Monday, February 24, 2020

သနပ်ခါးရနံ့တို့ မပြယ်ရလေအောင်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက်မှ တစ်ခု ဖြစ်သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို အသိ အမှတ်ပြုစာရင်းတင်သွင်းရန် ကြိုးပမ်းလျက်ရှိကြောင်း ဂုဏ်ယူ ဝမ်းမြောက်ဖွယ်သိရှိရသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ် ပေါများကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အမျိုးသား အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ခန့်မှန်းခြေအားဖြင့် ၁၅၀၀၀ ခန့်ရှိပြီး ယင်းတို့အနက်မှ ၂၂၁၇ ခုကို အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီက အတည်ပြုပြီးဖြစ်သည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Non - Material Culture Heritage) တွင် ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ အစားအစာ၊ လက်မှုအနုပညာ၊ ရိုးရာဓလေ့၊ အနုသုခုမ စသည်တို့ပါဝင်ရာ အကောင်အထည်ရုပ်ဝတ္ထုကိုင်တွယ်မပြနိုင်သော်လည်း ရပ်ထဲရွာထဲ နေ့စဉ်လူနေမှုဘဝများထဲ၌ ရှင်သန်နေဆဲဖြစ်သည့် ကိုယ်ပိုင်ယဉ်ကျေးမှု များပင်ဖြစ်သည်။ အထည်ရုပ်ဒြပ်မရှိသော ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သည့်အတွက် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှုန်းစံများ ပြောင်းလဲ သည်နှင့်အမျှ တဖြည်းဖြည်းတိမ်မြုပ်ပျောက်ကွယ်သွားနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များလည်းဖြစ်သည်။ ယင်းကဲ့သို့သော ဒြပ်မဲ့ ယဉ်ကျေးမှု အမြောက်အမြားထဲမှ သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုအသိအမှတ်ပြု စာရင်းတင်သွင်းခြင်းအားဖြင့် နောင်အရှည် တည်တံ့စေရေးအတွက် အားဖြည့်ပေးရာလည်း ရောက်လိမ့်မည်ဟု ယုံကြည်မိသည်။
မြန်မာအမျိုးသမီးတို့ သနပ်ခါးကို အမြတ်တနိုးလိမ်းခြယ်ခဲ့ကြ သည်မှာ နှစ်ပေါင်း ၂၀၀၀ ခန့်ရှိခဲ့ပြီဖြစ်သည်။ စင်စစ်အားဖြင့် အမျိုးသမီး တို့သာမက အမျိုးသားတို့ပါ ငယ်ဘဝတွင် လိမ်းခြယ်ခဲ့ကြခြင်းဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း မြန်မာနိုင်ငံတစ်ဝန်း မည်သည့်အရပ် ဒေသသို့သွားသွား မျက်နှာတွင် သနပ်ခါးအဖွေးသားလိမ်းခြယ်ထား သည့် အမျိုးသမီးပျိုပျိုအိုအို ကြီးငယ်များနှင့် ကလေးများကို တွေ့မြင် နိုင်ကြသည်။ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်တို့က သနပ်ခါးယဉ်ကျေးမှုသည် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုအဖြစ် တွေ့မြင်သိရှိ အသိအမှတ်ပြုနိုင်လောက်အောင်ပင် မြန်မာနှင့် သနပ်ခါး၊ သနပ်ခါးနှင့် မြန်မာ တစ်သားတည်း ရှိနေသည်။ သို့ရာတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည့်အလျောက် တစ်ချိန်ချိန်မှာ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်သည်။ အထူးသဖြင့် မြို့ကြီးပြကြီးများတွင် လူငယ် များအကြား၌ သနပ်ခါးယဉ်ကျေးမှုက ပါးလျားစပြုလာခဲ့ပြီဖြစ်သည်။ အိမ်မှာနေစဉ် သနပ်ခါးကို လူးကောင်းလူးမည်ဖြစ်သော်လည်း အပြင် ထွက်သွားလာရာတွင် သနပ်ခါးကို မလိမ်းတော့။ ထို့အပြင် သနပ်ခါးကို သဘာဝအတိုင်း သနပ်ခါးတုံး အပွေးအခေါက်များကို ရေကြည်ရေသန့် ဖြင့် ကျောက်ပျဉ်ပေါ်တင်၍ သွေးလိမ်းနေကြသည့် မြန်မာ့အလှကုန် ဈေးကွက်အတွင်းသို့ သနပ်ခါးအမည်ခံ လိမ်းခြယ်စရာ အလှကုန် ပစ္စည်းများလည်း နိုင်ငံခြားမှ ဝင်ရောက်လာနေသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး များအတွင်း သဘာဝအတိုင်း ပေါက်ရောက်သည့် သနပ်ခါးများ၏ အရည်အသွေးက ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန် စသည့် နိုင်ငံ တို့တွင် ပေါက်သည့် သနပ်ခါးများထက် ပို၍ကောင်းသည်ဟုဆိုသည်။ သနပ်ခါး၏ အာနိသင်က ဗက်တီးရီးယားနှင့် မှို (Fungus) တို့ကို နိုင်ပြီး ခရမ်းလွန်ရောင်ခြည်သင့်ခြင်းကို ကာကွယ်နိုင်သည့်အတွက် ကြောင့်လည်း အလှအပအတွက်ရော၊ အသားအရေ ကျန်းမာရေး အတွက်ပါ သနပ်ခါးကို လိမ်းခြယ်ကြခြင်းဖြစ်သည်။
“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် စာရင်းတင်သွင်းမည့်နည်းတူ မြန်မာ့သနပ်ခါးကိုလည်း လက်ရှိ စိုက်ပျိုးနေသည့် ဒေသများအဖြစ် အခြားဒေသများတွင်ပါ တိုးချဲ့စိုက်ပျိုးသွားစေလိုကြောင်း၊ ထို့ပြင် သနပ်ခါး၏ အရေးပါမှုနှင့် အသုံးဝင်မှုကိုလည်း ကမ္ဘာကသိရှိအောင် ကြော်ငြာရမည်ဖြစ်ပါကြောင်း’’ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ မှာကြားချက်သည်လည်း မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ အနာဂတ်တွင် ဆက်လက်ရှင်သန်တည်တံ့ရေးအတွက် မပျက် မကွက် ဆက်လက်အကောင်အထည်ဖော်သွားကြရမည့် လုပ်ငန်းစဉ် များပင် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment