Monday, February 24, 2020

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရန်ကင်းကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း မွမ်းမံပြင်ဆင်မှုစစ်ဆေး




Image may contain: 3 people, people standing and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၃



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း မွမ်းမံပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန် ရှိသူများက သင်တန်းကျောင်း၏ နောက်ခံသမိုင်း၊ ဖွင့်လှစ်ပို့ချနေသည့် သင်တန်းများ၊ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ‘စံ’ သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ NSSA ၏ သတ်မှတ်ချက်နှင့် အညီ Assessment စစ်ဆေးမှုများနှင့် ကျောင်း အတွင်း အဆောက်အဦများ မွမ်းမံပြင်ဆင်မှုများ ကို ရှင်းလင်းတင်ပြကြပြီး JICA မှ Mr. Yamada Ryo က ကျောင်းအစည်းအဝေးခန်းမအသစ် ဖွဲ့စည်းပြင်ဆင်နေမှုကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ကျွမ်းကျင်မှုလေ့ကျင့် ရေး သင်တန်းကျောင်းသည် JICA၊ KND တို့နှင့် ပူးပေါင်း၍ ဆောက်လုပ်ရေး အလုပ်အကိုင် အတွက် လေ့ကျင့်သင်ကြားပေးနေပါကြောင်း၊လျှပ်စစ်၊ အဲယားကွန်း၊ ဂဟေဆက်လုပ်ငန်း စစ်ဆေးအကဲဖြတ်မှုများသည် ကျွမ်းကျင် လုပ်သားများအတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ကြီးဌာနမှ အလေးထားဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သက်မွေးပညာလုပ်ငန်းများနှင့် ပတ်သက်၍ နယ်ပယ်ဇုန်အလိုက် ဈေးကွက် နှင့်ကိုက်ညီသော သင်တန်းများကို တိုးချဲ့ ဖွင့်လှစ်ရန်လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် စဉ်ဆက်မပြတ်အရည်အချင်း မြင့်မားအောင် လေ့လာသင်ယူရန် လိုအပ်ကြောင်း၊ သင်တန်း ကျောင်းအဆောက်အဦ တိုးချဲ့ရေးနှင့် ဝန်ထမ်း အိမ်ရာ ဆောက်လုပ်ရေးတို့ကို နှစ်အလိုက် ဘတ်ဂျက်လျာထား ဆောင်ရွက်ရန် လိုအပ် ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ကျောင်းအတွင်း အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲ၌ အအေးပေးလုပ်ငန်းနှင့် လေအေးပေး စက် တပ်ဆင်မှုပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်မည့် လူငယ်များကို လေ့ကျင့်ပေးနေမှုနှင့် လေအေး ပေး စက်တပ်ဆင်မှု အဆင့် ၁ စစ်ဆေးအကဲဖြတ် နေမှုတို့ကို ကြည့်ရှုအားပေးပြီး JICA ၏ အကူ အညီဖြင့် ကျောင်းအစည်းအဝေးခန်းမနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့အား ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းပိုင်း ဆိုင်ရာများကို မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment