Thursday, February 20, 2020

ညီညွတ်မှ အေးချမ်း အေးချမ်းမှ တိုးတက်မည်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



သမဂ္ဂါနံ တပေါ သုခေါ- စည်းလုံးညီညွတ်ခြင်းက ချမ်းသာခြင်း ကို ဆောင်ကြဉ်းနိုင်သည်ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား တော်မူခဲ့သည်။ စည်းလုံးညီညွတ်ခြင်းဟူသည် မကွဲပြားခြင်း၊ မခွဲခြားခြင်းလည်းဖြစ်သည်။ မတူကွဲပြားမှုများ တညီတညွတ် တည်း စုစည်း စည်းလုံးလာသည့်အခါ ခွန်အားနှင့် စွမ်းအင်လည်း ပေါ်ထွက်လာသည်။ စည်းလုံးညီညွတ်သည့် အင်အားဖြင့် စိန်ခေါ် မှုများကို တွန်းလှန်နိုင်သည်။ အခက်အခဲများကို ကျော်လွှားနိုင် သည်။ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ကာ အောင်မြင်မှုကို ရယူနိုင်သည်။ သို့အတွက်ကြောင့်ပင် “စည်းလုံးခြင်းသည် အင်အား” ၊ “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဟူသော အဆိုအမိန့်တို့ရှိနေခြင်းဖြစ်သည်။
“ကျွန်မတို့နိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်သေးဘူး ဆိုတာ အများသိပြီးသားလို့ ယူဆပါတယ်။ နိုင်ငံတစ်နိုင်ငံ ချမ်းသာခြင်းဆိုတာ ပြည်သူတွေရဲ့ စွမ်းအားပေါ်မှာ မူတည်ပါ တယ်။ ဘယ်လောက်ပဲ နိုင်ငံတစ်နိုင်ငံဟာ အခြေအနေတွေ ဆိုးနေပါစေ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြတယ် ဆိုရင် တိုးတက်ဖို့ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အင်မတန် ကြိုးစားပြီးတော့ အလုပ်လုပ်တဲ့ နိုင်ငံတွေမှာ တစ်ဟုန်ထိုး တိုးတက်သွားတယ်ဆိုတာ အားလုံးလည်း တွေ့ကြမှာပါ။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးလမ်းစ ကတော့ ညီညွတ်မှုပါပဲ။ နိုင်ငံအတွင်းမှာ ညီညွတ်မှ နိုင်ငံဟာ အေးချမ်းနိုင်မှာ။ နိုင်ငံအေးချမ်းမှ တိုးတက်မှာ။ ဒီဟာကို သာမန် လူသားများရဲ့ အမြင်နဲ့ကြည့်ရင် ညီညွတ်မှုဟာ တိုးတက်မှုပါပဲ။ ဘာသာရေးအရ ကြည့်မယ်ဆိုရင်လည်း ညီညွတ်မှုဟာ တိုးတက်မှု ပါပဲ”- ဟူ၍ ချင်းပြည်နယ် ထန်တလန်မြို့တွင် ဒေသခံပြည်သူ များနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်မှ ကောက်နုတ်ချက်ကလည်း ညီညွတ်မှုသည် အေးချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့၏ အခြေခံ၊ မူလအစ ဖြစ်သည်ကို ညွှန်ပြထားခြင်းပင်ဖြစ်သည်။
မတူကွဲပြားမှုများ စုပေါင်းလိုက်သည့်အခါ အင်အားတစ်ရပ် ဖြစ်လာသည့်ဆိုသည့်တိုင်အောင် ထိုအင်အားက ညီညွတ်ဖို့ လိုသည်။ ညီညွတ်မှသာလျှင် စည်းလုံးညီညွတ်ခြင်း၏ အင်အား ထွက်ပေါ်လာသည်။ လှေပြိုင်ပွဲမှ ပြိုင်ပွဲဝင်လှေများကို ကြည့်လျှင် ယင်းဥပမာကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။ ပြိုင်လှေ တစ်စင်းပေါ်မှ လှေတော်သားများ တညီတညွတ်တည်း တက်ညီ လက်ညီ လှော်ခတ်ကြပါမှ ပန်းတိုင်သို့ လျင်လျင်မြန်မြန် ရောက်မည်။ ပြိုင်ဘက်လှေများကို ကျော်ဖြတ်နိုင်ဖို့ အားကုန် ထုတ်ကာ ဟန်ချက်ညီညီ လှော်ခတ်ကြရသည်။ တက်မညီ လက်မညီသည့် လှေက နောက်မှာ ကျန်ရစ်ခဲ့သည်။ ပြိုင်ပွဲဝင် လှေတွင် လှေတော်သားတို့ တက်ညီလက်ညီ လှော်ခတ်နိုင်ဖို့ ပဲ့ကိုင်သူက စည်းချက်ညီညီ ငြာသံပေးသည်။ ယင်းစည်းချက် အတိုင်း ညီညီညွတ်ညွတ် လှော်ခတ်နိုင်သည်နှင့်အမျှ ပြိုင်လှေ၏ အရှိန်နှုန်းကလည်း မြင့်သထက် မြင့်လာသည်။
တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် မိမိတို့နိုင်ငံမှာ စည်းလုံးညီညွတ်မှုက ထာဝရလိုအပ်သည်။ မိမိတို့နိုင်ငံသည် ပိုင်နက်နယ်နိမိတ်အရဖြစ်စေ၊ လူဦးရေအရဖြစ်စေ နိုင်ငံကြီး မဟုတ်။ ချမ်းသာသည့် နိုင်ငံလည်း မဟုတ်သေး။ အုတ်မြစ်ချပြီးစ ဒီမိုကရေစီကလည်း နုနယ်သေးသည်။ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ဖြစ်လာစေဖို့အတွက် ပြုဖွယ်ကိစ္စတို့ များစွာရှိနေသေးသည်။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးအားလုံးအတွက် စည်းလုံးခြင်း၊ ညီညွတ် ခြင်းတို့သည် ပစ္စုပ္ပန်တွင်ရော၊ အနာဂတ်တွင်ပါ ထာဝရစွဲကိုင် သွားကြရမည့် လက်ကိုင်တရားတို့ဖြစ်သည်ဟူ၍ နှိုးဆော် အပ်ပါကြောင်း။ ။

No comments:

Post a Comment