Tuesday, February 4, 2020

ရခိုင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရေး အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ရန် ကွင်းဆင်းညှိနှိုင်း

Image may contain: one or more people, people sitting and indoor

ကျောက်ဖြူ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနှင့်အညီ ပြည်တွင်း နေရပ်စွန့်ခွာသူများ၏ စခန်းများကို ပိတ်သိမ်းနိုင်ရန်နှင့် လက်ရှိဆောင်ရွက်မည့် ကျောက်ဖြူ ကျောက်တစ်လုံးယာယီခိုလှုံရာစခန်းကို အောင်မြင်စွာပိတ်သိမ်းနိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့ သည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူ မြို့သို့ ကွင်းဆင်းကြည့်ရှုညှိနှိုင်းခြင်း များ ဆောင်ရွက်ကြသည်။
ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD လုပ်ငန်း အဖွဲ့များမှ တိုင်းရင်းသားလုပ်ငန်းရှင် များနှင့် ပညာရှင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ်များ၊ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ကျောက်ဖြူမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ ခန်းမ၌ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးက ကျောက်ဖြူဒေသ၏ အခြေ အနေ၊ ကျောက်ဖြူ ကျောက်တစ်လုံးယာယီခိုလှုံရာစခန်း၏ လက်ရှိအခြေ အနေ၊ ပြန်လည်နေရာချထားရန် လျာထားသည့် မြေနေရာ အနေအထားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက် ရမည့်လုပ်ငန်းကဏ္ဍများ၊ အလေးထား ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း သို့ ရောက်ရှိကြရာ တာဝန်ရှိသူများ က ပြန်လည်နေရာချထားမည့် လျာထားမြေနေရာ အခြေအနေ၊ ရေထုတ်ပြွန်နှစ်လုံးနှင့် ရေငန်တား တာပေါင် ဆည်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျောက်တစ်လုံး ယာယီ ခိုလှုံရာစခန်းရှိ ကော်မတီအဖွဲ့ဝင်များ၊ ပြည်တွင်း နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကြိုးပမ်းလျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံ၏ နေရာတစ်နေရာတွင် မငြိမ်းချမ်းပါက တစ်နိုင်ငံလုံးငြိမ်းချမ်း သည်ဟု မဆိုနိုင်ပါကြောင်း၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သည် ဆက်စပ်နေပါကြောင်း၊ မိမိတို့ စတင်တာဝန်ယူစဉ်ကပင် ရခိုင် ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ ဒေသ တွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း စသည့် လုပ်ငန်းကော်မတီလေးခုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
တည်ငြိမ်အေးချမ်းမှုကို ရှေးရှု
အဆိုပါလုပ်ငန်းများကို အစိုးရ တစ်ခုတည်းကဆောင်ရွက်၍ မရနိုင် ပါသဖြင့် လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ပါကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သောကိစ္စ များကြောင့် လုပ်ငန်းဆောင်ရွက်ချက် များတွင် နှောင့်နှေးမှုများကြုံတွေ့ခဲ့ရပါကြောင်း၊ ယာယီခိုလှုံရာစခန်းများ သည် ယာယီသာဖြစ်သင့်ပြီး ကာလ ကြာရှည်ပါက ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှုများသည် ရေရှည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုသဟဇာတ ဖြစ်ရေးကို ဦးတည်လျက်ရှိရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ များဖြင့် ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ ယခုအခါ ပြည်တွင်း နေရပ်စွန့်ခွာသူများ၏ စခန်းများကို ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ဖော်ဆောင်ပြီးဖြစ်ရာ လုပ်ငန်းစဉ်များ ချမှတ်ပြီး အကောင်အထည်ဖော်နိုင် ရေးအတွက် အကောင်းဆုံးမျှော်မှန်း၍ ညှိနှိုင်းဆောင်ရွက်မှုများမှ ရရှိလာ သည့် အကောင်းဆုံးအဖြေများကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်းနှင့် ဆောင်ရွက်ကြ ရာတွင် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ကျောက် တစ်လုံး ယာယီခိုလှုံရာစခန်းအတွင်း ၌ နေထိုင်လျက်ရှိကြသော ပြည်တွင်း နေရပ်စွန့်ခွာသူများအား ပြန်လည် နေရာချထားရေးနှင့် စခန်းပိတ်သိမ်း ရေးဆိုင်ရာလုပ်ငန်းများတွင် ညီညွတ် စွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး အတွက် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စခန်းရှိ ပြည်တွင်း နေရပ်စွန့်ခွာသူများက ပညာသင်ကြား ရေး၊ စားဝတ်နေရေး၊ လွတ်လပ်စွာ သွားလာခွင့်နှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးလိုသည့် အချက်များ ကို ဆွေးနွေးပြောကြားကြရာ ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူ များက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဧည့်ရိပ်သာခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံမြို့မိမြို့ဖများ၊ ကျောက်ဖြူ ကျောက်တစ်လုံးယာယီစခန်းရှိ စခန်း တာဝန်ခံနှင့် ကိုယ်စားလှယ်များကို တွေ့ဆုံ၍ ပြန်လည်နေရာချထားရေး နှင့်ပတ်သက်၍ သဘောထားအမြင် များကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း များ ပြုလုပ်ကြသည်။
ယင်းနောက် ကျောက်ဖြူမြို့နယ် ဒေသခံ မြို့မိမြို့ဖများက ကျောက် တစ်လုံး ယာယီခိုလှုံရာစခန်းကို ပြန်လည် နေရာချထားပေးမည့် လျာထားမြေနေရာ အခြေအနေများ နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကျောက်ဖြူ ကျောက်တစ်လုံးစခန်း၏ ပြန်လည် နေရာချထားရေးနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ဒေသခံမြို့မိမြို့ဖ များ၏ သဘောထားများ၊ စခန်း တာဝန်ခံနှင့် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားများကို ဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ UEHRD ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းရှိ နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့် အညီ ဆောင်ရွက်နိုင်ရန် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment