Tuesday, February 25, 2020

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် GMS Corridor Towns Development Project အတွက် NEDA ချေးငွေရယူမည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်



Image may contain: 6 people, people sitting
နေပြည်တော် ဖေဖော်ဝါရီ ၂၄



မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်း တစ်လျှောက်ရှိ မြို့ဖြစ်သည့် (မော်လမြိုင် ၊ ဘားအံ ၊ မြဝတီ)မြို့များ အနက် မြဝတီမြို့၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် GMS Corridor Towns Development Project ကို Neighbouring Coun-tries Economic Development Cooperation Agency (NEDA) ထံမှ ချေးငွေရယူမည့် အစီအစဉ်နှင့် စပ်လျဉ်းသည့် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ က နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ဆောင်၌ ကျင်းပသည်။
အရေးပါသောမြို့
ရှေးဦးစွာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် မဟာမဲခေါင် ဒေသခွဲ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းတစ်လျှောက်ရှိ စီးပွားရေး အရ အရေးပါသော မြို့များဖြစ်သည့် မော်လမြိုင်မြို့၊ ဘားအံမြို့၊ မြဝတီ မြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ကို ရည်ရွယ်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် အကြို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါ ဆန်းစစ်လေ့လာမှုများ အရ မော်လမြိုင်မြို့၊ ဘားအံမြို့နှင့် မြဝတီမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက် ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေအကူအညီ အမေရိကန်ဒေါ်လာ သန်း ၈၀ နှင့် NEDA ချေးငွေအမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်းတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လိုအပ်ချက်များဖြစ်
ADB ချေးငွေဖြင့် အကောင် အထည်ဖော်ဆောင်မည့် စီမံကိန်းမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင် ပြည်နယ် ဘားအံမြို့နေ ပြည်သူများ အတွက် မြို့ပြအခြေခံဝန်ဆောင်မှု လိုအပ်ချက်များဖြစ်သည့် ရေကောင်း ရေသန့်ရရှိရေး၊ စနစ်တကျ အမှိုက် စွန့်ပစ်ရေး၊ ပြည်သူ့ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပေးခြင်း ၊ မော်လမြိုင်မြို့ ရှေးဟောင်းအဆောက်အဦ ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဘားအံ စက်မှုဇုန်စီမံကိန်း ရေးဆွဲခြင်းနှင့် မြဝတီ- မဲဆောက် Joint Spatial Development Plan ရေးဆွဲခြင်း လုပ်ငန်းတို့ ပါဝင်မည်ဖြစ်ပါကြောင်း။ လက်ရှိအချိန်တွင် စီမံကိန်းအကောင် အထည်ဖော်ဆောင်မည့် အကြံပေး အဖွဲ့ (FCG Consultant)နှင့် လုပ်ငန်း အပ်နှံစာချုပ်ချုပ်ဆိုပြီး စီမံကိန်း အကောင်အထည်ဖော်ခြင်းလုပ်ငန်း များ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါ ကြောင်း။
NEDA ချေးငွေစီမံကိန်းမှာ ကရင် ပြည်နယ် မြဝတီမြို့၏ အိမ်ထောင်စု ၁၄၀၀၀ အတွက် ရေကောင်းရေသန့် ရရှိရေး၊ ၉၈ ရာခိုင်နှုန်းအထိ လွှမ်းခြုံ နိုင်မည့် စနစ်တကျ အမှိုက်သိမ်းဆည်း စွန့်ပစ်ရေးနှင့် ပြည်သူ့ဝန်ထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပေးခြင်းတို့ ပါဝင်မည် ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
GMS Project အတွက် စီမံကိန်း ကြီးကြပ်ရေးလုပ်ငန်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာနမှ Executing Agency (EA) အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်မှ အစိုးရအဖွဲ့များက Imp-lementing Agency (IA)များ အဖြစ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း။ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ခြင်းနှင့် ချေးငွေ ပြန်လည် ပေးဆပ်နိုင်ရေးအတွက် လည်း သက်ဆိုင်ရာ PIU (Project Implementation Unit) များမှ PMU များ Consultant များနှင့် ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ယခုချေးငွေ စီမံကိန်းများသည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ ပြည်နယ်မြို့ကြီး များ၏ လူမှုစီးပွားနှင့် အခြေခံ အဆောက်အဦကဏ္ဍအား တိုးတက် မြင့်မားစေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် နံပါတ် ၁၁ ပါ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူဖြစ်စေ သည့်စီမံကိန်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ အဓိက နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီ မြို့၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး စီမံကိန်း အား လုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပိုမို ကောင်းမွန်လာခြင်း၊ စီးပွားရေး အခြေအနေများ ပိုမိုကောင်းမွန်လာ ခြင်း စသောအကျိုးကျေးဇူးများ အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း။
ဆင့်ပွားလုပ်ဆောင်သွားနိုင်
ယင်းစီမံကိန်းမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်း GMS Corridor အား တိုးချဲ့ပြီး စီးပွားရေးအရ အရေးပါ သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ မြို့ကြီးများ၏ မြို့ပြနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆင့်ပွားလုပ်ဆောင်သွားနိုင်မည်ဟုလည်း မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စစ် ဆူဖတ် သရာ ဆီမိုင်းသရီဖိတပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ NEDAမှ Chairperson Ms. Chularat Suteethom တို့က အမှာစကား ပြောကြားကြသည်။
လက်မှတ်ရေးထိုး
ယင်းနောက် မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ်လျှောက်ရှိမြို့ဖြစ်သောမြဝတီမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက် မှုစီမံကိန်းအတွက် ချေးငွေရယူရေး နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ငွေတိုက်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီ ပြုံးနှင့် NEDA မှ President ဖြစ်သူ Mr. Perames Vudthitornetiraks တို့က လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ချေးငွေစီမံကိန်းသည် မဟာမဲခေါင် ဒေသခွဲ စီးပွားရေးစင်္ကြံလမ်း တစ်လျှောက်ရှိ ပြည်နယ်မြို့ကြီးများ ၏ လူမှုစီးပွားနှင့် အခြေခံအဆောက် အဦကဏ္ဍအား တိုးတက်မြင့်မားစေ ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်နံပါတ် ၁၁ ပါ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူဖြစ်စေသည့် စီမံကိန်း ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သော မြဝတီမြို့၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး စီမံကိန်းအား ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပိုမို ကောင်းမွန်လာခြင်း၊ စီးပွားရေးအခြေ အနေများ ပိုမိုကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment