဲ့ကြသည့် ပြင်ဆင်ဖြည့်စွက်ချက်များအပေါ် ထပ်မံညှိနှိုင်းသုံးသပ်ကာ စီမံချက်ကို အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ သတင်းစဉ်

No comments:

Post a Comment