Friday, March 27, 2020

ကျွန်တော်တို့အားလုံး ကာကွယ်ကြမယ်


ဒေါက်တာခင်မောင်လွင်

၂၀၀၃ ခုနှစ် မတ်လ ၈ ရက်(စနေနေ့)။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ပြင်သစ်ဆေးရုံ။
"တကယ်တော့ ဒီကိတ်မုန့်ကို ကျွန်တော်မစားသင့်ဘူး။ ရောဂါပိုးတွေ ပါချင်ပါနေမှာ" ဒေါက်တာအူရ်ဘာနီသည် ကိတ်မုန့်ကိုစားရင်း ရယ်ပွဲဖွဲ့လိုက်သည်။ နားထောင်နေ သောသူများမှာ ရယ်ဖို့ခက်ခဲစွာ ကြိုးစားနေရလေသည်။

ထိုဆေးရုံတွင် ထူးဆန်းသော ကူးစက်ရောဂါ ဖြစ်ပွားနေ သည်။ ကူးစက်ခံရသူများမှာ ဖျားနာ၊ အသက်ရှူကျပ်၍ သေနေကြ၏။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း များမှာ ဖျားလျှင် ဓာတ်မှန်ရိုက်ကြည့်သောအခါ အဆုတ် ထဲတွင် ပိုးဝင်၍ အမည်းရောင်နေရာများမှာ ဖြူ၍နေသည် ကိုတွေ့ရ၏။

Lock down

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရောဂါဗေဒပါရဂူဖြစ်သူ ဒေါက်တာအူရ်ဘာနီသည် WHO နှင့် ဆက်သွယ်ခြင်း၊ ဗီယက်နမ်အစိုးရနှင့် တိုင်ပင်ခြင်းပြုကာ ထိုဆေးရုံကို ပိတ်ချလိုက်၏။ Lock down ဟု ခေါ်လေသည်။
ဆေးရုံသို့ နောက်ထပ်လူနာ အလာမခံ။ ရှိပြီးသား အခြားရောဂါသည်များကို ဆေးရုံပြောင်းပစ်၏။ ရှိပြီးသား ကူးစက်ရောဂါသည်နှင့် ဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်း များ အားလုံး ဆေးရုံထဲမှာ ပိတ်၍နေလိုက်ကြ၏။ အသေခံ သွားကြ၏။ ဒေါက်တာအူရ်ဘာနီ(Dr.Urbani) ကိုယ်တိုင် လည်း ထိုကူးစက်ရောဂါဖြင့် ကွယ်လွန်၍ သွားခဲ့လေသည်။ မသေဘဲ ကျန်သူအနည်းငယ်မှာ တုပ်ကွေးရောဂါ သက်သာ စေနိုင်သည့် တာမီဖလူးဆေးဖြင့် အသက်ရှင်သွား၏။ ထိုအထဲတွင် ကျွန်တော့်မိတ်ဆွေ ဒေါက်တာအော်လီဗီယာ (Dr. Olivier Cattin) လည်း ပါလေသည်။ နောင်တွင် သူ့အား ပြင်သစ်အစိုးရက သူရဲကောင်းဘွဲ့ချီးမြှင့်ခဲ့၏။

၂၀၀၃ ခုနှစ်မှာဖြစ်ခဲ့သော ရောဂါကို နောင်တွင် SARS ခေါ် ကူးစက်မြန် ပြင်းထန်အဆုတ်ရောဂါဟု အမည်တပ်၏။ ယင်းဗိုင်းရပ်စ်ပိုးဖြစ်ပြီး တရုတ်နိုင်ငံမှ တစ်ဆင့် ဟောင်ကောင်၊ ဟောင်ကောင်မှ ဗီယက်နမ်သို့ ကူးစက်လာပြီး ဟနွိုင်းမြို့ ဆေးရုံတွင် လုံးဝရပ်တန့်သွား ခဲ့လေသည်။ ထိုစဉ်က စင်ကာပူနှင့် အခြားနိုင်ငံအချို့သို့ လည်း ရောဂါပြန့်ခဲ့၏။ တစ်ကမ္ဘာလုံးတွင် ရှစ်ထောင် ကျော် ကူးစက်ခဲ့ပြီး ရှစ်ရာကျော် သေဆုံးခဲ့လေသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ခါနီး။

