Sunday, February 23, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဇန်နဝါရီလ) အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၀၁ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား




Image may contain: 7 people, people sitting, table and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၂



ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ (၃၂) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်း အဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုပ်ငန်းကော်မတီ
(၅)ရပ်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံ သတ္တု လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာ စီးပွားရေး အင်နီရှီတစ် (UMFCCI)၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ကော်မတီ (၅)ရပ် ဖွဲ့စည်း
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြား ရာတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များ ကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ၂၀၁၆ ခုနှစ် အောက်တို ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် သုံးနှစ် သုံးလကျော်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန် များကို အောင်မြင်အောင်ဆောင်ရွက် နိုင်ရန်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် “လုပ်ငန်း ကော်မတီ (၅)ရပ်”ကို ဖွဲ့စည်းခဲ့၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်ခဲ့ရာ ပြီးခဲ့သည့် (၃၁)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အထိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် များ၏ အခက်အခဲအကြံ ပြုတင်ပြချက် စုစုပေါင်း ၃၆၉ ချက်ကို “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ” မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါ ကြောင်း။
အဆိုပါ ပြန်ကြားချက်များတွင် လုံး၀ပြီးပြတ်အောင် ဖြေရှင်းဆောင် ရွက်ပေးနိုင်သည်များရှိသကဲ့သို့ အချို့ အချက်များသည် အချိန်ယူ၍ ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေး ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် “လုပ်ငန်းကော်မတီ (၅)ရပ်” မှ တာဝန် ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပြီး Public- Private Dialogue များပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
ကုန်သွယ်မှုပမာဏ
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အရေးကြီးသည့် ကုန်သွယ်ရေးကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ပူးပေါင်း၍ တက်ညီ လက်ညီ ဆောင်ရွက်လျက်ရှိရာ “၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ကုန်သွယ် မှုပမာဏ”သည် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁၄၇ ဘီလီယံရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဇန်နဝါရီလ)အထိ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၁၀၁ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပါ ကြောင်း၊ ယင်းကုန်သွယ်မှုပမာဏတွင် “ပုဂ္ဂလိက ကဏ္ဍ”မှ ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၉၅ ဘီလီယံ ပါဝင်သည့်အတွက် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် (၈၆ ရာခိုင်နှုန်း) အထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရပါ ကြောင်း။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန် “ကုန်သွယ်ရေးကဏ္ဍ” သာမက “ရင်းနှီးမြှုပ်နှံမှုကဏ္ဍ” ကိုလည်း မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိ ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ကြည့်လျှင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အထိခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၉၄၃ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၉၆၄ ဘီလီယံရှိ၍ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေ အတွက်အနေဖြင့် ၁၆၇၆ ခုနှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၆၃ ဘီလီယံအပါအဝင် ငွေကျပ် ၂၀၂၃၂ ဒသမ ၇၂၀ ဘီလီယံ ရှိသည်ကို တွေ့ရပါကြောင်း။
တရားမဝင် ကုန်သွယ်မှု
မြန်မာနိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံး ဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေ အနေ ညွှန်းကိန်းမြင့်တက်လာမှုနှင့် စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာန အချင်းချင်းအကြား ပူးပေါင်းမှု မြှင့်တင်ရန်အတွက် “တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါ ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အညွှန်းကိန်းများအပေါ် အခြေခံပြီး “အစိုးရမူဝါဒဆိုင်ရာလုပ်ငန်းကော်မတီ”၊ “ရောင်းလိုအားနှင့် ဝယ်လိုအားဆိုင်ရာ လုပ်ငန်း ကော်မတီ” ၊ “ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ” နှင့် “အကောက်ခွန် လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ” တို့ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန များဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင် ရေး အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့” များကိုလည်း ဖွဲ့စည်း ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အထူး အဖွဲ့များအနေဖြင့် “၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ” မှ “၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ” အထိဖမ်းဆီးရရှိမှုမှာ ၂၇၀၉ ကြိမ် ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄ ဒသမ ၁၆၂ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။
Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က ထုတ်ပြန်မည့် Doing Business 2021 Report တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လကုန်အထိ ဆောင်ရွက်ချက်များကို သာ ထည့်သွင်းစဉ်းစားမည်ဖြစ်သည့် အတွက် ကျန်ရှိသည့် နှစ်လကျော် ကာလအတွင်း “သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများ” အနေ ဖြင့် စီးပွားရေးဝန်းကျင် တိုးတက် ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်သည့်အခါတွင် လက်ရှိနှုန်းထက် အဆပေါင်းများစွာ ကြိုးစားသွားရမည် ဖြစ်ပါကြောင်း၊ “ဌာနဆိုင်ရာများ” အနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် ပြုပြင် ပြောင်းလဲမှုများကို အများပြည်သူ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်ပေး
ထို့အပြင် ကမ္ဘာ့ဘဏ်၏ စစ်တမ်း မေးခွန်းလွှာများကို ဖြေဆိုကြသည့် အခါတွင် ဌာနဆိုင်ရာက ဖြေဆိုမှုထက် ပုဂ္ဂလိက ကဏ္ဍက ဖြေဆိုသည့် လက်တွေ့အခြေအနေများကို အစီရင် ခံစာတွင် ထည့်သွင်းတွက်ချက်ခြင်း ဖြစ်သည့်အတွက် “ပုဂ္ဂလိကလုပ်ငန်း ရှင်များ” အနေဖြင့် ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲ မှုများကိုသိရှိပြီး စစ်တမ်းမေးခွန်းလွှာ များကို မှန်မှန်ကန်ကန် ဖြေဆို နိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်” အနေ ဖြင့်လည်း လိုအပ်နေသည့် ပံ့ပိုး ချိတ်ဆက်မှုများကို ကူညီဆောင်ရွက် ပေးသွားရန် မေတ္တာရပ်ခံပြောကြား လိုပါကြောင်း။
အရှိန်အဟုန်မြှင့်တင်
Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍ မှ အရှိန်အဟုန်မြှင့်တင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်” မှ Ease of Doing Business Task Force ဖွဲ့စည်းထားသည်ကို သိရှိရသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းအဖွဲ့အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် ချိတ် ဆက်ပြီး အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးမည့် အသင်းအဖွဲ့များအနေ ဖြင့်လည်း ဆွေးနွေးမည့် ကဏ္ဍများ နှင့်သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြ သည့်အတွက် မိမိတို့အသင်းအဖွဲ့ များ၏ တွေ့ကြုံနေရသည့် အခက်အခဲ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြရန် ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြား သည်။
ရှင်းလင်းပြောကြား
ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က Coronavirus Disease 2019 (COVID-19)ကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများတွင် အကျိုးသက်ရောက် နိုင်မည့် ကိစ္စရပ်များအပေါ် စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှုအခြေအနေများ၊ ဥပဒေများ၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ Project Bank တည်ထောင် ထားရှိမှု အခြေအနေများ၊ ချေးငွေ ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေများ၊ နိုင်ငံတကာ ကုန်စည်ပြပွဲများ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေ မှုအခြေအနေများ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၏ တွေ့ကြုံနေရသည့် အခက်အခဲ တင်ပြချက်များကို လုပ်ငန်း ကော်မတီ(၅) ရပ်အနေဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ဦးစွာ တွေ့ဆုံ၍ ဖြေရှင်းဆောင်ရွက်ပေး သွားမည့်အခြေအနေများ၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခါ အားလျော်စွာ တွေ့ဆုံဆွေးနွေးသွား မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် “ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ” ဥက္ကဋ္ဌ ဦးကပ်ခင်းပေါင်၊ “ မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင် များအသင်း ” ဥက္ကဋ္ဌ ဒေါ်ခိုင်ဝေသွယ်၊ “ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် ” ဒုတိယဥက္ကဋ္ဌ ဦးနေဝင်း ထွန်းနှင့် “ မြန်မာစီးပွားရေးအင်နီရှီတစ် (UMFCCI) ၏ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုအဖွဲ့ ” အတွင်းရေးမှူး ဒေါ်ခိုင်ဝေသွယ်တို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တွေ့ကြုံ နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
အဆိုပါ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အကြံပြုတင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment