Monday, March 30, 2020

လူမှုစီးပွား ထိခိုက်မှုနည်းပါးရေးကြိုးပမ်း

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့ကျစေရေး တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်လျက်ရှိသည်။  ကပ်ဘေးရောဂါသည်  အချိန်ကာလ  အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်ပြီး တစ်နေ့တွင် ရောဂါအဆုံးသတ်ရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် အဆိုပါရောဂါနှင့်ဆက်စပ်၍ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ထိခိုက်မည့် အရေးကို တွေးတောပြင်ဆင်နေရဦးမည် ဖြစ်သည်။
ရောဂါအများဆုံးဖြစ်ပွားသေဆုံးနေသည့် ကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝ သော နိုင်ငံများအနေဖြင့်  ရောဂါကြောင့်ပြည်သူများ ထိခိုက်ခံစားရမှုကို ဖြည့်ဆည်းကုစားပေးနိုင်ရေး၊  စီးပွားရေးထိခိုက်မှုကို ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဖိဖိစီးစီးဆောင်ရွက်နိုင်သော်လည်း ဥစ္စာဓန မကြွယ်ဝသည့်  နိုင်ငံငယ်များမှာမူ  ရောဂါဖြစ်ပွားမှု   မများသည့်တိုင် လူမှုစီးပွားရိုက်ခတ်မှု၊ ထိခိုက်မှုဒဏ်ကို ပြင်းထန်စွာခံစားရနိုင်သည်။
ယနေ့ကာလ   မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ  ရှစ်ဦးသာရှိသည် ဆိုသော်လည်း  ရောဂါဖြစ်ပွားသေဆုံးမှု  မဖြစ်ပေါ်ရေး၊ မတိုးပွားရေးအတွက် လူထုလှုပ်ရှားမှု  အမျိုးသားရေးအသွင်ဖြင့်  တက်တက်ကြွကြွ  ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိရာ လူတစ်ဦးမှအစ ရောဂါကူးစက်သူ များမလာစေရန် ကြိုတင်ကာကွယ်ရေး၊  လူစုလူဝေးမဖြစ်ရေး   လိုက်နာရမည့်အချက်များ၊ ကန့်သတ်ရမည့်ကိစ္စများကို မဖြစ်မနေလုပ်ဆောင်နေသည်။ 
လူစုလူဝေးမဖြစ်ရန်၊ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိတွေ့ခြင်းမရှိရန် ကန့်သတ်မှုများပြုလုပ်ခြင်းသည် တစ်မျိုးသားလုံးအရေးဖြစ်၍   မိမိတို့တစ်ဦး ချင်း    ထိခိုက်နစ်နာမှုများရှိနေသော်လည်း အသိတရားဖြင့် ပူးပေါင်းပါဝင်ကြ ရမည်ဖြစ်သည်။
ဖြစ်ပေါ်လာနိုင်သော လူမှုစီးပွားဘဝ ထိခိုက်မှုများကို နိုင်ငံတော်အစိုးရ အနေဖြင့်   အမျိုးမျိုးအဖုံဖုံ   နည်းလမ်းရှာဖွေစီစဉ်ဆောင်ရွက်ပေးနေပြီး အခြေခံလူတန်းစားပြည်သူများ အလုပ်အကိုင်ထိခိုက်မှုလျော့နည်းစေရေးနှင့်  လုပ်ငန်းငယ်လုပ်ကိုင်သူများ   ထိခိုက်နစ်နာမှုကို   ကုစားနိုင်ရန် ချေးငွေ ထုတ်ပေးရေးအစီအစဉ်များကို   ဆောင်ရွက်နေသည်။   COVID -19  ရောဂါ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး ဆုံးဖြတ်ချက်အရ လတ်တလော စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP  လုပ်ငန်းများ၊  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစား ရမည့်ကဏ္ဍများအဖြစ် သတ်မှတ်ထားသည်။
အဆိုပါဦးစားပေးလုပ်ငန်းများအား ကျပ်ဘီလီယံ ၁၀၀ ကနဦးမတည်၍ COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန်ဆုံးဖြတ်ခဲ့ပြီး ချေးငွေကို ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် အကျုံးဝင်သည့်စီးပွားရေး လုပ်ငန်းများ၌ အတိုးနှုန်း တစ်ရာခိုင်နှုန်း၊  ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ထုတ်ချေးသွားမည်ဖြစ်သည်။   နိုင်ငံတော်အစိုးရက   ထောက်ပံ့ပေးသည့် ချေးငွေများရရှိရေးအတွက်   သက်ဆိုင်ရာဌာနများတွင်   လျှောက်လွှာများ ထုတ်ယူကာ မတ်လ  ၃၀  ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းရုံးများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍအားဦးဆောင်၍ နိုင်ငံတော်အစိုးရနှင့်အတူ ရန်ပုံငွေကျပ်ဘီလီယံ ၁၀၀ ကို လုပ်ငန်းကဏ္ဍအလိုက်  အမှန်တကယ်လိုအပ်ပြီး  ရသင့်ရထိုက်သောလုပ်ငန်းများ ချေးငွေရရှိနိုင်ရေး၊  သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းများအား ချေးငွေထုတ်ပေးနိုင်ရေး၊ သတ်မှတ်ကာလအတွင်း ချေးငွေပြန်လည်ပေးဆပ်နိုင်ရေး၊ သက်ဆိုင်ရာအဖွဲ့ အစည်းများအလိုက် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ရာ လုပ်ငန်းရှင်များ ကလည်း  မိမိတို့လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေး၊ ပြည်သူများရောင်းဝယ် ဖောက်ကားလုပ်ကိုင်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ COVID-19 ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုများ ရှိလာ မည်ဖြစ်ရာ နိုင်ငံတော်က ပံ့ပိုးပေးသည့် စီးပွားရေးလုပ်ငန်းများအား ထိထိရောက်ရောက်လုပ်ကိုင်ခြင်းဖြင့် ပြည်သူများအခြေပျက်၊ အနေပျက်မဖြစ်ဘဲ ရောဂါကာကွယ်ရေးဆိုင်ရာအချက်များကို လေးစားလိုက်နာရင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာအောင်              ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။      ။

ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ တိုးမြှင့်ထုတ်လုပ်



ရန်ကုန် မတ် ၂၉

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင် က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့် ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင်ကထက် ပိုမိုတိုးမြှင့်ထုတ်လုပ်လျက်ရှိ ကြောင်း အဆိုပါ ဆေးဝါးစက်ရုံ(အင်းစိန်)မှ သိရသည်။

ပုံမှန်ထက် နှစ်ဆပိုထုတ်

“အခုက ပုံမှန်ထက်ကို နှစ်ဆလောက် ပိုထုတ်နေပါတယ်။ အင်းစိန် ဘီပီအိုင်ဆေးဝါး စက်ရုံရှေ့မှာရှိတဲ့ ဆေးအရောင်းဆိုင်ကနေ အရက်ပြန်ကို လိုသလောက်ရောင်းပေးနေပါ တယ်။ လက်သန့်ဆေးရည်ကတော့ တစ်ဦး တစ်ယောက်တည်းက အများကြီးဝယ်နေတာ ရှိတော့ လူတစ်ဦးကို တစ်ဘူးနှုန်းနဲ့ ရောင်းပေး နေပါတယ်။ စက်ရုံရောင်းဈေးအတိုင်း ရောင်းချ ပေးနေပါတယ်။ ဈေးတက်ရောင်းတာမရှိပါဘူး။ အရက်ပြန် ကတော့ တော်တော်လေးရောင်းပေး ရပါတယ်”ဟု ဆေးဝါးစက်ရုံ(အင်းစိန်)ဘီပီအိုင် စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က ပြောသည်။
ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်မှ ထုတ်လုပ်လျက်ရှိသော အရက်ပြန်နှင့် လက်သန့် ဆေးရည်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း GMP guide line အတိုင်း ထုတ်လုပ်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေး လျက်ရှိကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်)ဘီပီအိုင် စက်ရုံမှူးထံမှ သိရသည်။

စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က "ဘီပီအိုင်ဆေးဝါးစက်ရုံအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမှာစာအတိုင်း ဆေးဝါး တွေကို ထုတ်လုပ်ပေးနေပါတယ်။ ပဋိဇီဝဆေးတွေကိုလည်း တောက်လျှောက်ထုတ်ပေးနေပါတယ်။ နိုင်ငံတော်ရဲ့လိုအပ်ချက်ဖြစ်လာ တဲ့အချိန်မှာ ကျွန်မတို့ ဘီပီအိုင်ဆေးဝါးစက်ရုံဝန်ထမ်းတွေအနေနဲ့ နေ့၊ ည အဆိုင်းတွေတိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိလည်း မူလထုတ်လုပ်မှုထက်ပိုပြီး ဆေးဝါးတွေကို ထုတ်လုပ် လျက်ရှိပါတယ်။ ဆေးဝါးလိုအပ်ချက်ကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို 50 mL ၊ 500 mL ၊ 4 Liters ဘူးများဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန်ဆေးဘူးများကို 100 mL ၊ 500 mL ဘူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါ ကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် အရက်ပြန်နှင့် လက်သန့်ဆေးရည်များ ဈေးကွက် အတွင်း ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-နေလင်း

Sunday, March 29, 2020

ခပ်ခွာခွာနေထိုင်ခြင်းသည်သာ အကောင်းဆုံး

အယ်ဒီတာ့အာဘော်
---------------------




၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်ခဲ့သည့် တစ်ကမ္ဘာလုံးကူးစက်ပျံ့နှံ့နေသော COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှစတင်ဖြစ်ပွားခဲ့ သည်။ မတ် ၂၃ ရက်မှ ၂၈ ရက်အထိ ငါးရက်အတွင်း လူ ရှစ်ဦးတွင် ရောဂါတွေ့ရှိခဲ့ရာ ရောဂါဖြစ်ပွားမှု နေ့စဉ်တိုးနေသည်ဟု သတ်မှတ်ရ မည်ဖြစ်သည်။ ထို့ကြောင့် ကူးစက်ခြင်းမခံရဖို့အရေး တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေပေးကြဖို့လိုမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိမှုကို ဆန်းစစ်ကြည့်မည် ဆိုလျှင် မတ် ၂၃ ရက်တွင် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ မတ် ၂၅ ရက်တွင် အင်္ဂလန်မှပြန်လာသူ တစ်ဦး၊ မတ် ၂၇ ရက်တွင် အမေရိကန်မှပြန်လာသူ တစ်ဦးနှင့် သြစတြေးလျနှင့်စင်ကာပူမှ ဆေးကုသ ပြီးပြန်လာသူ တစ်ဦး၊ မတ် ၂၈ ရက်တွင် အင်္ဂလန်နိုင်ငံမှပြန်လာသူတစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံမှ ရောက်ရှိလာသူတစ်ဦးနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် ခြင်းမရှိသော်လည်း နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံတွင် အနီးကပ်အလုပ် လုပ်ခဲ့သူ တစ်ဦး စုစုပေါင်း ရောဂါတွေ့ရှိသူ ရှစ်ဦးရှိနေပြီဖြစ်သည်။

ယင်းကိုကြည့်လျှင် COVID-19 ရောဂါသည် ပြည်ပနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မှတစ်ဆင့် မြန်မာနိုင်ငံသားများကို ဆင့်ပွားကူးစက်ပျံ့နှံ့ခြင်း လတ်တလော စစ်ဆေး နိုင်မှုအရ မတွေ့ရသေးပေ။ ထို့ကြောင့် ပြည်ပမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာ ကြသော နိုင်ငံသားများ၊ နိုင်ငံခြားသားများအား သီးခြားနေထိုင်သည့် Quarantine လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ပါအတိုင်း အတိအကျလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ် သည်။

မြန်မာနိုင်ငံ၏အနေအထားအရ ဤသို့သောအခြေအနေ အနေအထား မျှ ဖြစ်ပွားနေသည်မှာ စိတ်သက်သာရာရဖွယ်ဟုဆိုနိုင်သော်လည်း လူတို့ တွင် အဆိုပါရောဂါ ရှိ၊ မရှိ သေချာတပ်အပ်မသိနိုင်သဖြင့် ရောဂါကြိုတင် ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်လမ်းညွှန်ချက်များကို ပြည်သူအားလုံး လိုက်နာအားထုတ် ဆောင်ရွက်ကြရန်လိုပေမည်။ ရောဂါကူးစက်ခြင်းမှ သက်သာစေရန် လူတို့၏နေ့စဉ် နေထိုင်သွားလာမှုဘဝများတွင် မတတ်သာသဖြင့် ခပ်ခွာခွာနေကြရမည်ကို နားလည်မှုရှိဖို့လိုမည်ဖြစ် သည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် လူအများ နှင့်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချရမည်ဖြစ်သည်။ မတတ်သာ၍ ပြင်ပသို့၊ လုပ်ငန်းခွင်သို့ သွားရသော်လည်း လူစုလူဝေး၊ လူတို့နှင့်အနီးကပ် ထိတွေ့မှုကို ရှောင်ရှားရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ မိမိတို့ နေအိမ်တွင်သာ နေထိုင်သင့်ပါသည်။ အခြားသူများနှင့် ဆက်ဆံရာတွင် သုံးပေအကွာမှသာ ဆက်ဆံပြောဆိုရမည်ဖြစ်ပြီး မကြာခဏဈေးဝယ်ခြင်းကို မပြုလုပ်ဘဲ လိုအပ်မှသာ လိုအပ်သလောက် တစ်ယောက်တည်း ဈေးဝယ်ရန် လိုပါသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ လူအများနှင့်ထိတွေ့ဆက်ဆံနေလျှင် ရောဂါပိုးရှိသူ လူတစ်ဦးကို ရောဂါရှိမှန်းမသိနိုင်ဘဲ ပုံမှန်အတိုင်းသာ ပြောဆိုဆက်ဆံသွားလာနေကာ ငါးရက်အတွင်း လူနှစ်ဦးမှ သုံးဦးအထိ ကူးစက်နိုင်ပြီး ရက် ၃၀ အတွင်း လူ ၄၀၀ ကျော်အထိ ကူးစက်သွားနိုင်သည်။ နေ့စဉ်ဘဝတွင် လူအများနှင့်ထိတွေ့မှုကို ထက်ဝက်ခန့် လျှော့ချနိုင်ပါက ရက် ၃၀ အတွင်း လူ ၁၅ ဦးသာကူးစက်နိုင်ပြီး လူအများနှင့်ထိတွေ့မှုကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါက ရက် ၃၀ အတွင်း လူနှစ်ဦးမှ သုံးဦး အထိသာ ကူးစက်နိုင်ပါသည်။

သို့ဖြစ်ရာ ထိုရောဂါသည် တစ်ဦးမှအစ တစ်ကမ္ဘာလုံး ကူးစက် လာခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှစတင်၍ ပြည်ပမှ ရောက်ရှိလာသည့် ရောဂါဖြစ်သူ ရှစ်ဦးသာရှိသေးရာ မြန်မာနိုင်ငံသားများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းမရှိစေရန် တစ်ဦးနှင့်တစ်ဦး မတတ်သာ၍ ခပ်ခွာခွာနေထိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း။ ။




Saturday, March 28, 2020

တိကျစွာလိုက်နာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးဒုက္ခအခက်အခဲများအား ကျော်လွှား

အယ်ဒီတာ့အာဘော်




တစ်ကမ္ဘာလုံးဖြစ်ပွားနေသော COVID - 19 ရောဂါ၏ နောက်ဆက်တွဲ အကျပ်အတည်းများကို မြန်မာနိုင်ငံလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အစောပိုင်းကတည်းက အမျိုးသားအဆင့်ဖွဲ့စည်းပြီး တက်တက်ကြွကြွ အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိသည်။

လွန်ခဲ့သောရက်က ရောဂါပိုးတွေ့သူ သုံးဦး၊ မတ်လ ၂၇ ရက်နေ့တွင် ရောဂါပိုးတွေ့သူ နှစ်ဦး၊ မတ်လ ၂၈ ရက်နံနက်က ၀၀:၁၅ နာရီ ထုတ်ပြန်ချက်ပါ ရောဂါပိုးတွေ့ရှိသူ သုံးဦး စုစုပေါင်း ရှစ်ဦးရှိပြီဖြစ်သည်။
ရောဂါကင်းဝေးရေးအတွက် အစိုးရကမပြတ်သောသတိဖြင့် အလေး ထားဆောင်ရွက်နေသော်လည်း အဓိကမှာ ပြည်သူသာလျှင်ဖြစ်၍ ရောဂါ ကင်းဝေးရေးအတွက် ထုတ်ပြန်ထားသောအချက်များကို တိကျစွာလိုက်နာ ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးဒုက္ခအခက်အခဲအကျပ်အတည်းများ ကို ကျော်လွှားလွန်မြောက်နိုင်ရန် ပါဝင်ကြရမည်ဖြစ်သည်။ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် အတိုင်းအတာတစ်ခုအထိ အခြေအနေတည်ငြိမ် အောင် ဆောင်ရွက်နေသော်လည်း ရောဂါကြောင့် နောက်ဆက်တွဲပေါ်ပေါက် လာသည့် လူမှုစီးပွားအခက်အခဲများမှာ ကြီးမားသောစိန်ခေါ်မှုအဖြစ် ရှိနေမည် ဖြစ်သည်။

