Wednesday, February 26, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ




Image may contain: 1 person, standing
နေပြည်တော် ဖေဖော်ဝါရီ ၂၅



မွန်ပြည်နယ် မော်လမြိုင်မြို့၌ရောက်ရှိနေသည့် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့မှ ဒေသခံပြည်သူများ နှင့် တွေ့ဆုံသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင် ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ သည် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ မော်တော်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာကြပြီး မြဝတီမြို့သို့ ရောက်ရှိ ရာ မြို့တွင်းလမ်းမတစ်လျှောက်၌ ဒေသခံတိုင်းရင်းသား ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြဝတီမြို့နယ် မြစန္ဒီပန်းခြံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “တစ်တိုင်းပြည်လုံး ဘယ်နေရာကိုသွားသွား တတ်နိုင်သမျှ ပြည်သူလူထုနဲ့တွေ့ဆုံဖို့ ကျွန်မတို့က စီစဉ်ပါတယ်။ ဒီတွေ့ဆုံပွဲတွေ အောင်မြင်ဖို့ဆိုတာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဆိုတာ ပထမဆုံး စည်းကမ်းရှိဖို့လိုပါ တယ်။
တကယ်တော့ ကျွန်မတို့နိုင်ငံ ရှေ့တန်းကိုရောက်ချင် ရင် ပိုပြီးအင်အားနည်းတဲ့လူတွေကို ကြင်နာတဲ့စိတ်၊ ပိုပြီး စာနာတဲ့စိတ်၊ ပိုပြီးတန်ဖိုးထားတဲ့စိတ်တွေကို ကျွန်မတို့ အားလုံး တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ နှလုံးသား ထဲမှာ မွေးမြူရမှာပါ။ ဒီလိုစိတ်ဓာတ်တွေကို အခုလိုပွဲမျိုး ကစပြီး ပြုစုပျိုးထောင်ရပါမယ်။ ကိုယ်တစ်ယောက်တည်း အတွက်မဟုတ်ဘဲ ဘေးကပတ်ဝန်းကျင်က တခြားလူတွေ အတွက် အဆင်ပြေအောင်လို့လည်း ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်။ အဲဒီလိုစဉ်းစားနိုင်မှ ကျွန်မတို့နိုင်ငံ တိုးတက် နိုင်မှာပါ။
နိုင်ငံ့အတွက် အမြဲနိစ္စဓူ၀ တွေးစေချင်
ကျွန်မတို့နိုင်ငံကို အရည်အချင်းပြည့်စုံစေချင်တယ် ဆိုရင် ပထမဦးဆုံးစရမှာက ကိုယ့်ကိုယ်ကိုယ် အရည် အချင်းပြည့်စုံအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ် ကိုယ် အရည်အချင်းပြည့်စုံအောင် မလုပ်ဘဲနဲ့ နိုင်ငံက အရည်အချင်းမပြည့်ပါဘူးလို့ ပြောနေရင် ဒါ အရှေ့အနောက် မညီတဲ့စကားလို့ ကျွန်မတို့ ပြောရမှာပါ။ ဒါကြောင့် ပြည်သူ တွေကို နိုင်ငံ့အတွက် အမြဲနိစ္စဓူ၀ တွေးစေချင်ပါတယ်။ နိုင်ငံ့အတွက် စဉ်းစားစေချင်ပါတယ်။ နေ့တိုင်းနေ့တိုင်း ငါ့နိုင်ငံအကျိုးအတွက် ဘာလုပ်နေသလဲဆိုတာကို ကိုယ့် ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်စေချင်ပါတယ်။
ဒီလိုပြောတဲ့အတွက် တချို့က ကျွန်တော်တို့၊ ကျွန်မ တို့ အလုပ်တွေက နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပါဘူးလို့ ပြောကြ ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းရဲ့ လုပ်ရပ်မှန်သမျှ ဟာ နိုင်ငံနဲ့ ဆိုင်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ပညာတတ်အောင်သင်ယူခြင်းက နိုင်ငံအတွက် တာဝန်ကျေအောင်လုပ်ခြင်း ဖြစ်ပါတယ်။ ဈေးသည်က ဈေးရောင်းတဲ့အခါမှာ မှန်မှန်ကန်ကန်နဲ့ ကောင်းကောင်း မွန်မွန်လုပ်နေတယ်ဆိုတာ နိုင်ငံအတွက် လုပ်တာပါ။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းအနေနဲ့ ကိုယ့်ကိုယ် ကိုယ် ဂုဏ်ရှိအောင်၊ သိက္ခာရှိအောင် နေထိုင်ကျင့်ကြံခြင်း ကလည်း နိုင်ငံအတွက် လုပ်တာဖြစ်ပါတယ်။
တစ်ဖက်က တိုးတက်နေတဲ့နိုင်ငံကို မြင်နေရ
နိုင်ငံက ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံဆိုတာ မြဝတီလို နေရာမျိုးက ပြည်သူလူထုကို ပြောဖို့မလိုပါဘူး။ ဘာဖြစ် လို့လဲဆိုရင် တစ်ဖက်က တိုးတက်နေတဲ့နိုင်ငံကို မြင်နေရ ပါတယ်။ တစ်ဖက်နိုင်ငံရဲ့ အခြေအနေနဲ့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေ ဘယ်လိုကွာခြားတယ်ဆိုတာကို မြင်နေရပါ တယ်။ လက်တွေ့ကျကျပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက နယ်စပ်ဖြတ်ကျော်ပြီး တစ်ဖက်နိုင်ငံ မှာ အလုပ်လုပ်ရပါတယ်။ အဲဒီလို အလုပ်လုပ်တဲ့အတွက် မိသားစုတွေ တကွဲတပြားနေထိုင်ရပါတယ်။ မိသားစုတိုင်း၊ မိသားစုတိုင်းဟာ တကယ်တော့ စုစုစည်းစည်းနဲ့ နေနိုင်မှ ကောင်းပါတယ်။ အကြောင်းကြောင်းကြောင့် မိသားစုဟာ စုစုစည်းစည်းနဲ့ မနေနိုင်ဘူးဆိုရင် ဒီမိသားစုရဲ့ တိုးတက် မှုကို ထိခိုက်ပါတယ်။
ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေက နိုင်ငံရပ်ခြား မှာသွားပြီး အလုပ်လုပ်ရတယ်ဆိုရင် ကျွန်မတို့နိုင်ငံကို ထိခိုက်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေအရ ကိုယ်တိုင် ရွေးချယ်ပြီး အလုပ်လုပ်တယ်ဆိုတာက တစ်မျိုးပါ။ ဝမ်းရေး အတွက် မဖြစ်မနေသွားလုပ်ရမယ်ဆိုရင် နိုင်ငံနဲ့ ကိုယ့် မိသားစု၊ ကိုယ့်ရပ်ရွာကိုပစ်ပြီး သွားလုပ်ရတယ်ဆိုတာမျိုး ကို ကျွန်မတို့ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်တယ်ဆိုတာ ကျွန်မတို့ရဲ့ ပြည်သူလူထု အတွက် ရွေးချယ်ပိုင်ခွင့်တွေ များဖို့ဖြစ်ပါတယ်။
ပြည်သူတွေကို ရွေးချယ်ပိုင်ခွင့်တွေ ပေးခြင်းဖြစ်
