Wednesday, February 26, 2020

တန်ဖိုးရှိသည့် နိုင်ငံသားဖြစ်အောင်ကြိုးစား

အယ်ဒီတာ့အာဘော်
------------------------
Image may contain: text that says 'The Mirror Daily Established in 1957'

နိုင်ငံကိုတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အဓိကကျသည်။ အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရာ၌ ပြည်သူလူထု၏ ထောက်ခံမှု၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုမရလျှင် ရေတိုတွင် အောင်မြင်နိုင်သော်လည်း ရေရှည် တွင်မူ အောင်မြင်မှုရနိုင်မည်မဟုတ်ပေ။
ယင်းအခြေအနေကို ဖြတ်သန်းလာခဲ့ရသည့် မြန်မာ့နိုင်ငံရေးသမိုင်း ကြောင်းနှင့် ပြာပုံဘဝမှ ရုန်းထတိုးတက်လာသော ကမ္ဘာပေါ်မှ နိုင်ငံများကို လေ့လာကြည့်လျှင် သိမြင်နိုင်မည်ဖြစ်သည်။ ပြည်သူသည် နိုင်ငံအတွက် အဓိကကျသည်ဖြစ်၍ ပြည်သူလူထုတစ်ဦးချင်းအရည်အချင်းမြင့်မားပြီး လူတိုင်းလူတိုင်း တန်ဖိုးရှိအောင်နေထိုင်ကာ မိမိနိုင်ငံအတွက် မိမိအစိုးရ နှင့်လက်တွဲညီညီဆောင်ရွက်ကြသဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ ကိုလည်း မြင်တွေ့နိုင်သည်။
ထို့ကြောင့် အရည်အချင်းရှိသောပြည်သူများ၊ တန်ဖိုးရှိသော နိုင်ငံသား များ ဖြစ်လာအောင် နိုင်ငံတော်အစိုးရက ကလေးငယ်များဘဝမှစ၍ ပညာရေး၊ ကျန်းမာရေးတို့ကို အလေးထားမြှင့်တင်အားပေးနေသည်။ လူငယ်လူရွယ်များ တန်ဖိုးရှိသည့်လူကြီးများဖြစ်လာအောင် ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးပြည့်မည့် ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာတန်ဖိုးပြည့်မည့် ပညာရေး တို့ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသည်။ အရာရာ၌ အဓိကကျသည့် ပညာဖြင့် စဉ်းစားဆင်ခြင်တွေးခေါ်နိုင်အောင် ဖန်တီးဖော်ဆောင်ပေးသည်။
ထိုသို့ဖန်တီးဖော်ဆောင်ကြရာ၌ ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များကိုယ်တိုင် မိမိအတွက်၊ မိမိနိုင်ငံ၏ အနာဂတ်အတွက် ခံယူချက် နှင့် ပြင်းပြထက်သန်သော ဇွဲလုံ့လဝီရိယရှိရမည်ဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ဘဝ ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် ပညာသင်ကြားစဉ်က ကျောင်းအစည်းအဝေး တစ်ခုတွင် ကျောင်းသားများ အနာဂတ်တွင် တကယ့်လူတော်လူကောင်း ဖြစ်စေရန် ပြောကြားချက်မှာ အစဉ်အမြဲမှတ်သားစရာဖြစ်သည်။
"ကျွန်တော်တို့ အမျိုးသားကျောင်းသားတွေဟာ ကျောင်းစာကို ကုန်းဖတ်နေရုံနဲ့ တာဝန်ကျေပွန်ပြီလို့ မဆိုနိုင်ဘူး။ မြန်မာပြည်ကြီး သူများလက်အောက်ခံ ကျွန်ဖြစ်နေတာကို ကျွန်ဘဝကလွတ်မြောက်အောင် ဘယ်လိုဖန်တီးကယ်တင်ရမယ်ဆိုတာ ခုနေကစဉ်းစားဖို့တော်ပြီ။ ဒါတင်မက သေးဘူး၊ အခုခင်ဗျားတို့၊ ကျွန်တော်တို့ ရာဇဝင်ဘာသာ သင်နေရတယ်။ ရာဇဝင်ကို တတ်သိနားလည်ရုံနှင့်မပြီးဘူး။ ရာဇဝင်ကို ဖန်တီးပေးနိုင်တဲ့ လူတွေဖြစ်လာအောင် ကိုယ်တိုင်ကြိုးစားကြမှ တကယ့်လူတော်လူကောင်း တွေလို့ ဆိုနိုင်မယ်"ဟု ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘဝကပင် အပြောနှင့် အလုပ် ကို လက်တွေ့တစ်ထပ်တည်းပြသခဲ့သည်။ ရာဇဝင်ပြောင်မြောက်သော၊ မြန်မာနိုင်ငံအတွက် ရာဇဝင်မော်ကွန်းရေးထိုးနိုင်သော အမျိုးသားခေါင်းဆောင်၊ အာဇာနည်ခေါင်းဆောင်ကြီး ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင် လေးစားမြတ်နိုးတန်ဖိုးထားသော ယနေ့ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များအနေဖြင့် ကျောင်းပညာများကိုသင်ကြားရုံဖြင့် မပြီးသေးဘဲ အနာဂတ်ကိုဖန်တီးနိုင်မည့် တကယ့်လူတော်လူကောင်းများဖြစ်လာအောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။
ယနေ့လူငယ်လူရွယ်များသည် အနာဂတ်ကိုဖန်တီးနိုင်သူများ၊ တိုင်းပြည်၏ အားထားရမည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားရမည် ဖြစ်သလို အရည်အချင်းရှိသော ပြည်သူများ၊ တန်ဖိုးရှိသော နိုင်ငံသားများ ဖြစ်အောင်လည်း အားထုတ်ရမည်ဖြစ်သည်။ လူတစ်ဦးချင်းစီတွင် တန်ဖိုး များ၊ အရည်အချင်းများ ကိုယ်စီကိုယ်စီရှိပြီးဖြစ်ရာ မိမိတို့သင်ယူဆည်းပူး ခဲ့သော ပညာကိုအခြေခံသည့် တွေးခေါ်မြော်မြင် ဆင်ခြင်မှုများနှင့် ပေါင်းစပ်၍ မိမိဘဝ၊ မိမိနိုင်ငံ အနာဂတ်ဘဝတိုးတက်အောင် ကြိုးပမ်း အားထုတ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူ များ၏ဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်၍ တန်ဖိုးရှိသော၊ အရည်အချင်းရှိသော နိုင်ငံသူ နိုင်ငံသားများဖြစ်လာအောင် ကြိုးပမ်း အားထုတ်ပြီး နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။ ။

No comments:

Post a Comment