လုပ်ငန်းများ၌ COVID -19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးတို့ဖြင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အင်အား လျှော့ချခြင်းတို့ရှိမည်ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု၊ အလုပ် သမားဆန္ဒပြမှု၊ အလုပ်လက်မဲ့ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့အပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုများ ယာယီရပ်ဆိုင်းခြင်းနှင့် ပြည်ပမှပြန်လည်ဝင်ရောက်လာသော အလုပ်သမားပြဿနာများ၊ ရောဂါ ကာကွယ်ရေးစိန်ခေါ်မှုများမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။

အဆိုပါအလုပ်သမားများသည် မိမိတို့အတွက် ဆုံးရှုံးနစ်နာမှုများ၊ အခက်အခဲများရှိနေသည်မှာမှန်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေသော ရောဂါဘေးအန္တရာယ်ဖြစ်၍ သတ်မှတ်ထားသော ညွှန်ကြား ချက်များနှင့် လိုက်နာဆောင်ရွက်ရန်အချက်များကို ပထမဦးစွာ လေးစား လိုက်နာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါရောဂါနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

အလုပ်သမားများမှာ အလုပ်ဆက်လက်လုပ်ကိုင်လိုပြီး အလုပ်ရှင်များ မှာလည်း လုပ်ငန်း မပျက်ယွင်းလိုကြပေ။ သို့သော် အခြေအနေ အကြောင်း ကြောင်းကြောင့် လုပ်ငန်းရပ်ဆိုင်းနေသည်ကို နားလည်မှုပေးရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အထည်ချုပ်လုပ်ငန်းများအပါအဝင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ အတွက် ငွေကျပ်ဘီလီယံ ၁၀၀ ကို သက်သာသောနှုန်းထားဖြင့် အလုပ် သမားများ၊ အလုပ်ရှင်များအတွက် ထုတ်ပေးရန် ကနဦးမတည်ငွေအဖြစ် ထူထောင်ထားရှိပြီးဖြစ်သည်။ ထို့အပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် သက်သာသောနှုန်းထားများဖြင့် ချေးငွေများထုတ်ချေးပေးနေပြီး ဒေသ အလိုက် စီးပွားရေးလုပ်ငန်းများ တိုးချဲ့တီထွင်ဖန်တီးလုပ်ကိုင်ခြင်းဖြင့် အခက်အခဲများ လျော့ပါးသက်သာ အောင် ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မျက်မှောက်ကာလကြုံတွေ့နေရသော ရောဂါဘေးအန္တရာယ် နှင့် နောက်ဆက်တွဲ လူမှုစီးပွားထိခိုက်မှုအခက်အခဲများမှာ တစ်ကမ္ဘာလုံး ကပ်ဘေး၊ တစ်ကမ္ဘာလုံးကြုံတွေ့ရသည့် အခက်အခဲများဖြစ်၍ နိုင်ငံတော် အစိုးရက တတ်နိုင်သည့်ဘက်မှ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူ ပြည်သားများအနေဖြင့်လည်း ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရန်အချက် များနှင့် ဆောင်ရွက်ပေးနေသည့်အစီအမံများကို အလေးအနက်ထားကာ တိကျစွာလိုက်နာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးဒုက္ခနှင့် အခက်အခဲများ ကို ကျော်လွှားနိုင်အောင် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။





Friday, March 27, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၃) ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲတာဝန်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ




မောင်စာဂ
---------------

ရွေးကောက်ပွဲတစ်ခုကျင်းပမည်ဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် မှ တာဝန်ရှိသူများအပြင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့ အစည်းများမှ ဌာနဆိုင်ရာဝန်ထမ်းများလည်း ပါဝင် ဆောင်ရွက်ကြရသည်။ မည်သို့ဆောင်ရွက်ကြရသနည်း။ မည်သို့တာဝန်ရှိကြသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။

ရွေးကောက်ပွဲကျင်းပရန် တာဝန်နှင့်လုပ်ပိုင်ခွင့်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ တို့အရ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန်နှင့် ရွေးကောက်ပွဲများကိုကြီးကြပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသည်။ ထို့ပြင် ရွေးကောက်ပွဲများကိုကြီးကြပ်စေရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းနိုင်သည့် လုပ်ပိုင်ခွင့်ရှိသည်။

တစ်ဆက်တည်းပင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်း ကောင်း၊ နယ်မြေလုံခြုံရေးအ‌ခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲ များကို ရွှေ့ဆိုင်းခြင်းစသည့် လုပ်ပိုင်ခွင့်များလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်ရှိပါသည်။

ရွေးကောက်ပွဲ ကြီးကြပ်ရန်တာဝန်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ခ)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ခ)နှင့် (ဂ) ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ရွေးကောက်ပွဲများကို ကြီးကြပ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်နှင့် မြို့နယ်တို့၏ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ကို ဖွဲ့စည်းသည်။
ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော မူဝါဒ များနှင့်အညီ မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းသည်။

ဌာနဆိုင်ရာများပါဝင်လာခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကိုဖွဲ့စည်းရာတွင် သက်ဆိုင်ရာဒေသရှိ အများယုံကြည်လေး စားခြင်းခံရသော ပုဂ္ဂိုလ်ခြောက်ဦး၊ သက်ဆိုင်ရာအဆင့်ရှိ အစိုးရဌာနကိုးခုမှ တာဝန်ခံအရာရှိ ကိုးဦးနှင့် ရွေးကောက်ပွဲအရာရှိတစ်ဦး စုစုပေါင်း ၁၆ ဦးပါဝင်သည်။ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌဖြစ်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိက အတွင်းရေးမှူးတာဝန် ထမ်းဆောင်ရသည်။

