Monday, February 24, 2020

ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်စေရေးဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေး




Image may contain: one or more people and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၃



နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်စေရေးဦးတည်သော အမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းလွင်က အဖွင့်အမှာစကားပြောကြား ရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုသည့် ရည်မှန်းချက် ပန်းတိုင်ပြည့်မီအောင် ဖြစ်စေရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် အရေးကိစ္စများကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ရေတိုရေရှည် နည်းလမ်းများဖြင့် စီမံဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီလေးခု ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြောင်း။
ထို့အပြင် ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်ထောင်စု စီမံကိန်းဖြစ်သည့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များအား ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရန် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကိုလည်း ပြုလုပ် ပေးခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ အပါ အဝင်ကဏ္ဍအသီးသီး ပိုမိုတိုးတက်လာစေရန် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အားလုံးဝိုင်းဝန်းကြိုးပမ်း
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ရခိုင် ပြည်နယ်တွင် အရေးတကြီးလိုအပ်နေကြောင်း၊ ရခိုင် ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအကြား လူမှု သဟဇာတဖြစ်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အဓိကကျပြီး လွန်စွာမှအရေးကြီးကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCEDAW) ကို လက်မှတ်ရေးထိုးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအပါအဝင်ဒေသတွင်း အမျိုးသမီးအဖွဲ့များနှင့် လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပဋိပက္ခ ကာလအတွင်းအမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲ ကြေညာချက်(Joint communique)ကို ပဋိပက္ခအတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် လက်မှတ် ရေးထိုးပြီးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) ကိုလည်း ရေးဆွဲပြီး လွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်ကြောင်း၊ ယခုလိုဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော မတူကွဲပြားသည့်သူများအကြား အပြန်အလှန်လေးစားမှု နဲ့ အပြန်အလှန်နားလည်မှုတို့ တိုးတက်စေပြီးငြိမ်းချမ်းရေး တိုးတက်မှုအတွက် အားကောင်းလာစေလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့များ၏ နားလည်ပံ့ပိုးမှုသည် အရေးကြီး သောကြောင့် ဆက်လက်ပံ့ပိုးကူညီရန် တိုက်တွန်းလို ပါကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်းမှ ရှောင်လွှဲရန်နှင့် ပဋိပက္ခများအဆုံးသတ်စေရန် အားလုံးဝိုင်းဝန်း ကြိုးပမ်း ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာကျော်ရင်လှိုင်က CDNH အဖွဲ့၏ ဆောင်ရွက်လျက်ရှိသော လူမှုသဟဇာတ ဖြစ်စေရေး ဦးတည်သည့်လုပ်ငန်းများ အကြောင်းကို လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ဆွေးနွေးပွဲ များ ကျင်းပရခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ NRPC မှ တာဝန်ရှိသူများ၊ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂအဖွဲ့များနှင့် ICRC တို့မှ အကြီးအကဲများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များမှ တာဝန်ရှိသူများနှင့် ရခိုင် ပြည်နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ် ၁၄၀ တက်ရောက် ကြသည်။
ထို့နောက် ဆွေးနွေးပွဲပထမနေ့ကို ဆက်လက် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ က ပြန်လည်ဆွေးနွေးကြသည်။
ငါးရက်ကြာ ကျင်းပမည်ဖ
ဆွေးနွေးပွဲကို ငါးရက်ကြာ ကျင်းပမည်ဖြစ်ပြီး လူမှု သဟဇာတဖြစ်စေရေးကို ဦးတည်သော အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆွေးနွေးသွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment