Thursday, February 20, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒဏ်ရာရ ကျောင်းသူ ကျောင်းသားများနှင့် တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား အားပေးထောက်ပံ့



Image may contain: 10 people, people standing, crowd, outdoor and food
နေပြည်တော် ဖေဖော်ဝါရီ ၁၉



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဒဏ်ရာရ ကျောင်းသူ ကျောင်းသား များနှင့် တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား သွားရောက်တွေ့ဆုံ ၍ နှစ်သိမ့်အားပေး ထောက်ပံ့ခြင်း များကို ဆောင်ရွက်ခဲ့သည်။
နှစ်သိမ့်အားပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြကာ ခမွေချောင်း ကျေးရွာ ရှိ မူလတန်းလွန်ကျောင်းသို့ လက်နက် ကြီး ကျရောက်ခဲ့မှုကြောင့် ဒဏ်ရာ ရရှိ၍ ဆေးကုသမှုခံယူလျက်ရှိသည့် ကျောင်းသူတစ်ဦးနှင့် ၎င်း၏ မိသားစုဝင်များအား တွေ့ဆုံ၍ နှစ်သိမ့် အားပေး စကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ ပူးပေါင်း၍ ထောက်ပံ့ငွေ၊ အနွေးထည် နှင့် အားဆေးများကို ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံခန်းမ ဆောင်၌ ခမွေချောင်းကျေးရွာမှ ဒဏ်ရာရ ကျောင်းသူ ကျောင်းသား ၁၅ ဦးနှင့် ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကား ပြောကြားပြီး ကလေးသူငယ်များ အတွက် ထောက်ပံ့ငွေ၊ အားဆေး၊ အနွေးထည်၊ ကစားစရာ၊ အာဟာရမုန့် နှင့် မိသားစုများကို ခရီးစရိတ်များ ထောက်ပံ့ပေးခဲ့သည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်အတွက် များစွာ စိတ်မကောင်းဖြစ်ရပါ ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ ကိစ္စဖြစ်ပြီးပြီးချင်းမှာပင် လိုအပ် သော ကူညီထောက်ပံ့မှုများကို ချက်ချင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရပူးပေါင်းပြီး လူကိုယ်တိုင် လာရောက် တွေ့ဆုံအားပေးခြင်း ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ သည် မိမိတို့အနာဂတ်ဖြစ်၍ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ကလေးသူငယ် များသည် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ အကာအကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့် စသည့် အခွင့်အရေးများ ရရှိရမည် ဖြစ်ရာ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေဖြင့် အခွင့်အရေး များ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်ချိန် ကာလမှစ၍ အသက် (၂) နှစ်အထိ ကာလသည် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးကြီးသဖြင့် ထိုကာလတွင် အာဟာရဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာ ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်သည် ဦးစားပေး ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုမရှိလျှင် အစိုးရ၏ ပြည်သူ များအတွက် တိုက်ရိုက်အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲ ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကလေး သူငယ်များအားလုံး မျှမျှတတ ခံစား ရရှိရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးကြောင်း ပြောကြားသည်။
လွန်စွာစိတ်မကောင်းဖြစ်ရ
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ယခုလိုဖြစ်စဉ် များအတွက် လွန်စွာစိတ်မကောင်း ဖြစ်ရပါကြောင်း၊ စစ်တွေမြို့ ဆေးရုံ တွင် ဆေးကုသမှုခံယူနေသော ကျောင်းသူအတွက် အကောင်းဆုံး ပြုစုစောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသူ ကျောင်းသားများ ပညာ ပြန်လည်သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အခက်အခဲများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါ ကြောင်းနှင့် မိမိတို့ တစ်ဦးနှင့် တစ်ဦး ယုံယုံကြည်ကြည်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ယခုလို အားပေး ထောက်ပံ့မှုများအတွက် ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး လိုအပ်ချက်များ၊ ကျောင်းအမြန် ပြန်လည် ပြုပြင်နိုင်ရေးတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာန ဆိုင်ရာများက ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းခဲ့သည်။
ထောက်ပံ့ပေးအပ်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဘူးသီးတောင် မြို့ တောင်ရပ်ကွက် ရန်အောင်မြေ ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် စခန်း၊ လမ်းမဘုန်းတော်ကြီးကျောင်း ရှိ တိုက်ပွဲရှောင်စခန်းနှင့် မြတောင် ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲ ရှောင်စခန်းများရှိ ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်ရိက္ခာ၊ ငါးသေတ္တာဘူး၊ အနွေး ထည်၊ ကလေးအားဆေး၊ အာဟာရ မုန့်နှင့် ကလေးကစားစရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲ ရှောင် ပြည်သူများနှင့် တွေ့ဆုံစဉ် အစိုးရက တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ ၏ စီမံချက်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူများ အများဆုံး နေထိုင်ကြသည့် ပြည်နယ်များကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်သည် ထိပ်ဆုံးမှ ပါဝင်ပါ ကြောင်း၊ ငြိမ်းချမ်းရေးကိုလည်း အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရန် အဓိက လိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေး ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် တည်ငြိမ် အေးချမ်းရေးအတွက် ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်လျက်ရှိသလို ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရှိန် အဟုန်ဖြင့် ကြိုးစားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်သည့် ပြည်ထောင်စု နိုင်ငံဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ် ဖြင့် တစ်စိတ်တစ်ဝမ်းတည်းထားရှိ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူတစ်ဦးချင်းစီက ငြိမ်းချမ်းလိုစိတ် ထားရှိရန် လိုအပ်ကြောင်း၊ လူတစ်ဦး ချင်းစီ၏ ကြံရွယ်ခြင်း၊ ထုတ်ဖော် ပြောဆိုခြင်း၊ ပြုမူဆောင်ရွက်ခြင်း များသည် ငြိမ်းချမ်းရေးကို ဦးတည်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုရှိသော နေရာ များ၌ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှု ကာကွယ် စောင့်ရှောက်ရေးများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင် သော်လည်း တည်ငြိမ်အေးချမ်းမှု မရှိဘဲ သွားလာရခက်ခဲသော ဒေသ များတွင် အဆိုပါ လုပ်ငန်းများ နှောင့်နှေးမှုအတွက် စိတ်မကောင်း ဖြစ်ရပါကြောင်း၊ မိမိတို့အားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုများကို ရခိုင် ပြည်သူအားလုံး မျှမျှတတခံစားရရှိ နိုင်ရေး တည်ငြိမ်အေးချမ်းမှုအတွက် အားလုံးပူးပေါင်း ပါဝင်ပေးစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် စခန်းများရှိ တိုင်းရင်းသားပြည်သူများက စားနပ် ရိက္ခာလိုအပ်မှု၊ နေရာထိုင်ခင်း လိုအပ်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် များကို ပြန်လည်ရှင်းလင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး စစ်တွေလေဆိပ်၌ ဖေဖော်ဝါရီ ၁၃ ရက်က ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်း လက်နက်ကြီး ကျရောက်ခဲ့မှုတွင် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူ မခင်မေဦးအား ရန်ကုန် မြို့တွင် ဆေးကုသမှုခံယူနိုင်ရန် အတွက် ခေါ်ယူလာခဲ့ပြီး စနစ်တကျ ဆေးကုသမှုခံနိုင်ရန် ရန်ကုန် လေဆိပ်၌ တာဝန်ရှိသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment