Wednesday, February 19, 2020

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အခွန်အကောက်ဆိုင်ရာကိစ္စ၊ MSME ချေးငွေဆိုင်ရာကိစ္စနှင့် စပ်လျဉ်းသည့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်




Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁၈



အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ၊ MSME ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ပရောက်မြန်မာ အလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးနှင့် မိမိ နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (Micro, Small and Medium Enterprises - MSME) ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ ယခုအခါ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် လိုအပ်သည့် ဘဏ္ဍာ ငွေကြေးများရရှိနိုင်ရန် မြန်မာ့စီးပွား ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက MSME ချေးငွေများ ထုတ်ချေးပေး လျက်ရှိကြောင်း။
ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် MSME လုပ်ငန်းများအတွက် ချေးငွေများကို အတိုးနှုန်း ၉ ရာခိုင်နှုန်း ဖြင့် ချေးငွေကာလ ၃ နှစ်မှ ၅ နှစ် အထိ သတ်မှတ်၍ ထုတ်ချေးပေးလျက် ရှိကြောင်း၊ ထို့အပြင် JICA Two-Step Loan ချေးငွေရယူ၍ (Phase-1) ချေးငွေအား ပုဂ္ဂလိကဘဏ် (၆) ဘဏ်မှတစ်ဆင့် လည်းကောင်း၊ (Phase-2) ချေးငွေအား ပုဂ္ဂလိက ဘဏ် (၁၁) ဘဏ်မှတစ်ဆင့် လည်းကောင်း MSME လုပ်ငန်းများသို့ ချေးငွေများအား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၃ နှစ်မှ ၅ နှစ်အထိ ထုတ်ချေးပေးလျက်ရှိ ကြောင်း၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KfW) မှလည်း အထောက်အပံ့များ ရယူ၍ ပုဂ္ဂလိကဘဏ် (၂) ဘဏ်မှ တစ်ဆင့် MSME လုပ်ငန်းများသို့ အတိုးနှုန်း သက်သာသည့်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ပုံမှန်ထုတ်ချေးနေသော စိုက်ပျိုးစရိတ်ချေးငွေများအပြင် JICA Two-Step Loan ချေးငွေရယူ၍ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ ရေးအတွက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၃ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ပြီး ထုတ်ချေး ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်မှ Two-Step Loan ချေးငွေအဖြစ် ငွေကျပ် (၂၀၀) ဘီလီယံကို တောင်သူလယ်သမား များသာမက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံး စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးဆိုင်ရာ လုပ်ငန်းများအတွက် အတိုးနှုန်း ၉ ရာခိုင်နှုန်း ဖြင့် ၃ နှစ်၊ ၅ နှစ် သက်တမ်းရှိသော ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နောင် အခါတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ သည် လယ်ယာကဏ္ဍအပါအဝင် MSME ကဏ္ဍသို့ ချေးငွေအမျိုးအစား များစွာကို တိုးချဲ့ထုတ်ချေးနိုင်ရန်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ တောင်သူ လယ်သမားများအတွက် MSME ချေးငွေရရှိရေးအတွက် အပေါင်ပစ္စည်း မပေးနိုင်သော်လည်း risk base အပေါ် အခြေခံ၍ အတိုးနှုန်းသတ်မှတ် ပြီး ထုတ်ချေးနိုင်ရေး မကြာမီ စမ်းသပ်စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြန်မာ့စီးပွားရေး ဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများက MSME ချေးငွေထုတ်ချေးလျက်ရှိသည့် အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးများက မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ၊ MSME ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာန အကြီးအကဲများက ရှင်းလင်း ဆွေးနွေးဖြေကြားသည်။
အဆိုပါ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဒေါက်တာ မင်းရဲ ပိုင်ဟိန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံ/ဘဏ္ဍာဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment