Wednesday, February 26, 2020

ပြည်သူလူထု၏ အရည်အချင်းသည် နိုင်ငံ၏အရည်အချင်း ပြည်သူလူထု၏ တန်ဖိုးသည် နိုင်ငံ၏တန်ဖိုး


မြန်မာ့အလင်းအယ်ဒီတာအာဘော်



နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရင်းအနှီးရှိဖို့က လွန်စွာ အရေးကြီးသည်။ အရင်းအနှီးဟူသော ယေဘုယျစကားလုံးတွင် ငွေကြေးအရင်းအနှီး၊ ရုပ်ဝတ္ထုအရင်းအနှီးနှင့် လူသားအရင်းအနှီး တို့ ပါဝင်လျက်ရှိပြီး အဆိုပါ အရင်းအနှီးသုံးရပ်အနက် လူသား အရင်းအနှီးက အခြေခံအကျဆုံး၊ အဓိကအကျဆုံးပင် ဖြစ်သည်။ သို့အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ ထိုနိုင်ငံ၏ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု သုတေသီများက လက်ခံအသိအမှတ်ပြု ထားကြသည်။
နိုင်ငံအတွင်းရှိ အလုပ်လုပ်သည့် အရွယ် လူများ၊ ထိုလူများ၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ရေးရာ အခြေ အနေနှင့် သဘောထားအယူအဆတို့သည် ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကို စွမ်းဆောင်ပေးနိုင်သော လူသားအရင်းအမြစ်များပင်ဖြစ်သည့် အလျောက် လူသားအရင်းအမြစ် အရည်အသွေးမြင့်မားလာစေရန် ပြုစုပျိုးထောင်ခြင်း၊ နိုင်ငံ၏လူသားအရင်းအမြစ်များကို စုစည်း၍ ထိထိရောက်ရောက် အသုံးချခြင်းအားဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်သည်။ လူသားအရင်းအမြစ် အရည်အသွေး မြင့်မားလာစေရေး ပြုစုပျိုးထောင်ရာတွင် အဓိကအကျဆုံး လုပ်ငန်းများမှာ ပညာရေးနှင့် ကျန်းမာရေးတို့ပင်ဖြစ်သည်။ ပြည်သူများ ပညာတတ်မြောက်မှ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုအဆင့်အတန်းတို့ မြင့်မားမည်ဖြစ်ပြီး ပြည်သူများ ကျန်းမာကြံ့ခိုင်မှ ကာယဉာဏစွမ်းအားနှင့် အလုပ်လုပ်နိုင်မှု စွမ်းရည်တို့ တိုးတက်လာမည်ဖြစ်သည်။
“... ပြည်သူတွေဟာ နိုင်ငံအတွက် အဓိကကျပါတယ်။ ပြည်သူ လူထုရဲ့ အရည်အချင်းဟာ နိုင်ငံရဲ့ အရည်အချင်းပါ။ ပြည်သူလူထု ရဲ့ တန်ဖိုးဟာ နိုင်ငံရဲ့ တန်ဖိုးပါ။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေး ကို အလေးထားတယ်ဆိုတာ ကျွန်မတို့ရဲ့ ကလေးတွေကို တန်ဖိုး ရှိတဲ့ လူကြီးတွေ ဖြစ်အောင်လို့ပါ။ ကျွန်မတို့ကလေးတွေဟာ ကျန်းမာတယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာတန်ဖိုး ပြည့်တာပါ။ ပညာရှိ တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးပြည့်တာပါ။ ပညာရှိတယ် ဆိုတဲ့နေရာမှာ တက္ကသိုလ်ဘွဲ့ရတာတွေ ပြောနေတာမဟုတ်ပါဘူး။ ပညာရှိတယ်ဆိုတာ ဘဝပြဿနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်းတွေကို ဆိုလိုတာပါ။ ဒါကြောင့် အသက်မွေး ဝမ်းကျောင်းပညာကို ကျွန်မအလွန်အားပေးပါတယ်။”ဟူ၍ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့ကရိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည့် အချက်မှာ နိုင်ငံတော်၏လူသားအရင်းအမြစ် ပျိုးထောင်ရေးအတွက် အလေးအနက် ဆောင်ရွက်ချက်နှင့် သဘောထားများပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ လူသားအရင်းအမြစ် တန်ဖိုးမြင့်မားလာရေး အတွက် ဆောင်ရွက်ရာတွင် (၁) လူ့အဖွဲ့အစည်း(သို့မဟုတ်) အစိုးရ၊ (၂) ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် (၃) လူ့အဖွဲ့အစည်းအတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့ သုံးဦး သုံးဖလှယ် ရင်းနှီးမြှုပ်နှံကြရသည် ဟု အဆိုရှိသည်။ လူ့အဖွဲ့အစည်း သို့မဟုတ် အစိုးရက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း စသည့်လုပ်ငန်းများတွင် လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ငန်းခွင်လေ့ကျင့်မှု အတွက်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းက မိမိတို့၏ ကိုယ်ပိုင် အချိန်နှင့် ငွေကြေးတို့ကိုလည်းကောင်း အသီးသီးမြှုပ်နှံကြရခြင်း ဖြစ်ပြီး ထွက်ပေါ်လာသည့် လူသားအရင်းအမြစ်ကို ထိထိ ရောက်ရောက် အသုံးချခြင်း၊ လုပ်အားအရည်အသွေး မြင့်မား တိုးတက်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအတွက် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် နိုင်ငံအတွင်းရှိ လူမှုရေးအင်အားစုအသီးသီး၏ ပူးပေါင်းဆောင်ရွက် မှုကို ရယူခြင်းအားဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုနှင့် နိုင်ငံ စီးပွားဖွံ့ဖြိုးမှုတို့ အချိတ်အဆက်မိမိ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပညာရှင်များက မိန့်ဆိုထားကြသည်။
ပြည်သူလူထု၏ အရည်အချင်းသည် နိုင်ငံ၏ အရည်အချင်း၊ ပြည်သူလူထု၏ တန်ဖိုးသည် နိုင်ငံ၏တန်ဖိုး ဖြစ်သည့်အလျောက် အရည်အချင်းပြည့်ဝသည့် ပြည်သူများ၊ တန်ဖိုးမြင့်မားသည့် ပြည်သူများ ဖြစ်ထွန်းလာရေးအတွက် အားလုံးကိုယ်စီ အားထုတ် ကြိုးပမ်းနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment