Sunday, February 23, 2020

ဒုတိယသမ္မတ ဦးမြင့်ဆွေ GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနား တက်ရောက်




Image may contain: 4 people
ရန်ကုန် ဖေဖော်ဝါရီ ၂၂



GS1 Myanmar မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ် ပေးသည်။
တက်ရောက်
မိတ်ဆက်ပွဲ အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးအောင်ထူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ Myanmar Barcode Association ဥက္ကဋ္ဌ ဦးဝေဖြိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက GS1 ၏ သမိုင်းကြောင်းနှင့် လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ GS1 Myanmar Barcode ဖြစ်ပေါ်လာရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် GS1 Myanmar Barcode ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ Myanmar Barcode Association ဥက္ကဋ္ဌ ဦးဝေဖြိုးက GS1 Barcode ကို မြန်မာ Prefix ဖြင့် လွယ်ကူစွာရယူသုံးစွဲနိုင်ရေးအတွက် GS1 Global အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်အရ Myanmar Barcode Association ( MBA ) ကို ဖွဲ့စည်းခဲ့မှုအခြေအနေ၊ GS1 Myanmar ၏ ဝန်ဆောင်မှုများ၊ GS1 Myanmar Member အဖြစ် လျှောက်ထားနိုင်ရေးအတွက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းထုတ်ကုန် ပစ္စည်းများ အတွက် GS1 Myanmar Barcode သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးဝင်းနှင့် ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ Myanmar Barcode Association ဥက္ကဋ္ဌ ဦးဝေဖြိုးနှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း နာယက ဒေါ်ဝင်းဝင်းတင့် တို့က GS1 Myanmar မိတ်ဆက်ပွဲ အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် GS1 Myanmar မိတ်ဆက်ပွဲ အခမ်းအနား ဒုတိယပိုင်းကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ သည်။
အကျိုးကျေးဇူးများ
မြန်မာနိုင်ငံ၏ ထုတ်ကုန်များကို ကမ္ဘာ့အဆင့်မီလာ စေရန်အတွက် ကုန်ပစ္စည်းများတွင် Standard နှင့်အညီ အမှတ်တံဆိပ် တပ်ဆင်နိုင်မည်ဖြစ်ပြီး GS1 Myanmar Barcode အသုံးပြုခြင်းဖြင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေရန် ရည်ရွယ်၍ GS1 Myanmar Barcode မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး GS1 Myanmar Barcode ကို သုံးစွဲခြင်းအားဖြင့် Supply Chain တစ်လျှောက် မည်သည့်နေရာတွင်မဆို ကုန်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက်များကို တိကျမြန်ဆန်စွာ သိရှိနိုင်ခြင်း၊ ကုန်ပစ္စည်းများ လေလွင့်ပျက်စီးဆုံးရှုံးမှုများ လျှော့ချနိုင်ခြင်း၊ ကုန်ပစ္စည်းဖြန့်ဖြူးခြင်းနှင့် သိုလှောင်ခြင်း တို့တွင် စနစ်တကျ ထိန်းချုပ်နိုင်ခြင်းနှင့် GS1 Barcode များကို တစ်ကမ္ဘာလုံး လက်ခံသုံးစွဲသည့်အတွက် မိမိတို့၏ ကုန်ပစ္စည်းများကို ပြည်တွင်းရှိ မည်သည့်လက်လီဆိုင် များတွင်မဆို ရောင်းချနိုင်သည့်အပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချ ရာတွင်လည်း အဆင်ပြေလွယ်ကူခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment