Sunday, February 23, 2020

အပြောင်းအလဲနှင့် လူထုမှတ်ကျောက်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



နွေပေါက်လာပြီဆိုသည်နှင့် မြန်မာပြည်တစ်လွှားတွင် သစ်ပင်ကိုင်း ဖျားတို့ပေါ်က ဥဩသံချိုမြမြကို ကြားရပြီ။ စိမ်းရွက်သစ်ပုရစ်ဖူးနု များနှင့် ရွက်ဝါရော်ကြွေတို့ ပြိုင်တူစုံဖက် လင်းလက်ဝင်းဝါသော၊ လှပလင်းပွင့်သော အချိန်အခါသမယဖြစ်ပေသည်။
သည်လိုအချိန် လမ်းမများထက်က ရှည်ရှည်လျားလျား ဆွဲငင် လိုက်သော မီးသတ်ဥဩသံများကမူ နိုင်ငံသားတို့အဖို့ စိုးရိမ် ထိတ်လန့်စရာများ၊ ပူပင်စရာများနှင့် ခြောက်ခြားနေစေပေသည်။
မီးဘေးအန္တရာယ်သည် မြန်မာနိုင်ငံအဖို့ နှစ်စဉ် တစ်နှစ်ပတ်လုံး လိုလို ခြိမ်းခြောက်နေသည်ဖြစ်သော်လည်း ယခုလို နွေပေါက်လာပြီ ဆိုလျှင်ဖြင့် ပို၍စိုးရိမ်နေရသည်မှာ အမှန်။
မီးဘေးရှောင် မလောင်ခင်တားဆိုသည်မှာ မီးဘေးအန္တရာယ်နှင့် ပတ်သက်လျှင် အမှန်ကန်ဆုံးအဆိုဟု ဆိုရမည်။ လောင်ပြီဆိုသည်နှင့် ဆုံးရှုံးမှုတို့ စပြီတည်း။ မလောင်ခင်က တားနိုင်လွန်းပါမှ၊ ထို့အတူ ကြိုတင်ကာကွယ်စရာရှိသည်များကို ပြင်ဆင်ထားပါမှ၊ မီးလောင်မှု မဖြစ်ပွားခင်ကတည်းက လူတို့ဘေးကင်းလုံခြုံစေရန် စီမံဆောင်ရွက် ထားနိုင်ပါမှ မီးဘေးမကျရောက်အောင် တားဆီးနိုင်မည်၊ မီးဘေး ကျရောက်ပြီဆိုလျှင်လည်း ပြည်သူတို့ အသက် အန္တရာယ်မထိခိုက်အောင် ကာကွယ်နိုင်မည်၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုကို နည်းပါးအောင် ထိန်းကွပ် နိုင်မည် ဖြစ်ပေသည်။
မီးဘေးအန္တရာယ်သည် ပူပြင်းခြောက်သွေ့လွန်းခြင်းစသည့် သဘာ၀ရာသီဥတုတို့ကြောင့် ဖြစ်တတ်သလို အခြားသော မတော်တဆ မှုများနှင့် လူတို့ပေါ့ဆမှုကြောင့် ဖြစ်လေ့ရှိ၏။ မည်သို့ကြောင့်ဖြစ်ဖြစ် အချိန်မီ တားဆီးငြှိမ်းသတ်နိုင်ပါမှ ထိခိုက်ဆုံးရှုံးနစ်နာမှုများကို လျော့ပါးသက်သာပေလိမ့်မည်။ ထို့ကြောင့် မလောင်ကျွမ်းမီ တားဆီး ကာကွယ်ခြင်းနှင့် လောင်ကျွမ်းမှုဖြစ်ပွားခဲ့လျှင်လည်း ထိထိ ရောက်ရောက် ငြှိမ်းသတ်နိုင်ရေးအတွက် ပြင်ဆင်ထားကြရပါသည်။ ပုံမှန်အားဖြင့် သဲ၊ ရေစိုအဝတ်၊ ရေတို့ဖြင့် ငြှိမ်းသတ်၏။ မီးအန္တရာယ် များလျှင်များသလို မီးသတ်ယာဉ်များ အကူအညီယူကာ ရေဖြင့်ဖြစ်စေ၊ လိုအပ်လျှင်လိုအပ်သလို