ကျွန်မတို့ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုပြီး ပြောနေတဲ့ အခါမှာ ဒီမိုကရေစီရဲ့ အားသာချက်တစ်ခုက ဘာလဲဆို တော့ ပြည်သူတွေကို ရွေးချယ်ပိုင်ခွင့်တွေ ပေးခြင်းဖြစ်ပါ တယ်။ နိုင်ငံရေးအရဆိုရင် ကိုယ်လိုချင်တဲ့အစိုးရ၊ ကိုယ် ကြိုက်တဲ့အစိုးရကို မဲပေးပြီး ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
နောက်ပြီး ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ပြီ၊ စီးပွားရေး တောင့်တင်းနေပြီဆိုရင် ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း အတွက် ကိုယ့်မှာ ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေ ပိုပြီး များလာပါတယ်။ မဖွံ့ဖြိုး၊ မတိုးတက်တဲ့ နိုင်ငံမှာ ရွေးချယ် စရာတွေ မရှိပါဘူး။ ရတဲ့အလုပ်ကို လုပ်ရပြီး ဖြစ်သလိုနေရ ပါတယ်။ ဒါပေမယ့် နိုင်ငံဖွံ့ဖြိုးပြီ၊ တိုးတက်ပြီဆိုရင် ပြည်သူ တွေအတွက် ရွေးချယ်ပိုင်ခွင့်တွေ များလာပါတယ်။ ဥပမာ ပညာရေးဘက်မှာဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ဆိုရင် ကလေးတွေက ဘယ်လိုကျောင်းမျိုးမှာ ပညာသင် ချင်တယ်ဆိုတာကို သူတို့မှာ ရွေးချယ်ပိုင်ခွင့်တွေ ပိုပြီး များလာပါတယ်။
အရေးအကြီးဆုံးအချက်က ငြိမ်းချမ်းရေး
ဒါကြောင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်မတို့ ကြိုးစား နေပါတယ်။ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့ ကြိုးစားတယ် ဆိုတာ ပြည်သူလူထုတွေရဲ့ ရွေးချယ်ပိုင်ခွင့်တွေကို ကျွန်မ တို့ မြှင့်တင်ပေးချင်လို့ ဖြစ်ပါတယ်။ အဲဒီလို ကြိုးစားနေ တဲ့နေရာမှာ အရေးအကြီးဆုံးအချက်က ငြိမ်းချမ်းရေး ဆိုတာကို အထူးပြောဖို့ မလိုပါဘူး။ ငြိမ်းချမ်းရေးရဲ့တန်ဖိုး၊ ငြိမ်းချမ်းရေးမရှိခြင်းရဲ့ အနိဋ္ဌာရုံတွေကို ကရင်ပြည်နယ် က ပြည်သူတွေ အသိဆုံးပါ။ ပြည်သူတွေအနေနဲ့ မငြိမ်းချမ်း တဲ့ဒဏ်တွေကို ခံခဲ့ရပါတယ်။ ငြိမ်းချမ်းမှုရသွားတဲ့နေရာ မှာ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကိုလည်း မျက်ဝါး ထင်ထင် သိမြင်နေကြပါတယ်။
ကျွန်မတို့အားလုံးဟာ ငြိမ်းချမ်းရေးရဖို့အတွက် ဝိုင်းဝန်းပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးရဖို့ ဆိုတာ စိတ်အတွင်းက စရပါတယ်။ စိတ်ထဲကနေ တကယ့် ကို ငြိမ်းချမ်းရေးလိုချင်မှ ကျွန်မတို့ ငြိမ်းချမ်းရေးရနိုင်မှာ ပါ။ စိတ်ထဲကနေ တကယ့်ငြိမ်းချမ်းရေးကို မလိုချင်ဘဲနဲ့ ပါးစပ်ကနေ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ပြောပြီး စိတ်ထဲ မှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လုပ်နေမယ်ဆိုရင် ကျွန်မ တို့ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဟာ ကြာပါလိမ့်မယ်။ ကြာလည်း ကြာခဲ့ပါပြီ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်အခါကစပြီး ပြည်တွင်း စစ်မီးတွေ လုံးလုံးငြိမ်းတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး။ ဒါ ၇၃ နှစ် ရှိသွားပါပြီ။ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ ဒီ ၇၃ နှစ်အတွင်းမှာ ဖြစ်သလိုရုန်းကန်ပြီး ရှင်သန်နေကြ ရပါတယ်။ ကျွန်မအနေနဲ့ ပြည်သူတွေကို ဖြစ်သလို ရုန်းကန်ပြီး ရှင်သန်နေထိုင်ရတဲ့ ပြည်သူတွေ မဖြစ်စေ ချင်ဘူး။ ကိုယ့်ရဲ့ ရွေးချယ်မှုအရ ကိုယ့်အခွင့်အရေးကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်မယ်၊ ကာကွယ်မယ်၊ တာဝန်ကိုလည်း ထမ်းဆောင်မယ်ဆိုတဲ့ ပြည်သူလူထုမျိုး ဖြစ်စေချင်ပါတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ကျွန်မ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှန်ပြောရရင် ကိုယ့်ပြည်သူတွေကို အတော်ဆုံးဖြစ်စေချင်ပါတယ်။ ကိုယ့်သား၊ ကိုယ့်သမီးကို အတော်ဆုံး၊ အလိမ္မာဆုံး ဖြစ်စေ ချင်သလို အခြားနိုင်ငံသူ နိုင်ငံသားတွေနဲ့စာရင် ကျွန်မ တို့ရဲ့ ပြည်သူတွေကို ပိုပြီးတော်စေချင်ပါတယ်။ ပိုပြီး စိတ်ဓာတ်ခွန်အား ပြည့်၀စေချင်ပါတယ်။ ပိုပြီးဉာဏ်ရည် အရ အမြော်အမြင်ရှိစေချင်ပါတယ်။ အဲဒီလို ကျွန်မဖြစ်စေ ချင်ပါတယ်။
ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ဓာတ်တွေကိုမွေးပါ
ဒါပေမယ့် ဒီလိုဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာ ကျွန်မ ကမ္ဘာကြီးကိုကြည့်လိုက်တဲ့အခါ ကျွန်မတို့ပြည်သူ တွေရဲ့ စိတ်ဓာတ်၊ စိတ်နေစိတ်ထားဟာ ကမ္ဘာက ဘယ်သူ နဲ့မဆို ယှဉ်နိုင်တယ်လို့ မြင်ပါတယ်။ ကျွန်မတို့အနေနဲ့ ဖွံ့ဖြိုးမှုကို မယှဉ်နိုင်ပါဘူး၊ နောက်ကျနေပါတယ်။ ဒီနောက် ကျနေတဲ့ ဖွံ့ဖြိုးမှုကို ကျွန်မတို့ ပြင်လို့ရပါတယ်။ ကျွန်မ တို့ပြည်သူတွေရဲ့ စိတ်ထားတွေကို တစ်ယောက်ချင်း တစ်ယောက်ချင်း ထိန်းသိမ်းထားနိုင်မှ ဆက်ပြီး တန်ဖိုး ရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မက ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ဓာတ်တွေကို မွေးပါလို့ ပြည်သူတွေကို တိုက်တွန်းချင် ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်စဲရေး အတွက် မဟုတ်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ ငြိမ်းချမ်းဖို့အတွက် မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စု အတွင်းက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ ကိုးကွယ်တဲ့ ဘာသာတွေ၊ ဘာသာစကားတွေ အားလုံးထဲကနေပြီး တည်ငြိမ်မှုရအောင် တစ်ယောက်နဲ့တစ်ယောက် လေးလေး စားစား ချစ်ချစ်ခင်ခင် နေတတ်နိုင်ဖို့ကို ဦးတည်တာ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ပြည်သူတွေက မညံ့ပါဘူး။ ကိုယ့်ကိုယ် ကိုယ် အထင်မသေးပါနဲ့။ ငါတို့က ဆင်းရဲတဲ့နိုင်ငံ၊ ငါတို့က ဆင်းရဲတယ်၊ ငါတို့က ပညာရေးဘက်မှာ နောက်ကျတဲ့နိုင်ငံ ဆိုပြီး အားငယ်စရာမလိုပါဘူး။ ဒီကိစ္စတွေက ပြုပြင်လို့ ရပါတယ်။ စိတ်ဓာတ်က မှန်ကန်ရင် ဘာမဆို ပြုပြင်လို့ ရပါတယ်။ ကိုယ့်စိတ်ကိုယ် ကိုယ်ပြုပြင်မယ်ဆိုတဲ့ တကယ့် သန္နိဋ္ဌာန်ချလိုက်ပြီဆိုရင် တိုးတက်ဖို့လမ်းက ပေါ်လာပါ တယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေကို ရည်မှန်းချက် ကြီးစေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့မာနတွေ ထားစေချင်ပါတယ်။ ငါတို့က ကမ္ဘာ့အလယ်မှာ တင့်တင့် တယ်တယ်နဲ့ နေနိုင်တဲ့လူမျိုးဖြစ်တယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ ကျွန်မတို့နိုင်ငံရဲ့ခရီးကို ဆက်ပြီးလှမ်းစေ ချင်ပါတယ်။
တစ်ယောက်ချင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိ
ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီးတွေဟာ ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးရေးဆိုပြီး လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒါက ရွေးချယ်ပိုင်ခွင့်ပါ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတယ်ဆိုတာ ရွေးချယ်ပိုင်ခွင့်၊ ငါ ဘယ်လမ်း လျှောက်မယ်။ ငါလျှောက်တဲ့လမ်းမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မယ်ဆိုတာ ကိုယ့်က ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒီလမ်းကို လျှောက်ပြီဆိုရင် ဒီလမ်းမှာတွေ့ရမယ့် အခက်အခဲတွေကို ကိုယ်က အမြဲ ရွေးချယ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခက်အခဲတွေကို ရင်ဆိုင် ရမှာပါ။ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်မယ်ဆိုတာ လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်း တစ်ယောက်ချင်းမှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ကိုယ်က သိက္ခာရှိတဲ့ အမှန်တရားတွေနဲ့ ရင်ဆိုင် မလား၊ ညစ်ပတ်စုတ်ပဲ့ပြီး ရင်ဆိုင်မလား အဲဒါတွေကို ကိုယ်ကိုယ်တိုင် အားလုံးက ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ရွေးချယ်ကြပါ။ ပညာရှိတွေက အမြဲပြောပါ တယ်။ မှန်ကန်တဲ့လမ်းက မမှန်ကန်တဲ့လမ်းထက် အများ ကြီး ပိုပြီးလျှောက်ရတာ ခက်ပါတယ်။
အားလုံးက စွဲစွဲမြဲမြဲမှတ်ထားစေချင်
မမှန်ကန်တဲ့လမ်းဆိုတာ ရေတိုကိုကြည့်ပြီး အခု အဆင်ပြေရင်ပြီးရောဆိုပြီး ဖြစ်သလို တဒင်္ဂအဆင်ပြေနိုင် ရေးအတွက် အဆင်ပြေသလိုလုပ်သွားတာပါ။ ဒါပေမယ့် ရေရှည်ကို ကြည့်မယ်၊ တစ်ယောက်ချင်း တစ်ယောက်ချင်း အတွက် မဟုတ်ဘူး၊ ကျွန်မတို့ရဲ့ နောင်မျိုးဆက်တွေ အတွက် ကြည့်မယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ လျှောက်ရင် ပိုပြီးခက်ခဲပါတယ်။ ဒါကြောင့် နိုင်ငံရေးသုခမိန်ကြီးတစ်ဦး ရဲ့ စကားကို ကျွန်မ ထပ်တလဲလဲပြောပါတယ်။ နိုင်ငံရေး သုခမိန်ကြီးက “နိုင်ငံရေးကို လုပ်စားတဲ့သူတွေဟာ နောက် ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ နိုင်ငံ့အရေးကို လုပ်တဲ့သူတွေက နောင်မျိုးဆက်တွေအတွက် စဉ်းစား တယ်” ဆိုတဲ့ ပြောစကားက အလွန်မှန်ကန်တဲ့စကားပါ။ ဒါကို အားလုံးက စွဲစွဲမြဲမြဲမှတ်ထားစေချင်ပါတယ်။
ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ အရေးကြီး ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေက သူတို့ရဲ့ဆန္ဒ ကို ထုတ်ဖော်ပြတဲ့ပွဲမို့လို့ အရေးကြီးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနိုင်ခြင်းထက် ကျွန်မတို့ နောင်မျိုးဆက်တွေ အတွက် လုံခြုံမှုရှိခြင်းက ပိုပြီးအရေးကြီးပါတယ်။ လုံခြုံ မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ နှစ်ခုစလုံးရှိမှ နိုင်ငံဟာ ပြီးပြည့်စုံတဲ့နိုင်ငံလို့ ကျွန်မတို့ ပြောနိုင်မှာပါ။
ဒီလိုပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ မေးခွန်းတွေ မေးခွင့်နဲ့ တင်ပြချင်တာတွေ တင်ပြနိုင်အောင် ကျွန်မ အမြဲဖိတ်ခေါ်ပါတယ်။ ကျွန်မတို့ ကိုယ်တိုင်ရှင်းပြ တယ်ဆိုတာ ပြည်သူနဲ့ ကျွန်မတို့ တစ်ထပ်တည်း စဉ်းစား နိုင်မှ၊ ညီညီညွတ်ညွတ်သွားနိုင်မှ မတူတဲ့အမြင်တွေကို တစ်ယောက်နဲ့ တစ်ယောက်အကြား အေးအေးဆေးဆေး ရှင်းလင်းနိုင်မှ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးဟာ တကယ် တည်တံ့ခိုင်မြဲနိုင်မယ်။ တကယ်ဖွံ့ဖြိုးတိုးတက်နိုင်မယ်။
အားလုံးရဲ့ အထက်မှာ ပြည်ထောင်စုအရေးရှိ
ဒီလိုပြည်နယ်တွေမှာ ပြည်ထောင်စုအရေးကို အဓိက ထားပြီး ကျွန်မ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကိုယ့်ပြည်နယ်အရေး၊ ကိုယ့်လူမျိုးစုအရေးကို အလေးထား တဲ့ စိတ်ကလည်း သဘာဝကျပါတယ်။ ဒီစိတ်ထားရှိတာ က မှန်ပါတယ်။ ဒါပေမယ့် အဲဒါအားလုံးရဲ့ အထက်မှာ ပြည်ထောင်စုအရေးရှိတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ ပြည်ထောင်စုဆိုတာ ကျွန်မအတွက် ဘယ်တော့မှ မရိုးနိုင် တဲ့၊ လှပတင့်တယ်တဲ့ ဝေါဟာရတစ်ခုပါ။
ပြည်ထောင်စုဆိုတာ ကျွန်မတို့ စုပေါင်းပြီး ထူထောင် ထားတဲ့နိုင်ငံ၊ ကျွန်မတို့ရဲ့ စုပေါင်းအင်အားတွေနဲ့ ဖြစ်ပေါ် လာတဲ့ တိုင်းပြည်၊ ဒါဘယ်လောက်ချစ်ဖို့ကောင်းသလဲ၊ ဘယ်လောက်တန်ဖိုးထားဖို့ ကောင်းသလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ မိသားစုဆိုတဲ့ စကားလုံးလိုပါ။
တန်းတူညီတူ အရေးကြီး
မိသားစုဆိုတာ အဖေတစ်ယောက်တည်းလည်း မဟုတ်ဘူး၊ အမေတစ်ယောက်တည်းလည်း မဟုတ်ဘူး၊ မိဘတစ်ယောက်တည်းလည်း မဟုတ်ဘူး သားသမီးတွေ ပါတယ်။ အိမ်မှာနေတဲ့ ဘိုးဘွားတွေပါမယ် အဲဒါ မိသားစု ပါ။ ပြည်ထောင်စုကို မိသားစုလို့ ပြောတာပါ။ ပြည်ထောင်စု ဆိုတဲ့ တိုင်းပြည်တစ်ခု ကျွန်မတို့မှာ ရှိနေပါပြီ။ ဒါပေမယ့် စုပေါင်းစိတ်ဓာတ်နဲ့ စုပေါင်းပြီး ထူထောင်တဲ့တိုင်းပြည် က တကယ့်ကို တောင့်တင်းမယ်၊ ခိုင်မာမယ်၊ တိုးတက်မှု တွေကို ကျွန်မတို့ ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ က ပြည်နယ်တွေကို အလေးထားပြီး လာတာပါ။ ပြည်နယ် တွေကို တိုင်းဒေသကြီးတွေထက် အရေးကြီးတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ နိုင်ငံသားတစ်ဦးချင်း တစ်ဦး ချင်းဟာ တန်းတူညီတူ အရေးကြီးပါတယ်။
နိုင်ငံသားတွေအနေနဲ့ဆိုရင် နိုင်ငံသား တစ်ယောက် ချင်း တစ်ယောက်ချင်းကို တူညီတဲ့တန်ဖိုး ကျွန်မ ထားပါ တယ်။ နိုင်ငံရေးလုပ်တဲ့အခါမှာ တစ်ယောက်ချင်း တစ်ယောက်ချင်းအတွက်၊ အများစုအတွက် စဉ်းစားရပါ တယ်။ ဒီနှစ်ခုကြားမှာ အလုပ်ဖြစ်အောင်၊ လက်တွေ့ကျကျ တိုးတက်မှုရနိုင်အောင် ကျွန်မ အမြဲတမ်းစဉ်းစားပြီး လုပ်ရ ပါတယ်။ ဒါ ကျွန်မတို့ပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်သူ တွေက ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဒေသအကျိုးအတွက်၊ တိုးတက်မှုအတွက် တင်ပြကြပါတယ်။ အဲဒီလို ပြည်သူ တွေတင်ပြတဲ့အခါမှာ ပြဿနာတွေက ဒီနေရာတစ်ခုတည်း မှာရှိတယ်လို့ ထင်နေကြပါတယ်။
မရှိမဖြစ်လိုအပ်တာက ငြိမ်းချမ်းရေး
ဒါကြောင့် ကျွန်မက အမြဲတမ်းရှင်းပြရပါတယ်။ ဒီလို ပြဿနာတွေက တစ်တိုင်းပြည်လုံးမှာ ရှိနေပါတယ်။ ဒီနေရာမှာတင် မဟုတ်ပါဘူး။ ကျွန်မတို့ သွားလေရာ နေရာ တွေမှာ ဒီပြဿနာတွေ ရှိပါတယ်။ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာမြေ တွေ၊ မြေယာပိုင်ဆိုင်ခွင့်၊ သောက်သုံးရေရရှိရေးတွေက နေရာတိုင်း၊ နေရာတိုင်းမှာ ဒီပြဿနာတွေ ရှိပါတယ်။ နေရာတိုင်း နေရာတိုင်းမှာ ကျွန်မတို့ပြည်သူတွေက အကူ အညီလိုအပ်နေပါတယ်။ ဒါဟာ ကျွန်မတို့ ဖွံ့ဖြိုးမှုနည်းနေ လို့ပါ။ ဒါကြောင့် ကျွန်မတို့ ဖွံ့ဖြိုးမှု ပိုပြီးများပြားလာအောင်၊ ပိုပြီးခိုင်မာလာအောင် ကြိုးစားရပါမယ်။ သို့သော်လည်း ဖွံ့ဖြိုးမှုနှင့်အတူ မရှိမဖြစ်လိုအပ်တာက ငြိမ်းချမ်းရေးပါ။ ဒါကို အစိုးရရဲ့ မြန်မာနိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းမှာ အသိအမှတ်ပြု ထည့်သွင်းရေးဆွဲထားပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုတာ ခွဲလို့မရပါဘူး။ ဖွံ့ဖြိုးရေး ရှိမှ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးရေးကို ဆက်ပြီးထိန်းသိမ်းနိုင်မယ်။ ဒါကြောင့် ကျွန်မတို့ ငြိမ်းချမ်းရေးကို ကြိုးစားပြီး လုပ်ကိုင် နေခြင်းက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ခုစလုံး ရဖို့ပါ။ တစ်ချိန်တည်းမှာ နှစ်ခုစလုံးရဖို့ ကျွန်မတို့ ကြိုးစား နေပါတယ်။
ဖွံ့ဖြိုးရေးခိုင်မာဖို့အတွက် ဝိုင်းဝန်းပြီးကြိုးစား
ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူတွေအားလုံးက ဝိုင်းဝန်း ပြီး အကူအညီပေးကြပါ။ အထူးသဖြင့် ကျွန်မတို့ရဲ့ တိုင်းရင်း သားညီအစ်ကို မောင်နှမတွေ၊ ပြည်ထောင်စုသားချင်းတွေ အားလုံးက ဒီပြည်ထောင်စုရဲ့ သား၊ သမီးတွေဖြစ်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြည်ထောင်စုကို တန်ဖိုးထားပြီး ငြိမ်းချမ်းရေးရဖို့အတွက်၊ ဖွံ့ဖြိုးရေးခိုင်မာဖို့အတွက် ဝိုင်းဝန်းပြီး ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံ ချင်ပါတယ်။
ငြိမ်းချမ်းချင်တဲ့စိတ်တွေကို ထိန်းသိမ်း
ဒီလိုကြိုးစားမယ်ဆိုရင် နောင်လာနောက်သားတွေ၊ မျိုးဆက်သစ်တွေအတွက် ကျွန်မတို့ခေတ်မှာ ကျွန်မတို့ တာဝန်ကျေတယ်ဆိုတဲ့ စကားလုံးလေးတစ်ခွန်းနဲ့ ချီးမွမ်း လိုက်မယ်ဆိုရင် ကျွန်မတို့အားလုံး နေရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေ ကြိုးစားကြပါ။ ငြိမ်းချမ်းရေးရအောင်လို့ တစ်ဦးချင်း တစ်ဦးချင်း အတွေးစိတ်ထဲကစပြီး ငြိမ်းချမ်းရေးကို ဦးတည်ကြပါ။ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် မေတ္တာ တရားဆိုတာ ဆိုးတယ်လို့ ဘယ်ဘာသာကမှ မပြောပါ ဘူး။ ကျွန်မတို့အချင်းချင်းမှာ မေတ္တာပွားကြပါ။ ငြိမ်းချမ်း ချင်တဲ့ စိတ်တွေကို ထိန်းသိမ်းကြပါ။ အလုပ်ကိုလည်း ကြိုးစားကြပါ။ ကျွန်မတို့ ပြည်သူ ပြည်သားတွေအနေနဲ့ အလုပ်ကြိုးစားဖို့ လိုအပ်ပါတယ်။
၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရင်ခင်က ဖေဖေပြောခဲ့ တဲ့ စကားရှိပါတယ်။ ဖေဖေပြောတာက “ဒီစစ်ကြီးအတွင်း မှာ နိုင်ငံဟာ အင်မတန်မှ အထိနာပြီးပျက်စီးခဲ့လို့ တခြား သူတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ပြေးနိုင်မှဖြစ်မယ်” လို့ ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ ဟာ တခြားနိုင်ငံတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ကျွန်မ တို့ ပြေးနိုင်မှ၊ ပိုပြီးအပင်ပန်းခံနိုင်မှ ကျွန်မတို့ ရောက်သင့် ရောက်ထိုက်တဲ့နေရာကို ရောက်သွားမှာပါ။
တစ်ယောက်ချင်း တစ်ယောက်ချင်း လက်ကမ်း
ဒါကြောင့် အပြေးလေ့ကျင့်ကြပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။ အားလုံးကနေပြီး တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြီးပြေးတယ်ဆိုရင် တစ်ယောက် တည်းပြေးတာထက် အများကြီးသက်သာပါတယ်။ ဘာမဆို လက်တွဲပြီးလုပ်တယ်ဆိုရင် ကိုယ်တစ်ယောက် တည်း လုပ်ရတာထက် ပိုပြီးစိတ်ထဲမှာ ပေါ့ပါးသွားမှာပါ။ ဒါကြောင့် တစ်ယောက်ချင်း တစ်ယောက်ချင်း လက်ကမ်း ပြီး၊ လက်ကိုဆုပ်ကိုင်ထားပြီး အတူသွားချင်တဲ့ စိတ်ဓာတ် တွေကို အားပေးကြပါ။ အချင်းချင်း စိတ်ဝမ်းကွဲမယ့် စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေ၊ အပြောအဆိုတွေ၊ အလုပ်အကိုင်တွေကို ရှောင်ကြဉ်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်” ဟု ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်း ထားသည့် မြဝတီမြို့ အမှတ် (၅)ရပ်ကွက်မှ ဦးစိန်သောင်း ၏ မြဝတီမြို့ဆေးရုံအား ခုတင်(၂၀၀)ဆံ့အဖြစ် တိုးမြှင့် သတ်မှတ်ပေးရေး၊ လက်ရှိ ခုတင်(၁၀၀)ဆံ့ဆေးရုံတွင် အထူးကုဆရာဝန်များနှင့် လိုအပ်သော ဆက်စပ်ပစ္စည်း များ ဖြည့်ဆည်းပေးရေး၊ အမှတ်(၂) ချစ်ကြည်ရေးတံတား ဖောက်လုပ်ခဲ့သည့်အတွက် အမှတ်(၅)ရပ်ကွက် ရေပူ ကျေးရွာအဝင် လမ်းပြောင်းပြန်ဖြစ်နေသည့်အတွက် ရေပူကျေးရွာအဝင်လမ်း လမ်းလယ်ကျွန်းအား ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည် ရေးတံတား လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ၊ ယာတွင် လမ်းမီးတိုင်ထွန်းလင်းရေး၊ အမှတ်(၃)ရပ်ကွက်မှ ဦးမြင့်ကျော်၏ မြဝတီမြို့ အာရှလမ်းမပေါ်ရှိ ဂရိတ်ဝမ်း ဟိုတယ်နှင့် မိုးထမင်းဆိုင်လမ်းကြား၌ ရေနုတ်မြောင်း ဖောက်လုပ်ပေးရေး မေးခွန်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း။
ရှင်းလင်းပြောကြား
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများထဲမှ မေးခွန်း မေးမြန်းလိုသူ (၃၉) ဦးအနက် မဲပေါက်သူ (၅)ဦးဖြစ်သည့် အမှတ်(၂)ရပ်ကွက်မှ ဦးဝင်းနိုင်ဦး၏ မြဝတီမြို့၌ မူးယစ် ဆေးဝါး၊ ခိုးဆိုး၊ လုနှိုက်များအား ထိရောက်စွာ အရေးယူ ပေးနိုင်ရေး၊ အမှတ်(၅)ရပ်ကွက်မှ ဦးစောလွင်၏ အမှတ်(၅)ရပ်ကွက် စိုက်စုံ၊ မြတ်လေး အေးမြိုင်လမ်းရှိ အိမ်ထောင်စု ၁၅၅ စု နေထိုင်သည့်နေရာအား BGF အဖွဲ့မှ သိမ်းဆည်း သွားသည့်အတွက် ဖြေရှင်းပေးနိုင်ရေး၊ အမှတ်(၃)ရပ်ကွက်မှ ဦးချစ်ငွေ၏ အမှတ်(၃)ရပ်ကွက်၌ မြေနေရာကိစ္စ အနိုင်ကျင့်တရားစွဲဆိုခံနေရမှုအား ဖြေရှင်းပေးနိုင်ရေး၊ အမှတ်(၄)ရပ်ကွက်မှ ဦးစောမောင်ပိန်၏ အမှတ်(၄) ရပ်ကွက်တွင် ငြိမ်းချမ်းရေးကောင်စီမှ လူဦးရေ ၆၀ နှင့် ဒေသခံ ၂၀ တို့အား ကျူးကျော်နေထိုင်သည်ဟုဆိုပြီး တရားစွဲခံနေရမှုအား ဖြေရှင်းပေးရေး၊ အမှတ်(၄) ရပ်ကွက် မှ ဒေါ်ခင်သီတာ၏ မြဝတီမြို့၌ လူကူးမျဉ်းကျားပြုလုပ်ပေးရန်နှင့် ပလက်ဖောင်းများ ပြုပြင်ပေးရေးမေးခွန်း တို့နှင့် စပ်လျဉ်း၍လည်းကောင်း မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ် ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ချက်ချင်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေး ရမည့်အခြေအနေများ၊ စိစစ်ဆောင်ရွက်ပေးသွားရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြ သည်။
တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းရမည်
မေးမြန်းတင်ပြချက်များအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ်ဆေးဝါးကိစ္စသည် မိမိတို့ နိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်နေပါကြောင်း၊ မူးယစ် ဆေးဝါးကို ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံများ၌ပင် အားလုံးဖြေရှင်း၍ မရသေးပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုခိုင်လုံသည့် နိုင်ငံများ၌လည်း မထိန်းချုပ်နိုင်သေး ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး အတွက် ပြည်သူရော၊ အစိုးရရော ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊
ဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း၌ တည်ငြိမ်အောင် ထိန်းသိမ်းရန်ဖြစ်ပြီး နိုင်ငံအကျိုး၊ လူ့အဖွဲ့အစည်းအကျိုး အတွက် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ သည်လည်း လူမှုအသိုက်အဝန်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့်လည်း ပြည်သူလေးစားအောင် နေထိုင်သင့်ပါကြောင်း၊ မူးယစ် ဆေးစွဲသွားသည့် ပြည်သူများ ပြန်လည်ထူထောင်နိုင်ရန် ခက်ခဲပါကြောင်း၊ သို့သော်လည်း ဆေးဖြတ်ပြီးသူများ ပြန်လည်မသုံးစွဲစေရန် ထူထောင်ရေးစင်တာများ ဆောင်ရွက်နေပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ့ ဝင်များ အဆင့်မီစေရေး၊ မူးယစ်ပညာပေးလုပ်ငန်းများကို လုပ်ကိုင်နေပါကြောင်း၊ မြေယာပြဿနာများကိုလည်း အမြန်ဆုံးစိစစ်ပေးမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးစေမည်ဖြစ်ပါကြောင်း၊ တရားရုံး၌ ရင်ဆိုင်နေရသည့်အမှုကို လည်း အမြန်စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားသွားမည် ဖြစ်ပါကြောင်း၊ လူကူးမျဉ်းကျားနှင့် ပလက်ဖောင်းကိုလည်း စည်ပင်သာယာအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရန်ဖြစ်ပါ ကြောင်း၊ ပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြစေလိုကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ ရပ်ရွာကိစ္စများကို စိတ်ဝင်တစား နားထောင်နေသည့် အတွက် မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ စည်းကမ်း ရှိပြီး တာဝန်သိသည့်ပြည်သူများ များပြားလာပါက မိမိတို့ နိုင်ငံ ယခုထက်တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာချမ်းသာပြီး ဘေးကင်းကြပါစေကြောင်း ပြောကြား ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
လှိုင်းဘွဲမြို့သို့ ရောက်ရှိ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မြဝတီမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာ ကြရာ ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိပြီး ထိုမှ တစ်ဆင့် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြ ရာ လှိုင်းဘွဲမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ကရင် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ဒုံးယိမ်း အက အဖွဲ့များနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် လှိုင်းဘွဲမြို့တွင်း လမ်းမတစ်လျှောက်၌ ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ဒေသခံပြည်သူများ နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကရင်ပြည်နယ်က ကျယ်ပြန့်တဲ့အခါ နေရာတိုင်းနေရာ တိုင်းကို ရောက်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ကျွန်မအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ မရောက်ဖူးတဲ့ နေရာဆိုတာ မရှိသလောက်ပါပဲ။ သို့သော်ငြားလည်း တစ်နေရာမှာ နေရတဲ့အချိန်က အင်မတန်မှ နည်းပါတယ်။ ကျွန်မတို့က ကျယ်ကျယ်ပြန့်ပြန့် ပြည်သူလူထုနဲ့ ထိတွေ့မှုရှိနိုင်အောင် နည်းအမျိုးမျိုးနဲ့ တစ်တိုင်းပြည်လုံးကို ရောက်အောင် ကြိုးစားပြီးသွားခဲ့ပါတယ်။
အားလုံးက ဆက်စပ်နေ
အခုနောက်ပိုင်း အစိုးရတာဝန်ကို ထမ်းဆောင်တဲ့ အခါ ဒီလိုခရီးသွားဖို့အချိန်က ပိုပြီးနည်းလာတယ်လို့ ပြောရမှာပါ။ ကျွန်မက နိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ယူထားတဲ့အတွက် နိုင်ငံခြားရေးဆိုင်ရာ ကိစ္စ တွေအပြင် ပြည်တွင်းမှာရှိတဲ့ တာဝန်တွေကိုလည်း ဆောင်ရွက်ရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ တာဝန်တွေ ဆိုတာ တကယ်တော့ လုံးဝကွဲနေတာ မဟုတ်ပါဘူး။ အားလုံးက ဆက်စပ်နေပါတယ်။
ကျွန်မတို့ရဲ့ နိုင်ငံဟာ ကမ္ဘာကြီးပေါ်မှာ အထီးတည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နေတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကမှ အခုခေတ်မှာ တစ်နိုင်ငံတည်း ကမ္ဘာ့ အလယ်မှာ ရပ်တည်လို့ မရပါဘူး။ ကမ္ဘာ့အလယ်မှာ ဝင်ဆံ့အောင်၊ တင့်တယ်အောင်နေဖို့ ကြိုးစားရပါတယ်။ ဒီလို ကြိုးစားတဲ့အခါမှာ တစ်ကမ္ဘာလုံးကနေပြီး လက်ခံ ထားတဲ့ စံနှုန်းစံထားတွေကို လေးစားရပါတယ်။
ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ အစဉ်အလာအရ ကောင်းတဲ့ စံနှုန်းစံထားတွေကို ဆက်လက်ပြီး ထိန်းသိမ်း ထားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတိုင်းနိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း ယဉ်ကျေးမှုတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ဒီတန်ဖိုး ကိုလည်း ကျွန်မကြာလေပိုပြီး နားလည်လာတယ်လို့ ပြောရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ခရီးသွား တဲ့အခါ ချမ်းသာတဲ့နိုင်ငံတွေနဲ့ သိပ်ပြီးမချမ်းသာတဲ့ နိုင်ငံတွေကို ရောက်ခဲ့ပါတယ်။ အရေးကြီးတာက သူတို့ ပြည်သူတွေရဲ့ အရည်အချင်းပါ။ ဒါက ကျွန်မတို့အတွက် သင်ခန်းစာပါ။ ကျွန်မတို့ နိုင်ငံက ချမ်းသာတဲ့၊ အင်အား ကြီးတဲ့ နိုင်ငံကြီး မဟုတ်ပါဘူး။ အရေးကြီးတာက နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းရဲ့ အရည်အချင်းပါ။ ဒါကို တခြားပြင်ပနိုင်ငံတွေက အသိအမှတ်ပြုပြီး လေးစားတန်ဖိုး ထားရတယ်ဆိုတာ ကျွန်မတို့အတွက် အားတက်စရာဖြစ် ပါတယ်။
အလားအလာဖြစ်နိုင်ခြေတွေ သိပ်ကောင်းတဲ့နိုင်ငံ
ကျွန်မတို့ နိုင်ငံကို လွတ်လပ်ရေးရပြီးတဲ့ အချိန်က စပြီး ကမ္ဘာက ပြောပါတယ်။ “ဒီနိုင်ငံဟာ အလားအလာ ဖြစ်နိုင်ခြေတွေ သိပ်ကောင်းတဲ့ နိုင်ငံဆိုပြီး” ခဏခဏ ပြောကြပါတယ်။ တစ်ဆက်တည်း သူတို့ပြောတာက “ဒီအလားအလာတွေ၊ ဖြစ်မြောက်ခြေတွေက မပြည့်သေး ဘူး” လို့လည်း ပြောကြပါတယ်။ အလားအလာတွေ၊ ဖြစ်မြောက်နိုင်ခြေတွေရှိပြီး မဖြစ်မြောက်သေးဘူး။ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ လိုသေးတယ်ဆိုတာ ကိုလည်း ခဏခဏပြောကြပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ဦးတည်ချက် တစ်ခုပါ။
ပြည်သူကနေ တာဝန်ပေးထားတဲ့ အစိုးရတစ်ခု အနေနဲ့ တာဝန်ရှိတဲ့အတိုင်း ကျွန်မတို့ နိုင်ငံမှာရှိတဲ့ ဖြစ်မြောက်ဖွယ်ရာ အလားအလာကောင်းတွေကို အကောင် အထည်ဖော်ဖို့ တာဝန်ရှိပါတယ်။ ဒီလိုအကောင် အထည်ဖော်ရာမှာ ပြည်သူက အမြဲပါရမယ်ဆိုတာကို လည်း ကျွန်မတို့ ဘယ်တော့မှ မျက်ခြည်မပြတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ကိုယ့်နိုင်ငံ တိုးတက်စေချင်ရင်၊ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်ချင်ရင် ကိုယ်ကိုယ်တိုင် လည်း ပါဝင်ရပါမယ်။ နိုင်ငံရဲ့တိုးတက်မှုနဲ့ ပတ်သက်လို့ ဘယ်တော့ဖွံ့ဖြိုးမလဲ၊ ဘယ်တော့ချမ်းသာမလဲဆိုပြီး မေးနေကြတဲ့အထဲမှာ တကယ်လုပ်ပြီး မေးတဲ့လူက နည်းပါတယ်။ ဒီလိုမေးတဲ့သူအများစုက လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘဲမေးတာပါ။ မလုပ်နိုင်တဲ့သူတွေကို ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်နိုင်ရက်နဲ့ မလုပ်တဲ့သူတွေ က မေးလေ့မေးထရှိတာကို ကျွန်မသတိပြုမိပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်
ကျွန်မတို့ ပြည်သူတွေအနေနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ ကိုယ့်မှာ လုပ်အားရှိတယ်ဆိုတာကို မမေ့ပါနဲ့။ ဒီလုပ်အား ကို ကိုယ့်အတွက်လည်း သုံးပါ။ အများအတွက်လည်း သုံးပါ။ ဒီလို လုပ်လိုက်မယ်ဆိုရင် နိုင်ငံက ဖွံ့ဖြိုးတိုးတက် မှာပါ။
ကျွန်မတို့ နိုင်ငံက နိုင်ငံတကာရဲ့ ဖိအားတွေကို အများကြီးခံခဲ့ရပါတယ်။ အဓိက ခံရတာက ရခိုင်ပြည်နယ် မှာဖြစ်တဲ့ ပြဿနာတွေကို သေသေချာချာ ဂဃနဏ နားမလည်ဘဲနဲ့ ကျွန်မတို့ကို အမျိုးမျိုးဝေဖန် စွပ်စွဲနေတာ တွေကြောင့်ပါ။ အခုဆို စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုထဲကနေ အရင်နှစ်က ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ သိသိသာသာ တက်လာပါတယ်။ ဒါက ကျွန်မတို့ နိုင်ငံဟာ ရုန်းကန်နေရပြီး အကူအညီမရတဲ့ အထဲကနေ ဒီလိုတိုးတက်မှုရအောင် လုပ်နိုင်တာပါ။ ဒါပေမယ့် စိန်ခေါ်မှုတွေက တစ်ချိန်လုံးရှိနေပါတယ်။ မထင်မှတ်ဘဲနဲ့လည်း ပေါ်လာတာရှိပါတယ်။
နိုင်ငံသားတွေကို တတ်နိုင်သမျှစောင့်ရှောက်
အများသိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စက ကျွန်မတို့ နိုင်ငံအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ အဲဒီအကျိုး သက်ရောက်မှုတွေကို ရှောင်ရှားလို့မရပါဘူး။ သို့သော် ကျွန်မတို့က ပထမဦးဆုံး လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့ နိုင်ငံတစ်ခုပါ။ ကျွန်မတို့အနေနဲ့ ကျန်းမာရေးကိစ္စသာမက စီးပွားရေးဘက်ကလည်း ထိခိုက်နိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး အစောကြီးလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပါတယ်။ ဝူဟန်မှာရှိနေတဲ့ ကျွန်မတို့ရဲ့ လူငယ်နိုင်ငံသား တွေကို ပြန်ပြီးခေါ်တဲ့ အထဲမှာ ကျွန်မတို့က ပထမဦးဆုံးပါ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံသားတွေကို တတ်နိုင်သမျှစောင့်ရှောက်မယ်ဆိုပြီး ပထမဦးဆုံး စီစဉ်ပြီး ပြန်ခေါ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အခုလည်း နိုင်ငံကို ပြန်လာချင်တဲ့ တရားမဝင် သွားရောက်ခဲ့တဲ့သူတွေကို ကျွန်မတို့က တတ်နိုင်သလောက် ကူညီပြီး ပြန်ခေါ်မှာပါ။
ဒီလို တရားမဝင်သွားရောက်နေတဲ့သူတွေနဲ့ ဆက်စပ် ပြီး သူတို့အနေနဲ့ တရားဝင် စာရွက်စာတမ်းတွေမရှိတဲ့ အတွက် အနိုင်ကျင့်ခံရတာတွေနဲ့ပတ်သက်ပြီး ကျွန်မ အမြဲကူညီပါတယ်။ ဒါအစိုးရကနေ ချမှတ်ထားတဲ့မူပါ။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေအားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်မတို့ တာဝန်ယူမှုရှိပါတယ်။ အဲဒီတာဝန်ကိုလည်း ကျွန်မတို့ ခေါင်းမရှောင်ပါဘူး။ ကျွန်မ ခဏခဏ တာဝန် အကြောင်းကို ပြောပါတယ်။ တကယ်တော့ တာဝန်ရှိတယ် ဆိုတာကို ကိုယ်က ဂုဏ်ယူရမယ်။ တာဝန်မရှိတဲ့သူဆိုတာ တန်ဖိုးမရှိတဲ့သူပါ။ ဒါကြောင့် တာဝန်ဆိုတာ နောက်ဆုံး ကျတော့ သတ်မှတ်ထားတဲ့ ကိုယ်လုပ်ရမယ့် ကိစ္စမဟုတ်ဘဲ နဲ့ မေတ္တာစေတနာနဲ့ တွဲနေတဲ့ကိစ္စဖြစ်တဲ့အတွက် တကယ် အဓိပ္ပာယ်ပြည့်ဝပါတယ်။ ကျွန်မတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် တကယ်မေတ္တာ၊ စေတနာထားမယ်ဆိုရင် ကိုယ့်ကိုလုပ်ပေးသမျှအပေါ် ကိုယ်က တန်ဖိုးထားပြီး ကျေးဇူးတင်မယ်ဆိုရင် ကျွန်မတို့ လူ့အသိုင်းအဝိုင်းဟာ သာယာတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်မှာပါ။
ပေးကမ်းချင်တဲ့ စိတ်ဓာတ်က အလွန်ကောင်း
ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ နိုင်ငံက ပြည်သူတွေဟာ မေတ္တာ၊ စေတနာဘက်မှာ မညံ့ပါဘူး။ ပြည်သူတွေက ချစ်စရာလည်း ကောင်းတယ်၊ တန်ဖိုးထားစရာလည်း ကောင်းတယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ မှာရှိတဲ့ ပေးကမ်းချင်တဲ့ စိတ်ဓာတ်က အလွန်ကောင်းပါ တယ်။ ဒါကို စနစ်တကျလုပ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ရဲ့ အားသာချက် တွေကိုလည်း သိရမယ်။ ကိုယ်ရဲ့ အားနည်းချက်တွေကိုလည်း သိရမယ်။ ရက်ရောတယ်ဆိုတာ ကောင်းပါတယ်။ အားလုံးနဲ့ မျှဝေချင်တယ်ဆိုတဲ့စိတ်က ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလိုမျှဝေတဲ့နေရာမှာလည်း စည်းကမ်းရှိရှိမျှဝေမှ ထိထိရောက်ရောက်ရှိမယ်။ ကူညီတဲ့နေရာမှာ စနစ်တကျနဲ့ စည်းနဲ့ကမ်းနဲ့လုပ်မှ ထိရောက်မှုရှိမယ်။ ဒါကို ပြည်သူတွေ က ပိုပြီးနည်းနည်းအင်အားဖြည့်လုပ်ဖို့ လိုပါတယ်။
အားလုံးက အတူတူ ဒီလှေကြီးနဲ့သွားနေတာ