အစိုးရဌာန ကိုးခုဟုဆိုရာတွင် သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့်တွင်ရှိ သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊
ပညာရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဥပဒေရုံး၊ စာရင်းစစ်ရုံးနှင့် စည်ပင်သာယာရေးအဖွဲ့တို့ဖြစ်သည်။ ယင်းဌာန ကိုးခုတွင် တာဝန်ထမ်းဆောင်နေရသော တာဝန်ခံအရာရှိများသည် သက်ဆိုင်ရာအဆင့်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အဖွဲ့ဝင်များ ဖြစ်ကြသဖြင့် ၎င်းတို့သည် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည်။


ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်သည် လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ မဲစာရင်းများပြုစုခြင်း၊ ပြင် ဆင်ခြင်းနှင့်ကြေညာခြင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင် သည့် စာရင်းဇယားများနှင့် မှတ်တမ်းများကို တိကျစွာ ပြုစုထိန်းသိမ်းခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေးခြင်းတို့ ဖော်ဆောင်ခြင်း၊ ရွေးကောက်ပွဲဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ မည်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက် မလိုက်ရခြင်းဟူ၍ တာဝန်နှင့် လုပ်ပိုင်ခွင့်များအဖြစ် ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ရာ သက်ဆိုင်ရာအဆင့်ရှိ အစိုးရဌာန ကိုးခုတွင် တာဝန်ထမ်းဆောင်နေကြရသော တာဝန်ခံအရာရှိများ သည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ရွေးကောက်ပွဲလုပ်ငန်းများကို ကိုယ်တိုင် ကိုယ်ကျ ပါဝင်ကြီးကြပ်ခွင့်ရရှိကြသည့် တာဝန် ရှိသူများဖြစ်ကြသည်။ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက အဆုံးအဖြတ်ပြုတိုင်းပြုတိုင်း ပါဝင် ဆောင်ရွက်ကြရသည်။ ထိုသူများသည် မိမိ၏ဌာန ဆိုင်ရာလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် နေကြရင်းနှင့် နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲ လုပ်ငန်းတာဝန်များကိုလည်း ပါဝင်ဆောင်ရွက်ခွင့် ရကြသည်။

ရွေးကောက်ပွဲကြိုတင်မဲပေးခြင်းတာဝန်

ရွေးကောက်ပွဲတစ်ခုတွင် မဲရုံသို့ မဲဆန္ဒရှင်ကိုယ်တိုင် သွားရောက်မဲပေးရသည်။ မဲရုံသို့ ကိုယ်တိုင်သွားရောက် ဆန္ဒမဲပေးနိုင်ခြင်းမရှိသူများအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးခြင်းရှိသည်။ မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသော ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ
ဖြစ်ကြသည့် တပ်မတော်သားများနှင့် အတူနေမိသားစုများ အတွက် သက်ဆိုင်ရာတပ်မှူးကတာဝန်ယူ၍ ကြိုတင် ဆန္ဒမဲရယူခြင်းကို ဆောင်ရွက်ရသည်။ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသောအတွင်းလူနာများအတွက် သက်ဆိုင်ရာ ဌာနအကြီးအမှူးကတာဝန်ယူ၍ လည်းကောင်း၊ နိုင်ငံ ပြင်ပတွင်ရောက်ရှိနေသူ မဲဆန္ဒရှင်များအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးတို့မှတာဝန်ယူ၍လည်းကောင်း ကြိုတင်ဆန္ဒရယူခြင်းကို ဆောင်ရွက်ကြရ သည်။

ထိုသူများသည်လည်း နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည်။ မိမိတို့၏ဌာနဆိုင်ရာတာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များ ကို ထမ်းဆောင်ကြရသည်။

မဲရုံတွင်ကြီးကြပ်ခြင်းတာဝန်

ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံကိုကြီးကြပ်တာဝန် ယူရသည်မှာ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ ဖြစ်ကြသည်။ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပုဒ်မ ၃၉ အရ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် နိုင်ငံ့ဝန်ထမ်းများထဲမှ သင့် လျော်သည့်သူများကို မဲရုံမှူးများအဖြစ်ခန့်အပ်ရသည်။ မဲရုံအဖွဲ့ဝင်များကို ဖြစ်နိုင်သရွေ့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံအများ ယုံကြည်လေးစားခြင်းခံရသူများကို ခန့်အပ်သည်။ ထို့ကြောင့် မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ အဖြစ် ခန့်အပ်ခြင်းခံရသော နိုင်ငံ့ဝန်ထမ်းများသည်
မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲ လုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ကြရသည်။

ရွေးကောက်ပွဲလုံခြုံရေးတာဝန်နှင့်ကျန်းမာရေးစောင့်ရှောက်မှု

ရွေးကောက်ပွဲတစ်ခုကျင်းပမည်ဆိုလျှင် လုံခြုံရေးက အရေးကြီးသည်။ ရွေးကောက်ပွဲမကျင်းပမီ ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းကိရိယာ စာရွက်စာတမ်း များ သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်း၊ ထိန်းသိမ်းခြင်း လုပ်ငန်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ ဆန္ဒမဲပေးခြင်း၊ မဲရလဒ်ကြေညာခြင်းစသည့် လုပ်ငန်းများအပါအဝင် ရွေးကောက်ပွဲကာလတစ်လျှောက်လုံး ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံမှုရှိစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ ရွေးကောက်ပွဲလုံခြုံရေးတာဝန်များယူကြရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏
ဌာနဆိုင်ရာတာဝန်များကိုထမ်းဆောင်ရင်း နိုင်ငံ့တာဝန် ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ကြရသည်။
အချို့သော မဲရုံတော်တော်များများတွင်လည်းသက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများအား ဘေးအန္တရာယ် လုံခြုံမှုရှိစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုပေးနိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဌာနမှဝန်ထမ်းများက ပါဝင်၍ ရွေးကောက်ပွဲတာဝန်များ ထမ်းဆောင်ပေးရသည်။ နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းပင်ဖြစ်သည်။