ဓာတုဆေးရည်တို့ဖြင့်ဖြစ်စေ ဖျန်းသတ်၏။ အထပ်မြင့် အဆောက်အအုံများနှင့် ကျယ်ပြန့်ကြီးမားသော သစ်တော ကြီးများ လောင်ကျွမ်းလျှင် ကောင်းကင်မှ လေကြောင်းသွား ယာဉ် အမျိုးမျိုးအကူအညီဖြင့် ငြှိမ်းသတ်၏။ မည်သို့သော နည်းများဖြင့် ငြိမ်းသတ်ကြသည်ဖြစ်စေ မီးဘေးအန္တရာယ်တားဆီးငြှိမ်းသတ်နိုင်ရေးတွင် မီးသတ်သမားတို့၏ ဇွဲ၊ သတ္တိ၊ စွမ်းဆောင်ရည်နှင့် စိတ်သဘောထား တို့အပေါ် များစွာတည်မှီနေသည်ပဲ ဖြစ်၏။
လွန်ခဲ့သော ဆယ့်နှစ်နှစ်ခန့်က စက်ဆန်းရှိဂိုဒေါင်အချို့ ဓာတု သိုလှောင်ပစ္စည်းများ ပေါက်ကွဲမီးလောင်သည့် ဖြစ်ပွားမှုကြီးမှ စတင်ကာ မြန်မာနိုင်ငံ မီးသတ်ရဲဘော်များ၏ အခန်းကဏ္ဍနှင့် ၎င်းတို့၏ ကြိုးစားမှု ဇွဲ၊ သတ္တိ ၊ စွမ်းဆောင်ရည်နှင့် စိတ်သဘောထားတို့ကို ပြည်သူလူထုက သတိပြုမိခဲ့ကြသည်။ ချီးမွမ်းထောမနာပြုကြသည်။ အားပေး ဝမ်းမြောက် သာဓုခေါ်ခဲ့ကြဖူးသည်။
လွန်ခဲ့သော ရက်များက လမ်းမတော်သံဈေး အဆောက်အအုံ မီးလောင်မှုကို ထိန်းသိမ်းငြှိမ်းသတ်ခဲ့ကြသည့် ရန်ကုန်မြို့ရှိ မီးသတ် ဌာနများမှ တာဝန်ရှိသူများ၊ မီးသတ်ရဲဘော်များ၏ ကြိုးစား အားထုတ်မှုနှင့် စွမ်းဆောင်ရည်ကို ပြည်သူလူထုက အားပေးဂုဏ်ပြု ခဲ့ကြသည်။
ယင်းအဆောက်အအုံ ဆောက်လုပ်စဉ်က ထည့်သွင်းတည်ဆောက် ရန် လိုအပ်သော မီးဘေးကာကွယ်ရေး စံချိန်စံညွှန်းမပြည့်စုံမှုများ ကြောင့် အန္တရာယ်အလွန်များပြားသည့်ကြားမှ ထိခိုက်ဆုံးရှုံးမှု အနည်းပါးဆုံးဖြစ်အောင် တားဆီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းမီးငြှိမ်း သတ်နိုင်ခြင်းကို ပြည်သူတို့က ဂုဏ်ပြုကြခြင်းနှင့်အတူ ထိုဖြစ်စဉ်မျှ ကိုသာ မဟုတ်ဘဲ မြန်မာနိုင်ငံမီးသတ်ဌာနတစ်ခုလုံး၏ အထွေထွေ စွမ်းဆောင်ရည်ကို ချီးကျူးကြခြင်းဖြစ်ပေသည်။
နိုင်ငံတွင်း အပြောင်းအလဲများဟုဆိုရာတွင် အမှန်တကယ် ပြောင်းလဲဆောင်ရွက်ကြခြင်းဖြစ်လျှင် ပြည်သူတို့က ကောင်းစွာသတိပြု မိကြ၊ ကျေးဇူးတင်အသိအမှတ်ပြုကြသည်ကို တွေ့ရပါမည်။
အပြောင်းအလဲများ တိုးတက်မှုများအတွက် ပြည်သူလူထုသည် အကောင်းဆုံးသော မှတ်ကျောက်ဖြစ်ပေသည်ဟုတင်ပြရင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ကို ဂုဏ်ပြုလိုက်ရပါကြောင်း။

No comments:

Post a Comment