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့။

ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ စတင် ဖြစ်ပွားပြီး ကူးစက်မှုမြန်ဆန်ခဲ့၏။ ယနေ့အထိ လူပေါင်း သုံးသိန်း ခုနစ်သောင်းကျော် ကမ္ဘာတစ်ဝန်းမှာ ကူးစက် ပျံ့နှံ့သွား၏။ မြန်မာနိုင်ငံတွင်လည်း သုံးယောက် တွေ့ရ ပါသည်။ ထိုပိုးသစ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်ပြီး COVID-19 ဟု အမည်တပ်ရလေသည်။

ယခုအခါ ဝူဟန်မြို့တွင် ရောဂါထိန်းချုပ်ရာမှာ ထိ ရောက်မှုရလာပေပြီ။ ဖြစ်သူ တစ်ရာလျှင် နှစ်ဦးသေဆုံးနှုန်းရှိ သဖြင့် ဝူဟန်တွင် လူလေးထောင်ကျော် သေခဲ့၏။ သို့သော် အီတလီနိုင်ငံမြောက်ပိုင်းတွင် ကူးစက်ပျံ့နှံ့ သွားရာ၌ အသေ အပျောက်နှုန်းသည် ဝူဟန်ထက် ကျော်လွန်၍သွားပေပြီ။

အကြီးစားပိတ်ဆို့မှုကြီး ပြုလုပ်

ဝူဟန်မြို့မှာမည်သို့သော (Lock down) ပိတ်ဆို့မှုများ လုပ်ခဲ့ပါသနည်း။ ဟနွိုင်းဆေးရုံ၏ နမူနာအတိုင်း အကြီး စားပိတ်ဆို့မှုကြီး ပြုလုပ်ခဲ့သည်ကို တွေ့ရလေသည်။

ဟနွိုင်းမြို့ဆေးရုံတွင် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ပထမဆုံး လူနာရောက်ခဲ့၏။ Lock down လုပ်ပြီး နှစ်လခန့်အကြာ ၂၀၀၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သလို ဝူဟန်တွင်လည်း နှစ်လ ကျော်ကာလအတွင်း ထိန်းချုပ်နိုင်ကြောင်း တွေ့ရလေသည်။

ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်

ပထမဆင့်-ရောဂါစတင်ရာ ဝူဟန်မြို့ကို ပိတ်ဆို့၍ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်၏။ ရောဂါဖြစ်ပွားခဲ့သော အရင်း အမြစ်ဖြစ်သည့် ဝူဟန်ငါးဈေးကို ပိတ်၏။ WHO သို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းပို့၏။

ဒုတိယဆင့် -၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် ရောဂါမပြန့်ပွားရေးအတွက် မြို့ကို အဝင်၊အထွက် လုံးဝ ပိတ်၏။ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနှင့်အညီ ဆောင် ရွက်၏။ ရောဂါသည်အားလုံးကို ရှာဖွေကုသ၏။ ၎င်းတို့ နှင့်ဆက်စပ်နေသူများကို ရှာဖွေကုသသည်။ နေအိမ်တွင် နေစေ၏။ လူအများ စုဝေးမှုကို ပိတ်ပင်၏။ တရုတ်နှစ်သစ် ကူးကိုပင် ရွှေ့ဆိုင်းလိုက်၏။ တစ်ကိုယ်ရေကာကွယ်မှု၊ အခြားကို မကူးစက်ရန်ကာကွယ်မှု ပညာပေး၏။ ဆေးရုံ သစ်ကြီးများဆောက်ကာ ထိန်းချုပ်၏။

စံကိုက်လမ်းညွှန်မှုများကို လိုက်နာစေ

တတိယဆင့်- အုပ်စုလိုက်ရောဂါဖြစ်ပွားမှုကို ရှာဖွေ၍ ထိရောက်စွာကုသ၏။ ရောဂါစစ်ခြင်း၊ ဆေးရုံတက်ခြင်း၊ ကုသခြင်းများအတွက် “တစ်သွေးတစ်သံတစ်မိန့်” စနစ်ကို ကျင့်သုံး၏။ စံကိုက်လမ်းညွှန်မှုများကို လိုက်နာစေ၏။

ဤလုပ်ငန်းအဆင့်များတွင် ပံ့ပိုးသော မူဝါဒ၊ လူမှု စီးပွားတည်ငြိမ်မှုရှိရန် ထောက်ကူချက်၊ ခေါင်းဆောင်နှင့် လူထု၏ သဟဇာတရှိစွာ ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ၏။ ခေတ်မီနည်းပညာများဖြစ်သော အေအိုင် (Artificial Intelligence) နှင့် Big Data များကို အသုံးပြု၍ ရောဂါပြန့်ပွားမှုကို တော်လှန်ကာကွယ်ခြင်းများလည်း ပြုခဲ့ကြောင်း တွေ့ရလေသည်။ နောက်ပိုင်းတွင်ဆက်လက်၍ သုံးသောနည်းဗျူဟာမှာ ရောဂါအန္တရာယ်ကို ကာကွယ် ထိန်းချုပ်ခြင်း (Risk-based Prevention and Control) ကိုပြုလုပ်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ရက် နေ့ထုတ် WHO- China Joint Report တွင် ဖော်ပြထား လေသည်။
တရုတ်နိုင်ငံမှတစ်ဆင့် ပျံ့နှံ့ကူးစက်ခံရသော အီတလီ နိုင်ငံသည် ၎င်း၏ မြောက်ပိုင်းဒေသများကို Lock down ခေါ် ပိတ်ဆို့မှုများ ပြုလုပ်နေရပေပြီ။ တောင်ကိုရီးယား နိုင်ငံ၏ ဒေသအချို့တွင်လည်း ဤသို့ပြုလုပ်ရ၏။ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ အမေရိကန်တို့တွင်လည်း ကိုဗစ်- ၁၉ ပျံ့နှံ့မှုကို ပြင်းထန်စွာ ကာကွယ်ခုခံနေရလေသည်။

အဆင့်ဆင့် ခွဲခြားထိန်းချုပ်ခြင်း (Quarantine) နှင့်
မြို့ရွာအတွင်းမှာသာ လှုပ်ရှားစေခြင်း (Community Quarantine)
ဤသို့ကာကွယ်ရန် နည်းလမ်းမှာ လူနာရှာဖွေ၍ အဆင့်ဆင့်ခွဲခြားထိန်းချုပ်ခြင်း (Quarantine) သက်သက် ဖြင့် မရတော့ချေ။ မိမိတို့အိမ်တွင်းမှာသာ နေထိုင်ကြရုံနှင့် မလုံလောက်တော့ချေ။ ရောဂါပျံ့နှံ့မှုရှိနေသော မြို့ရွာနေသူ များမှာ မိမိတို့ မြို့ရွာအတွင်းမှာသာ လှုပ်ရှားစေခြင်း (Community Quarantine) နည်းဗျူဟာကို အတိအကျ လိုက်နာဖို့လိုတော့၏။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးသည် COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါ ကို “ကမ္ဘာ့ကပ်ရောဂါ” ဟု သတ်မှတ်ကြေညာခဲ့ပြီးဖြစ်၍ မိမိတို့ ပြည်တွင်း ကူးစက်ရောဂါကာကွယ်ရန် ထုတ်ပြန် ထားသည့် ဥပဒေများသာမက ကမ္ဘာ့ကပ်ရောဂါထိန်းချုပ် မှုဆိုင်ရာ စည်းမျဉ်းဥပဒေများကိုပါ တိကျစွာလိုက်နာကြ ရပေတော့မည်။

