မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေး နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် လွတ်လပ်ရေးကြေညာ စာတမ်းမှစကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ် သို့ ရောက်ခဲ့သည်။ ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်သို့ မရောက်မီကမူ ပဒေသရာဇ်ခေတ်ဖြစ်သည့်အလျောက် နိုင်ငံကို ဖွဲ့စည်းတည်ဆောက်ခဲ့သည့် ပုံစံနှင့် နိုင်ငံရေးစနစ်တို့မှာ ထိုခေတ် နှင့် လျော်ညီသည့်ပုံစံဖြစ်ခဲ့သည်။ ပဒေသရာဇ်မင်းများအချင်းချင်း ဘုန်းလက်ရုံးတို့ အားပြိုင်မှုများ အခါအားလျော်စွာ ရှိခဲ့သော်လည်း လူမျိုးရေးမုန်းတီးမှုမျိုး လုံးဝမဟုတ်ခဲ့။ တိုင်းရင်းသားလူမျိုးများ တစ်မျိုးနှင့်တစ်မျိုးအကြား ကူးယှက်သွားလာဆက်ဆံကာ ချစ်ခင် ရင်းနှီးစွာ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုနိုင်ငံအဖြစ် ထုတ်ဖော်ကြေညာခြင်းမရှိဘဲ လက်တွေ့ကျကျနေထိုင်ခဲ့ကြခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများက ကျူးကျော်ထိပါးလာသည့်အခါများ၌ ဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသများအပေါ်တွင် မိမိတို့၏ ဩဇာအာဏာကို ဖြန့်ကြက်သည့်အခါများ၌ဖြစ်စေ တိုင်းရင်း သားများ၏ စုပေါင်းညီညွတ်သည့်အင်အားများဖြင့် ရင်ဆိုင် ကျော်လွှားစွမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်ကို သမိုင်းမှတ်တမ်း များတွင် ထင်ရှားစွာတွေ့နိုင်သည်။ ထိုသို့ စုပေါင်းညီညွတ်သည့် အင်အားများ အားနည်းပြိုကွဲခဲ့သည့်အခါ၊ အအုပ်အစည်းပျက်၍ ချည့်နဲ့လာသည့်အခါ တိုင်းတစ်ပါးလက်အောက်သို့ ကျွန်အဖြစ် ကျရောက်ခဲ့ရပြီး နိုင်ငံနှင့်လူမျိုး၏ လွတ်လပ်ရေးအတွက် စည်းလုံး ညီညွတ်မှုကို တည်ဆောက်၍ တိုင်းရင်းသားပြည်သူအားလုံး၏ အသက်သွေးချွေးတို့ကို စတေးကာ ပြန်လည်ရယူခဲ့ကြရသည်။
“ငါတို့သည် အမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုး ချမ်းသာကို မလိုလား၊ ကျောသားရင်သား သူကား ငါကား ခွဲခြား ခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာ တောင်တန်း တို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ် အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်ရာ မြန်မာနိုင်ငံတော်တစ်ဝှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး ဤကြိုးသုံးပါး ဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ” ဟူ၍ လွတ်လပ်ရေးကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားတို့၏ ဇာတိချက်ကြွေ မွေး ရပ်မြေဖြစ်ပြီး တိုင်းရင်းသားအားလုံး တစ်စိတ်တည်း တစ်ဝမ်း တည်း၊ တစ်သွေးတည်း တစ်သားတည်း ပြည်ထောင်စုနိုင်ငံကြီး အဖြစ် ကမ္ဘာတည်သရွေ့ စည်းလုံးညီညွတ်စွာ နေထိုင်သွားမည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးတို့ လွတ်လပ်ရေးရရှိရန်အတွက် မိမိတို့၏ ဘိုးဘွားများ အသက်နှင့်ခန္ဓာ၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ စည်းလုံးညီညွတ် စွာ အားထုတ်ကြိုးပမ်းခဲ့ကြရသည်။ နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး သည့်တိုင် မိမိတို့နိုင်ငံ၏ ခရီးပန်းတိုင်ကိုမူ မရောက်ရှိသေး။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးဟူသည့် ရည်မှန်းချက်အိပ်မက်ကို လက်တွေ့ဘဝ၌ အကောင်အထည်ဖော် တည်ဆောက်ကြရဦးမည်။ အဓိကအကျဆုံးသော အင်အားမှာ ပြည်ထောင်စုသားချင်းတို့၏ စည်းလုံးညီညွတ်မှုအင်အားဖြစ်ပြီး တညီတညွတ်တည်း ထားရှိရမည့်စိတ်ဓာတ်မှာ ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်သည်။ တောင့်တင်းခိုင်မာသည့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ရင့်ကျက်ထက်သန်သည့် ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အလျင်အမြန် တည်ဆောက်နိုင်ကြပါစေကြောင်း။ ။
No comments:
Post a Comment