Monday, February 24, 2020

ယဉ်ကျေးမှုအမွေ အမြတ်တနိုးထိန်းသိမ်း

အယ်ဒီတာ့အာဘော်
---------------------
Image may contain: text that says 'The Mirror Daily Established in 1957'

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသောနိုင်ငံ ဖြစ်သည်ကို အားလုံးသိရှိကြသည်။ ယဉ်ကျေးမှုအမွေအနှစ်များ ပေါများ သည်ဆိုသော်လည်း အမြတ်တနိုးတန်ဖိုးထားမှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုရှိမှသာ မြန်မာသာမက ကမ္ဘာကပါအသိအမှတ်ပြုကာ ဂုဏ်ယူဝင့်ကြွားတင့်တယ်မော်ကြွားသည့် နိုင်ငံဖြစ်ပေလိမ့်မည်။
ယဉ်ကျေးမှုအမွေအနှစ်ဆိုရာ၌ ကမ္ဘာကသတ်မှတ်ထားသော ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ပြီး ဒြပ်ရှိယဉ်ကျေးမှုများဖြစ်သည့် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သော ရှေးဟောင်းမြန်မာ့သမိုင်းကြောင်းတစ်လျှောက်မှ အနုပညာလက်ရာများ၊ ဗိသုကာလက်ရာများပါဝင်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့် ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ ပွဲတော်များလည်း ပါဝင်သည်။
မြန်မာနိုင်ငံမှ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးကော်မတီအနေဖြင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် အတည်ပြုပြီးသည့်စာရင်းအရ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်း ၂၂၁၇ ခု အသိအမှတ်ပြုထားသည်။ မြန်မာနိုင်ငံက အသိအမှတ်ပြုထားသည် ဆိုသော်လည်း ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့အမွေအနှစ်စာရင်းအရ ကမ္ဘာ့နိုင်ငံ ၁၂၇ နိုင်ငံ၏ ကိုယ်စားပြုဒြပ်မဲ့အမွေအနှစ်စာရင်း ၅၄၉ တွင် မြန်မာ့ဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းတစ်ခုမျှ မပါသေးသည်ကို သုံးသပ်ကြည့်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဒြပ်မဲ့အမွေအနှစ်စာရင်းဝင်နိုင်ရေး ကြိုးပမ်း အားထုတ်လျက်ရှိရာ တစ်နိုင်ငံလုံးလွှမ်းခြုံသည်ဟု ပြောနိုင်သည့် "မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းသတ်မှတ်နိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိရာ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သနပ်ခါးဒြပ်မဲ့ပစ္စည်းသည် မြန်မာ နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တစ်ခုကို ကမ္ဘာ့အမွေအနှစ်သို့ တက်လှမ်းနိုင်ရန် ဦးစွာကြိုးပမ်းဆောင်ရွက်မှုပင်ဖြစ်သည်။
မြန်မာ့သနပ်ခါးကို မြန်မာပြည်သူများက အမြတ်တနိုးတန်ဖိုးထားအသုံးပြုခဲ့ကြသည်ကို မြန်မာသာမက ကမ္ဘာကပါသိရှိလာအောင် ကြိုးပမ်း အားထုတ်ဆောင်ရွက်ရေး၌ မြန်မာ့သနပ်ခါး၏ တန်ဖိုးထားစရာအနှစ်သာရ နှင့် မြတ်နိုးစွဲလမ်းဖွယ်ရာသဘာဝကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ် အသိပေးနိုင်ရန်လိုအပ်ပေသည်။ ယခုအခါ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု မြန်မာ့ သနပ်ခါးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်နေပြီဖြစ်ရာ မြန်မာ့ သနပ်ခါးစစ်စစ်ကို လက်ရှိစိုက်ပျိုးနေသောဒေသများအပြင် အခြားစိုက်ပျိုး နိုင်သောဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးသွားကြရန် လိုအပ်မည်ဖြစ်သည်။ မြန်မာ့သနပ်ခါး၏အရေးပါမှုနှင့် အသုံးဝင်မှုကို ကမ္ဘာကသိရှိနိုင်အောင် မျှဝေအသိပေးနိုင်ရမည်ဖြစ်သည်။
သနပ်ခါးသည် ဘေးထွက်ဆိုးကျိုးတစ်ခုမျှမပါရှိဘဲ မွှေးရနံ့သင်းပျံ့ပြီး အသားအရည်စိုပြည်ချောမွေ့အေးမြစေသည့် သဘာဝသစ်တောထွက် ပစ္စည်းတစ်မျိုးဖြစ်သည်။ ရှေးယခင်အစဉ်အဆက် ကလေး၊ မိန်းကလေး အရွယ်သုံးပါးမရွေး အိမ်တိုင်းအသုံးပြုကြသည့် သဘာဝလူသုံးပစ္စည်း တစ်မျိုးဖြစ်သည်။ ယခုအခါ နည်းပညာအသုံးပြု အသားအရည်လှပသည့် မိတ်ကပ်လိမ်းခြယ်မှုမှာ အမျိုးသမီးငယ်များဘဝတွင် လွှမ်းမိုးတွင်ကျယ် လာရာ မြန်မာ့သနပ်ခါးအား ပစ်ပယ်လာခြင်းမပြုသင့်သည်ကို အသိပညာ ပေးရမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများကြားတွင် သနပ်ခါးလိမ်းသည့် ပွဲတော်များကျင်းပသကဲ့သို့ မြန်မာ့သနပ်ခါးကို တွင်ကျယ်စွာမျှဝေ၍ သနပ်ခါးဂုဏ်၊ သနပ်ခါးတန်ဖိုးမြင့်မားတိုးတက်လာအောင် ဖော်ဆောင်ကြ ရမည်ဖြစ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် သနပ်ခါးအပါအဝင် ကျန်ရှိနေသေးသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား စာရင်း ကောက်ယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ အသိပေးမျှဝေခြင်း၊ အမျိုးသားဒြပ်မဲ့ အမွေအနှစ်စာရင်းသို့ ဆက်လက်သတ်မှတ်ခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ် များသည် မြန်မာနိုင်ငံအနှံ့အပြားတွင်တည်ရှိနေပြီး ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များသာမက တိမ်မြုပ်နေသည့် ယဉ်ကျေးမှုအမွေ အနှစ်များကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းကာကွယ် သုတေသနပြုကြရန် လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ထုတ်ဖော်ရန် ယဉ်ကျေးမှုဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းဖြင့် ခရီးရောက်နိုင်မည်မဟုတ်ဘဲ ဆက်စပ်ဌာနတစ်ခုနှင့် တစ်ခု အတူလက်တွဲပူးပေါင်းပြီး နိုင်ငံသူ နိုင်ငံသားအားလုံးကလည်း နိုင်ငံ၏ပုံရိပ်၊ နိုင်ငံ၏ဂုဏ်ဒြပ် မြင့်သည်ထက်မြင့်အောင် မိမိတို့၏ရှိရင်းစွဲ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအားလုံးကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် တာဝန်ရှိပါကြောင်း။ ။

No comments:

Post a Comment