မြန်မာနိုင်ငံသည်လည်း မိမိတို့နိုင်ငံထဲသို့ ရောဂါ ပိုးဝင်ရောက်ကြောင်း မသိရှိခင်ကတည်းက မတ်လ ၁၃ ရက်နေ့မှစ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်သော COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခြင်း၊ ရောဂါဝင်ရောက်မှုမရှိရန် ဟန့်တားရုံသာမက မသိနိုင် သေးသော ရောဂါမပြန့်ပွားအောင် တားမြစ်ခြင်းများစွာကို ဆောင်ရွက်ခဲ့ပါသည်။

သို့ဖြစ်၍လည်း ယခုအခါ ရှာဖွေတွေ့ရှိလာသော လူနာသုံးဦးအပေါ် မှီ၍ မထိန်းနိုင်မသိမ်းနိုင် ထိတ်လန့် ကြောက်ရွံ့စရာ နည်းသွားပါသည်။
သို့သော် ရောဂါရှိသူတစ်ဦး၏ ဝင်ရောက်လာရာ လမ်းကြောင်းမှာ မထင်မှတ်ဘဲ ရှည်လျားပြီး ထိခိုက် လွယ်သော တိုင်းရင်းသားတို့၏ ကျေးရွာအထိရောက်ရှိ၍ သွားပေပြီ။ ဤအခြေအနေတွင် ဒေသခံတို့အား ရောဂါ မပြန့်ပွားရေး၊ ထိုဒေသမှ အခြားဒေသများသို့ မပျံ့နှံ့ရေး အတွက် အစွမ်းကုန် ကာကွယ်ရပေတော့မည်။

ဤတွင် Community Quarantine ဟူသော အကန့်အသတ်များသာမက လိုအပ်ပါက ရောဂါရှိရာဒေသ တွင် လူတို့အိမ်မှာသာ နေရပေလိမ့်မည်။ စားနပ်ရိက္ခာ အတွက် တစ်အိမ်လျှင် တစ်ယောက်သာလျှင် အိမ်ပြင်သို့ ထွက်၍ ဝယ်ယူခွင့်ပြုခြင်းကို ဝူဟန်မှာကဲ့သို့ ကျင့်သုံး နိုင်ပါသည်။ သို့အတွက် ရပ်ရွာထဲတွင် စားနပ်ရိက္ခာ လုံလောက်စွာဖြည့်ထားဖို့ တာဝန်ရှိသူတို့က ကြိုးစားရ ပေလိမ့်မည်။ အကယ်၍ ရောဂါပြင်းထန်စွာ ပျံ့နှံ့ခဲ့လျှင်မူ ဒေသအစိုးရက တာဝန်ယူကာ စီမံခန့်ခွဲရေးနည်း၊ အုပ်ချုပ် ရေးနည်းများ သုံးရပေလိမ့်မည်။

၂၀၀၃ ခုနှစ်က SARS ရောဂါ ဗီယက်နမ်တွင် ထိန်း ချုပ်မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ဝူဟန်၌ COVID-19 ထိန်းချုပ်မှု
များသည် နှစ်လခန့်မျှအတွင်း နိုင်နင်းသည်ကို တွေ့ရ ပါသည်။
မြန်မာပြည်သို့ ရောက်လာသော COVID-19 ပိုးများ သည် ကမ္ဘာတစ်ပတ်ပတ်၍ လာခဲ့သည်ဖြစ်ရာ အားနည်း သွားပြီဟု ယူဆရ၏။ အားနည်းသော ဗိုင်းရပ်စ်သည် အားနည်းသူလူသားများအား မနှိပ်စက်နိုင်အောင် ကျွန်တော်တို့ ကာကွယ်ကြစို့။ ။

No comments:

Post a Comment