ဌာနဆိုင်ရာလုပ်ငန်းတာဝန်နှင့်ရွေးကောက်ပွဲတာဝန်

ရွေးကောက်ပွဲလုပ်ငန်းတာဝန်သည် နိုင်ငံတော်တာဝန် ဖြစ်သည်။ ပြည်သူနှင့်နိုင်ငံတော်အတွက် အရေးကြီးသောလုပ်ငန်းတာဝန်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများက မိမိတို့ကိုယ်စား ပြည်သူနှင့် နိုင်ငံတော်အတွက် အရေး အရာများကိုဆောင်ရွက်နိုင်ရန် မိမိတို့၏ကိုယ်စားလှယ် များကို ဆန္ဒမဲပေး၍ ရွေးချယ်ပေးရသည့်လုပ်ငန်းဖြစ် သည်။ ဥပဒေနှင့်အညီ လွတ်လပ်ရသည်။ မျှတစွာဆောင် ရွက်ရသည်။ မွန်မြတ်သန့်စင်သောလုပ်ငန်းဟုလည်း ခေါ်ဆိုနိုင်သည်။

ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရင်း နိုင်ငံတော် တာဝန်ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခွင့်ရရှိခြင်းသည် တန်ဖိုးထား၍ ဂုဏ်ယူစရာ ပင်ဖြစ်သည်။ မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကိုလည်း မပျက် မယွင်း လစ်ဟင်းမှုမရှိစေရေး ကြိုးပမ်းအားထုတ်ဆောင် ရွက်ကြရပါမည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခွင့်ရရှိ ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ နိုင်ငံ့တာဝန်ဖြစ်သော ရွေးကောက်ပွဲလုပ်ငန်းများကို ကျေပွန်စွာထမ်းဆောင် ခြင်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ကြစေလိုကြောင်းပါ။

ဌာနဆိုင်ရာဝန်ထမ်းများ၊ မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ ကျေပွန်စွာဆောင်ရွက်နိုင် ကြပါစေ၊
နိုင်ငံ့တာဝန်ဖြစ်သည့် ရွေးကောက်ပွဲတာဝန် များကိုလည်း စွမ်းအားရှိသမျှ ပါဝင်ဆောင်ရွက် နိုင်ကြပါစေ၊ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ ထမ်းဆောင် ရင်း ရွေးကောက်ပွဲ တာဝန်များကို ထမ်းဆောင်ခွင့်ရရှိခြင်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင် ကြပါစေ။ ။

ကျွန်တော်တို့အားလုံး ကာကွယ်ကြမယ်


ဒေါက်တာခင်မောင်လွင်

၂၀၀၃ ခုနှစ် မတ်လ ၈ ရက်(စနေနေ့)။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ပြင်သစ်ဆေးရုံ။
"တကယ်တော့ ဒီကိတ်မုန့်ကို ကျွန်တော်မစားသင့်ဘူး။ ရောဂါပိုးတွေ ပါချင်ပါနေမှာ" ဒေါက်တာအူရ်ဘာနီသည် ကိတ်မုန့်ကိုစားရင်း ရယ်ပွဲဖွဲ့လိုက်သည်။ နားထောင်နေ သောသူများမှာ ရယ်ဖို့ခက်ခဲစွာ ကြိုးစားနေရလေသည်။

ထိုဆေးရုံတွင် ထူးဆန်းသော ကူးစက်ရောဂါ ဖြစ်ပွားနေ သည်။ ကူးစက်ခံရသူများမှာ ဖျားနာ၊ အသက်ရှူကျပ်၍ သေနေကြ၏။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း များမှာ ဖျားလျှင် ဓာတ်မှန်ရိုက်ကြည့်သောအခါ အဆုတ် ထဲတွင် ပိုးဝင်၍ အမည်းရောင်နေရာများမှာ ဖြူ၍နေသည် ကိုတွေ့ရ၏။

Lock down

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရောဂါဗေဒပါရဂူဖြစ်သူ ဒေါက်တာအူရ်ဘာနီသည် WHO နှင့် ဆက်သွယ်ခြင်း၊ ဗီယက်နမ်အစိုးရနှင့် တိုင်ပင်ခြင်းပြုကာ ထိုဆေးရုံကို ပိတ်ချလိုက်၏။ Lock down ဟု ခေါ်လေသည်။
ဆေးရုံသို့ နောက်ထပ်လူနာ အလာမခံ။ ရှိပြီးသား အခြားရောဂါသည်များကို ဆေးရုံပြောင်းပစ်၏။ ရှိပြီးသား ကူးစက်ရောဂါသည်နှင့် ဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်း များ အားလုံး ဆေးရုံထဲမှာ ပိတ်၍နေလိုက်ကြ၏။ အသေခံ သွားကြ၏။ ဒေါက်တာအူရ်ဘာနီ(Dr.Urbani) ကိုယ်တိုင် လည်း ထိုကူးစက်ရောဂါဖြင့် ကွယ်လွန်၍ သွားခဲ့လေသည်။ မသေဘဲ ကျန်သူအနည်းငယ်မှာ တုပ်ကွေးရောဂါ သက်သာ စေနိုင်သည့် တာမီဖလူးဆေးဖြင့် အသက်ရှင်သွား၏။ ထိုအထဲတွင် ကျွန်တော့်မိတ်ဆွေ ဒေါက်တာအော်လီဗီယာ (Dr. Olivier Cattin) လည်း ပါလေသည်။ နောင်တွင် သူ့အား ပြင်သစ်အစိုးရက သူရဲကောင်းဘွဲ့ချီးမြှင့်ခဲ့၏။

၂၀၀၃ ခုနှစ်မှာဖြစ်ခဲ့သော ရောဂါကို နောင်တွင် SARS ခေါ် ကူးစက်မြန် ပြင်းထန်အဆုတ်ရောဂါဟု အမည်တပ်၏။ ယင်းဗိုင်းရပ်စ်ပိုးဖြစ်ပြီး တရုတ်နိုင်ငံမှ တစ်ဆင့် ဟောင်ကောင်၊ ဟောင်ကောင်မှ ဗီယက်နမ်သို့ ကူးစက်လာပြီး ဟနွိုင်းမြို့ ဆေးရုံတွင် လုံးဝရပ်တန့်သွား ခဲ့လေသည်။ ထိုစဉ်က စင်ကာပူနှင့် အခြားနိုင်ငံအချို့သို့ လည်း ရောဂါပြန့်ခဲ့၏။ တစ်ကမ္ဘာလုံးတွင် ရှစ်ထောင် ကျော် ကူးစက်ခဲ့ပြီး ရှစ်ရာကျော် သေဆုံးခဲ့လေသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ခါနီး။

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့။

ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ စတင် ဖြစ်ပွားပြီး ကူးစက်မှုမြန်ဆန်ခဲ့၏။ ယနေ့အထိ လူပေါင်း သုံးသိန်း ခုနစ်သောင်းကျော် ကမ္ဘာတစ်ဝန်းမှာ ကူးစက် ပျံ့နှံ့သွား၏။ မြန်မာနိုင်ငံတွင်လည်း သုံးယောက် တွေ့ရ ပါသည်။ ထိုပိုးသစ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်ပြီး COVID-19 ဟု အမည်တပ်ရလေသည်။

ယခုအခါ ဝူဟန်မြို့တွင် ရောဂါထိန်းချုပ်ရာမှာ ထိ ရောက်မှုရလာပေပြီ။ ဖြစ်သူ တစ်ရာလျှင် နှစ်ဦးသေဆုံးနှုန်းရှိ သဖြင့် ဝူဟန်တွင် လူလေးထောင်ကျော် သေခဲ့၏။ သို့သော် အီတလီနိုင်ငံမြောက်ပိုင်းတွင် ကူးစက်ပျံ့နှံ့ သွားရာ၌ အသေ အပျောက်နှုန်းသည် ဝူဟန်ထက် ကျော်လွန်၍သွားပေပြီ။

အကြီးစားပိတ်ဆို့မှုကြီး ပြုလုပ်

ဝူဟန်မြို့မှာမည်သို့သော (Lock down) ပိတ်ဆို့မှုများ လုပ်ခဲ့ပါသနည်း။ ဟနွိုင်းဆေးရုံ၏ နမူနာအတိုင်း အကြီး စားပိတ်ဆို့မှုကြီး ပြုလုပ်ခဲ့သည်ကို တွေ့ရလေသည်။

ဟနွိုင်းမြို့ဆေးရုံတွင် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ပထမဆုံး လူနာရောက်ခဲ့၏။ Lock down လုပ်ပြီး နှစ်လခန့်အကြာ ၂၀၀၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သလို ဝူဟန်တွင်လည်း နှစ်လ ကျော်ကာလအတွင်း ထိန်းချုပ်နိုင်ကြောင်း တွေ့ရလေသည်။

ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်

ပထမဆင့်-ရောဂါစတင်ရာ ဝူဟန်မြို့ကို ပိတ်ဆို့၍ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်၏။ ရောဂါဖြစ်ပွားခဲ့သော အရင်း အမြစ်ဖြစ်သည့် ဝူဟန်ငါးဈေးကို ပိတ်၏။ WHO သို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းပို့၏။

ဒုတိယဆင့် -၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် ရောဂါမပြန့်ပွားရေးအတွက် မြို့ကို အဝင်၊အထွက် လုံးဝ ပိတ်၏။ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနှင့်အညီ ဆောင် ရွက်၏။ ရောဂါသည်အားလုံးကို ရှာဖွေကုသ၏။ ၎င်းတို့ နှင့်ဆက်စပ်နေသူများကို ရှာဖွေကုသသည်။ နေအိမ်တွင် နေစေ၏။ လူအများ စုဝေးမှုကို ပိတ်ပင်၏။ တရုတ်နှစ်သစ် ကူးကိုပင် ရွှေ့ဆိုင်းလိုက်၏။ တစ်ကိုယ်ရေကာကွယ်မှု၊ အခြားကို မကူးစက်ရန်ကာကွယ်မှု ပညာပေး၏။ ဆေးရုံ သစ်ကြီးများဆောက်ကာ ထိန်းချုပ်၏။

စံကိုက်လမ်းညွှန်မှုများကို လိုက်နာစေ

တတိယဆင့်- အုပ်စုလိုက်ရောဂါဖြစ်ပွားမှုကို ရှာဖွေ၍ ထိရောက်စွာကုသ၏။ ရောဂါစစ်ခြင်း၊ ဆေးရုံတက်ခြင်း၊ ကုသခြင်းများအတွက် “တစ်သွေးတစ်သံတစ်မိန့်” စနစ်ကို ကျင့်သုံး၏။ စံကိုက်လမ်းညွှန်မှုများကို လိုက်နာစေ၏။

ဤလုပ်ငန်းအဆင့်များတွင် ပံ့ပိုးသော မူဝါဒ၊ လူမှု စီးပွားတည်ငြိမ်မှုရှိရန် ထောက်ကူချက်၊ ခေါင်းဆောင်နှင့် လူထု၏ သဟဇာတရှိစွာ ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ၏။ ခေတ်မီနည်းပညာများဖြစ်သော အေအိုင် (Artificial Intelligence) နှင့် Big Data များကို အသုံးပြု၍ ရောဂါပြန့်ပွားမှုကို တော်လှန်ကာကွယ်ခြင်းများလည်း ပြုခဲ့ကြောင်း တွေ့ရလေသည်။ နောက်ပိုင်းတွင်ဆက်လက်၍ သုံးသောနည်းဗျူဟာမှာ ရောဂါအန္တရာယ်ကို ကာကွယ် ထိန်းချုပ်ခြင်း (Risk-based Prevention and Control) ကိုပြုလုပ်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ရက် နေ့ထုတ် WHO- China Joint Report တွင် ဖော်ပြထား လေသည်။
တရုတ်နိုင်ငံမှတစ်ဆင့် ပျံ့နှံ့ကူးစက်ခံရသော အီတလီ နိုင်ငံသည် ၎င်း၏ မြောက်ပိုင်းဒေသများကို Lock down ခေါ် ပိတ်ဆို့မှုများ ပြုလုပ်နေရပေပြီ။ တောင်ကိုရီးယား နိုင်ငံ၏ ဒေသအချို့တွင်လည်း ဤသို့ပြုလုပ်ရ၏။ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ အမေရိကန်တို့တွင်လည်း ကိုဗစ်- ၁၉ ပျံ့နှံ့မှုကို ပြင်းထန်စွာ ကာကွယ်ခုခံနေရလေသည်။

အဆင့်ဆင့် ခွဲခြားထိန်းချုပ်ခြင်း (Quarantine) နှင့်
မြို့ရွာအတွင်းမှာသာ လှုပ်ရှားစေခြင်း (Community Quarantine)
ဤသို့ကာကွယ်ရန် နည်းလမ်းမှာ လူနာရှာဖွေ၍ အဆင့်ဆင့်ခွဲခြားထိန်းချုပ်ခြင်း (Quarantine) သက်သက် ဖြင့် မရတော့ချေ။ မိမိတို့အိမ်တွင်းမှာသာ နေထိုင်ကြရုံနှင့် မလုံလောက်တော့ချေ။ ရောဂါပျံ့နှံ့မှုရှိနေသော မြို့ရွာနေသူ များမှာ မိမိတို့ မြို့ရွာအတွင်းမှာသာ လှုပ်ရှားစေခြင်း (Community Quarantine) နည်းဗျူဟာကို အတိအကျ လိုက်နာဖို့လိုတော့၏။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးသည် COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါ ကို “ကမ္ဘာ့ကပ်ရောဂါ” ဟု သတ်မှတ်ကြေညာခဲ့ပြီးဖြစ်၍ မိမိတို့ ပြည်တွင်း ကူးစက်ရောဂါကာကွယ်ရန် ထုတ်ပြန် ထားသည့် ဥပဒေများသာမက ကမ္ဘာ့ကပ်ရောဂါထိန်းချုပ် မှုဆိုင်ရာ စည်းမျဉ်းဥပဒေများကိုပါ တိကျစွာလိုက်နာကြ ရပေတော့မည်။

မြန်မာနိုင်ငံသည်လည်း မိမိတို့နိုင်ငံထဲသို့ ရောဂါ ပိုးဝင်ရောက်ကြောင်း မသိရှိခင်ကတည်းက မတ်လ ၁၃ ရက်နေ့မှစ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်သော COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခြင်း၊ ရောဂါဝင်ရောက်မှုမရှိရန် ဟန့်တားရုံသာမက မသိနိုင် သေးသော ရောဂါမပြန့်ပွားအောင် တားမြစ်ခြင်းများစွာကို ဆောင်ရွက်ခဲ့ပါသည်။

သို့ဖြစ်၍လည်း ယခုအခါ ရှာဖွေတွေ့ရှိလာသော လူနာသုံးဦးအပေါ် မှီ၍ မထိန်းနိုင်မသိမ်းနိုင် ထိတ်လန့် ကြောက်ရွံ့စရာ နည်းသွားပါသည်။
သို့သော် ရောဂါရှိသူတစ်ဦး၏ ဝင်ရောက်လာရာ လမ်းကြောင်းမှာ မထင်မှတ်ဘဲ ရှည်လျားပြီး ထိခိုက် လွယ်သော တိုင်းရင်းသားတို့၏ ကျေးရွာအထိရောက်ရှိ၍ သွားပေပြီ။ ဤအခြေအနေတွင် ဒေသခံတို့အား ရောဂါ မပြန့်ပွားရေး၊ ထိုဒေသမှ အခြားဒေသများသို့ မပျံ့နှံ့ရေး အတွက် အစွမ်းကုန် ကာကွယ်ရပေတော့မည်။

ဤတွင် Community Quarantine ဟူသော အကန့်အသတ်များသာမက လိုအပ်ပါက ရောဂါရှိရာဒေသ တွင် လူတို့အိမ်မှာသာ နေရပေလိမ့်မည်။ စားနပ်ရိက္ခာ အတွက် တစ်အိမ်လျှင် တစ်ယောက်သာလျှင် အိမ်ပြင်သို့ ထွက်၍ ဝယ်ယူခွင့်ပြုခြင်းကို ဝူဟန်မှာကဲ့သို့ ကျင့်သုံး နိုင်ပါသည်။ သို့အတွက် ရပ်ရွာထဲတွင် စားနပ်ရိက္ခာ လုံလောက်စွာဖြည့်ထားဖို့ တာဝန်ရှိသူတို့က ကြိုးစားရ ပေလိမ့်မည်။ အကယ်၍ ရောဂါပြင်းထန်စွာ ပျံ့နှံ့ခဲ့လျှင်မူ ဒေသအစိုးရက တာဝန်ယူကာ စီမံခန့်ခွဲရေးနည်း၊ အုပ်ချုပ် ရေးနည်းများ သုံးရပေလိမ့်မည်။

၂၀၀၃ ခုနှစ်က SARS ရောဂါ ဗီယက်နမ်တွင် ထိန်း ချုပ်မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ဝူဟန်၌ COVID-19 ထိန်းချုပ်မှု
များသည် နှစ်လခန့်မျှအတွင်း နိုင်နင်းသည်ကို တွေ့ရ ပါသည်။
မြန်မာပြည်သို့ ရောက်လာသော COVID-19 ပိုးများ သည် ကမ္ဘာတစ်ပတ်ပတ်၍ လာခဲ့သည်ဖြစ်ရာ အားနည်း သွားပြီဟု ယူဆရ၏။ အားနည်းသော ဗိုင်းရပ်စ်သည် အားနည်းသူလူသားများအား မနှိပ်စက်နိုင်အောင် ကျွန်တော်တို့ ကာကွယ်ကြစို့။ ။