Monday, February 24, 2020

ရန်ကုန်မြို့တော် ရုပ်သံလိုင်း(City Channel)ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




Image may contain: 9 people, people sitting and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၃



ရန်ကုန်မြို့တော် ရုပ်သံလိုင်း(City Channel)ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ဆွေးနွေးကြသည်။
တန်ဖိုးရှိမည့် ရုပ်သံလိုင်း
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ရုပ်သံထုတ်လွှင့်မှုကဏ္ဍတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)ကို အရည်အသွေးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ MRTV အနေဖြင့် ယခင်က Forever Group နှင့် ရွှေသံလွင် မီဒီယာတို့နှင့်သာ ဖက်စပ်ဆောင်ရွက်ခဲ့ရာမှ ယခုအခါ Content Provider (၅)ခုဖြစ်သည့် Mizzima, DVB, Channel K , YTV , Fortune TV တို့မှလည်း ထုတ်လွှင့်/ပြသလျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင်လည်း ရန်ကုန်မြို့တော်ဆိုင်ရာ သတင်းများကို အများဆုံး ထုတ်လွှင့်ဖော်ပြလျက်ရှိပါ ကြောင်း၊ ရန်ကုန်မြို့တော်ဆိုင်ရာ သတင်းများသည် အများပြည်သူ စိတ်ဝင်စား ဖွယ်သတင်းများဖြစ်သောကြောင့် တန်ဖိုးရှိမည့် ရုပ်သံလိုင်းတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ပိုမိုခရီးပေါက်မည်ဟုမျှော်လင့်
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုနှင့် ဆက်သွယ်ပြန်ကြားခြင်း လုပ်ငန်းကို City FM နှင့် မြို့တော်သတင်းစာတို့ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ပုံနှိပ်မီဒီယာဖြစ်သည့် မြို့တော်သတင်းစာကို အွန်လိုင်းမီဒီယာဖြစ်သည့် ဒစ်ဂျစ်တယ်သတင်းစာအဖြစ် ပြောင်းလဲနိုင်ရန်နှင့် တစ်ဖက်တွင် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုကို ပေါင်းစည်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားလိုပါကြောင်း၊ ထိုသို့ ပေါင်းစည်းဆောင်ရွက်နိုင်ပါက ပြည်သူလူထုအတွက် အသိပညာပေးခြင်း လုပ်ငန်းမှာ ပိုမိုခရီးပေါက်မည်ဟု မျှော်လင့်ပါကြောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက် ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က Yangon City ရုပ်သံလိုင်း တိုးချဲ့ထုတ်လွှင့်လိုမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က Yangon City ရုပ်သံလိုင်း ထုတ်လွှင့်လိုမှုနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့်ပုံစံ နှင့် လုပ်ငန်းစဉ်၊ MRTV နှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများ၊ Content Provider များ၏ ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ယင်းနောက် တက်ရောက်လာကြသူများက Yangon City ရုပ်သံလိုင်း ထုတ်လွှင့်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် Yangon City Channel ဖြစ်မြောက်ရေးဆောင်ရွက်ရာ၌ ပြန်ကြားရေးဝန်ကြီး ဌာနမှ လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် Yangon City Channel ဖြစ်မြောက်ရေးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းလုပ်ငန်းအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက် သွားရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် စတူဒီယို ၁ နှင့် သတင်းခန်း တို့ကို လှည့်လည်ကြည့်ရှုကြသည်။ သတင်းစဉ်

No comments:

Post a Comment