Sunday, February 23, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရုပ်ရှင်နှင့် ရုပ်သံရိုက်ကူးရေးသုံး ပစ္စည်းများ ဝန်ဆောင်မှုလုပ်ငန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး




Image may contain: 8 people, outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၂



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၇) ရပ်ကွက် စုပေါင်းရုံးလမ်း၌ ကျင်းပသည့် CMB Films Myanmar Co; Ltd ၏ ရုပ်ရှင်နှင့် ရုပ်သံရိုက်ကူးရေးသုံးပစ္စည်းများ ဝန်ဆောင်မှုလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။
ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖိတ်ခေါ်မှုများပြုလုပ်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကား ပြောကြားရာ၌ မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်နိုင်သည့် အပိုင်းများကို ဆောင်ရွက်ပေးခဲ့သည့်အပြင် ဖြေလျှော့မှုများလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အတူ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်နှင့် လုပ်ငန်းရှင်များ၊ ရုပ်ရှင် လောကတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ် မှုများနှင့်အတူ သွားရောက်လေ့လာမှုများလည်း ပြုလုပ်ခဲ့ပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်ရေးအတွက်လည်း ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ပါကြောင်း။
မြန်မာ့ရုပ်ရှင်လောကသည် ယခင်နှစ်များထက် ပိုမိုတိုးတက်လာပါကြောင်း၊ ပြည်ပမှ ရိုက်ကူးရေးအဖွဲ့များကိုလည်း ပြည်တွင်းသို့ ဖိတ်ခေါ်ကာ ရိုက်ကူးမှု ခွင့်ပြုခဲ့ပါကြောင်း၊ ထိုသို့လာရောက်ရိုက်ကူးမှုများကြောင့် မိမိတို့နိုင်ငံ၏ ရိုက်ကူးရေးသုံးပစ္စည်းလိုအပ်ချက်များကိုလည်း သိရှိလာရပါကြောင်း၊ ယခုကဲ့သို့ ရိုက်ကူးရေးအတွက်လိုအပ်သော ဆက်စပ်ပစ္စည်းများကို ဒေသတွင်းနိုင်ငံများ ၏ စံနှုန်းများနှင့်အညီ လွယ်ကူစွာ ငှားရမ်းသုံးစွဲနိုင်မည့်အတွက် အကျိုးကျေးဇူး များစွာရရှိမည့်၊ အထောက်အကူပြုမည့် လုပ်ငန်းတစ်ရပ်ဟု မြင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရုပ်ရှင်နှင့် ရုပ်သံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ရုပ်ရှင်နှင့် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်း များအတွက် ဝန်ဆောင်မှုပေးမည့် လုပ်ငန်းတစ်ရပ်ပေါ်ပေါက်လာသည့် အတွက် ခွန်အားတစ်ရပ်ဖြည့်ဆည်းပေးသည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ထို့နောက် Forever Group ၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်က ဝန်ဆောင်မှုလုပ်ငန်း ထူထောင်ရသည့်အကြောင်းကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ကြိုဆိုဝမ်းမြောက် စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ CMB Film ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ Mr. Jim Baltazar ၊ Forever Group ၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်နှင့် ဒါရိုက်တာ ဦးခင်မောင်ဌေးတို့က ရုပ်ရှင်နှင့် ရုပ်သံရိုက်ကူးရေး သုံးပစ္စည်းများ ဝန်ဆောင်မှုလုပ်ငန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ရိုက်ကူးရေးသုံးပစ္စည်းများပြသထား
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရုပ်ရှင်နှင့် ရုပ်သံ အတွက် ဝန်ဆောင်မှုပေးမည့် ရိုက်ကူးရေးသုံးပစ္စည်းများပြသထားမှုကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ရုပ်ရှင်နှင့် ရုပ်သံဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရန်ပြင်ဆင်နေ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ် သံသုမာ လမ်းနှင့် ပါရမီလမ်းထောင့်ရှိ Myanmar Media Development Center (MMDC) သို့သွားရောက်ကာ ရုပ်ရှင်၊ ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်မှုဆိုင်ရာ အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှု၊ Forever Group နှင့် နိုင်ငံတကာ အဖွဲ့များ ပူးပေါင်းပြီး ရုပ်ရှင်နှင့် ရုပ်သံဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရန် ပြင်ဆင် နေမှုတို့ကို ကြည့်ရှုလေ့လာခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment