Monday, March 30, 2020

ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ တိုးမြှင့်ထုတ်လုပ်



ရန်ကုန် မတ် ၂၉

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင် က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့် ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင်ကထက် ပိုမိုတိုးမြှင့်ထုတ်လုပ်လျက်ရှိ ကြောင်း အဆိုပါ ဆေးဝါးစက်ရုံ(အင်းစိန်)မှ သိရသည်။

ပုံမှန်ထက် နှစ်ဆပိုထုတ်

“အခုက ပုံမှန်ထက်ကို နှစ်ဆလောက် ပိုထုတ်နေပါတယ်။ အင်းစိန် ဘီပီအိုင်ဆေးဝါး စက်ရုံရှေ့မှာရှိတဲ့ ဆေးအရောင်းဆိုင်ကနေ အရက်ပြန်ကို လိုသလောက်ရောင်းပေးနေပါ တယ်။ လက်သန့်ဆေးရည်ကတော့ တစ်ဦး တစ်ယောက်တည်းက အများကြီးဝယ်နေတာ ရှိတော့ လူတစ်ဦးကို တစ်ဘူးနှုန်းနဲ့ ရောင်းပေး နေပါတယ်။ စက်ရုံရောင်းဈေးအတိုင်း ရောင်းချ ပေးနေပါတယ်။ ဈေးတက်ရောင်းတာမရှိပါဘူး။ အရက်ပြန် ကတော့ တော်တော်လေးရောင်းပေး ရပါတယ်”ဟု ဆေးဝါးစက်ရုံ(အင်းစိန်)ဘီပီအိုင် စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က ပြောသည်။
ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်မှ ထုတ်လုပ်လျက်ရှိသော အရက်ပြန်နှင့် လက်သန့် ဆေးရည်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း GMP guide line အတိုင်း ထုတ်လုပ်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေး လျက်ရှိကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်)ဘီပီအိုင် စက်ရုံမှူးထံမှ သိရသည်။

စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က "ဘီပီအိုင်ဆေးဝါးစက်ရုံအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမှာစာအတိုင်း ဆေးဝါး တွေကို ထုတ်လုပ်ပေးနေပါတယ်။ ပဋိဇီဝဆေးတွေကိုလည်း တောက်လျှောက်ထုတ်ပေးနေပါတယ်။ နိုင်ငံတော်ရဲ့လိုအပ်ချက်ဖြစ်လာ တဲ့အချိန်မှာ ကျွန်မတို့ ဘီပီအိုင်ဆေးဝါးစက်ရုံဝန်ထမ်းတွေအနေနဲ့ နေ့၊ ည အဆိုင်းတွေတိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိလည်း မူလထုတ်လုပ်မှုထက်ပိုပြီး ဆေးဝါးတွေကို ထုတ်လုပ် လျက်ရှိပါတယ်။ ဆေးဝါးလိုအပ်ချက်ကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို 50 mL ၊ 500 mL ၊ 4 Liters ဘူးများဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန်ဆေးဘူးများကို 100 mL ၊ 500 mL ဘူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် အရက်ပြန်နှင့် လက်သန့်ဆေးရည်များ ဈေးကွက် အတွင်း ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-နေလင်း

No comments:

Post a Comment