ကျွန်မတို့ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက နေရာတိုင်းမှာ ကွဲပြားသလိုလိုနဲ့ အတူတူပါ။ ဒါကြောင့် ကျွန်မဘယ်သွားသွား ပြည်သူတွေရဲ့ အခြေခံပြဿနာတွေနဲ့ စိန်ခေါ်မှုတွေက အတူတူပါ။ ဒါကြောင့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ အားလုံးက အတူတူ ဒီလှေကြီးနဲ့ သွားနေတာပါ။ ဒီလှေကြီး ဘယ်ကိုခရီးသွားနေလဲဆိုတာ လူတိုင်းလူတိုင်းက စဉ်းစား တတ်အောင် နှလုံးသွင်းရပါမယ်။ ကျွန်မတို့ သွားနေတဲ့ ခရီးက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးခရီးကို သွားနေတာဖြစ်ပါတယ်။ ဒီခရီးကို သွားမှ ကျွန်မတို့ တိုင်းပြည်တစ်ပြည်လုံး ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကပါလားဆိုပြီး ချီးမွမ်း လေးစားတဲ့စိတ်ဖြစ်တဲ့အထိ ရည်ရွယ်ပြီး နိုင်ငံသူနိုင်ငံသား တွေ တစ်ဦးချင်းတစ်ဦးချင်းက ကြိုးစားမှဖြစ်မှာပါ။ နိုင်ငံသူ နိုင်ငံသားတွေ တစ်ဦးချင်းတစ်ဦးချင်းက မကြိုးစားရင် မဖြစ်ပါဘူး။ ကမ္ဘာပေါ်မှာ စည်းကမ်းအရှိဆုံးနိုင်ငံလို့ သတ်မှတ်တဲ့ နိုင်ငံတွေထဲမှာပါဝင်တဲ့ ဂျာမနီနဲ့ ဂျပန်နိုင်ငံ တို့မှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ တစ်ယောက်ချင်း တစ်ယောက်ချင်း စည်းကမ်းရှိပါတယ်။ ဒီလိုစည်းကမ်း ရှိတဲ့အတွက် သူတို့ဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အချိန်ကာလ အစမှာ ပြာပုံကျနေတဲ့ အဆင့်ကနေ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံအဆင့်ဖြစ်အောင် လုပ်နိုင်ခဲ့ ပါတယ်။
ကမ္ဘာကနေ အသိအမှတ်ပြုတဲ့ နိုင်ငံတစ်ခုဖြစ်ရမယ်
ကျွန်မတို့လည်း ရည်မှန်းချက်ကြီးရမယ်၊ ရိုးရိုးကျင့် မြင့်မြင့်ကြံရမယ်၊ ကမ္ဘာကနေ အသိအမှတ်ပြုတဲ့ နိုင်ငံတစ်ခု ဖြစ်ရမယ် ဒီလိုစိတ်တွေထားရပါမယ်။ ရိုးရိုးကျင့်တယ်ဆိုတာ ကျွန်မတို့အနေနဲ့ အလုပ်ကို ရိုးသားမှုနဲ့ လုပ်ရမယ်။ ပကာသန အပြင်ပန်းအားကျအောင် လုပ်တာမျိုးမဟုတ်ဘဲ၊ တကယ့်ကို လူသားအချင်းချင်း တန်ဖိုးထားလောက်တဲ့ အရည်အချင်းတွေ တစ်ယောက်ချင်းတစ်ယောက်ချင်းမှာရှိအောင် ကျွန်မတို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ပြည်သူတွေကို ကျွန်မတွေ့ရင် မေးခွန်းတွေ မေးတယ် ဆိုတာက ဘာပြဿနာတွေရှိလဲဆိုတာကို သိချင်လို့ပါ။ အရင်ဆုံး ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာကို သိချင်လို့ပါ။ ပြဿနာတိုင်းကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး။ ကျွန်မတို့က အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံး လုပ်ဖို့ အားစိုက်ပြီးလုပ်ပါတယ်။ အားလုံးကို ဖြေရှင်းပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာ တော်တော်များက လူလူချင်းဖြစ်တဲ့ ပြဿနာတွေပါ။ လူလူ ချင်းဖြစ်တဲ့ ပြဿနာဆိုတာ တစ်ယောက်က ကျေနပ်ပေမယ့် နောက်တစ်ယောက်က ကျေနပ်ချင်မှ ကျေနပ်မှာပါ။ အားလုံးကို ကျေနပ်အောင် လုပ်လို့လည်းမရပါဘူး။
အဲဒါက အစိုးရရဲ့ တာဝန်တစ်ခုပါ။ အားလုံးကျေနပ် အောင် လုပ်ချင်လို့ရှိရင် အစိုးရတစ်ခုကို အောင်မြင်အောင်လို့ ထိန်းကျောင်းနိုင်မှာ မဟုတ်ပါဘူး။ မူနဲ့လုပ်ရပါတယ်။ အစိုးရဆိုတာ မူရှိရပါတယ်။ မူဆိုတာ ဥပဒေမဟုတ်ပါဘူး။ မူဆိုတာက ယုံကြည်ချက်လို့ ကျွန်မ ပြောချင်ပါတယ်။ ယုံကြည်ချက်အပေါ်မှာ အခြေခံပြီး လုပ်ထုံးလုပ်နည်းတွေ ကို ကျွန်မ ပြောချင်ပါတယ်။
နိုင်ငံရဲ့တန်ဖိုး
ကျွန်မတို့ရဲ့ ယုံကြည်ချက်က ဘာလဲဆိုရင် နိုင်ငံ တစ်နိုင်ငံဆိုတာ တကယ်တော့ ပြည်သူပါ။ ပြည်သူရဲ့ တန်ဖိုးဟာ နိုင်ငံရဲ့ တန်ဖိုးပါ၊ ပြည်သူကို အလေးထားတယ်၊ တန်ဖိုးထားတယ်။ ဒါကြောင့် ပြည်သူကို တန်ဖိုးထားတဲ့ ပုံစံနဲ့ ကျွန်မတို့ရဲ့ နိုင်ငံကို ပြုစုပျိုးထောင်သွားရမယ် ဆိုတာ ကျွန်မတို့ရဲ့ မူပါ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး ကို အားပေးတယ်ဆိုတာ တရားဥပဒေစိုးမိုးရေးရှိမှ ကျွန်မ တို့ ပြည်သူတွေ လုံခြုံအေးချမ်းပြီး တိုးတက်နိုင်မယ်။
နောက်ပြီး ကျွန်မတို့က အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို အလွန်လိုလားပါတယ်။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးဆိုတာကို လွတ်လပ်ရေးရကတည်းက မသိခဲ့ရ ပါဘူး။ ငြိမ်းချမ်းရေးမရှိရင် တကယ်ခံရတာ ပြည်သူလူထုပါ။ အပြစ်မဲ့ပြည်သူတွေဟာ အခံရဆုံးပါ။ ဒါကြောင့် ငြိမ်းချမ်း ရေးကို လိုအပ်တယ်၊ ငြိမ်းချမ်းရေးကို ရအောင်လုပ်ရမယ်၊ လူတိုင်းလူတိုင်း ကိုယ့်တတ်အားသရွေ့ ငြိမ်းချမ်းရေး ရရှိဖို့ ကူညီပေးစေချင်ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ ကူညီပေးတယ်ဆိုတာ ဖွံ့ဖြိုးရေးရရှိဖို့ ကူညီပေးတာနဲ့ အတူတူပါ။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဖွံ့ဖြိုးရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့အတွက် တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ ငါဟာ ငြိမ်းချမ်းရေးဘက်တော်သားဖြစ်မယ်၊ ငါဟာ ငြိမ်းချမ်းရေး ဘက်က ရပ်တည်မယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောထားမတူတာတော့ ရှိမှာပါ။
တိုးတက်မယ်ဆိုတာ ယုံကြည်
သဘောထား မတူညီတာတွေကို မငြိမ်းချမ်းတဲ့ နည်းတွေနဲ့ ဖြေရှင်းဖို့မလိုပါဘူး။ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို လက်ကိုင်ထားပြီး ကျွန်မတို့ တစ်ယောက်ချင်းတစ်ယောက်ချင်းကသွားမယ် ဆိုရင် ဒီနိုင်ငံဟာ မကြာမီမှာ ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်မှာပါ။ နိုင်ငံဟာ ငြိမ်းချမ်းရေးရပြီဆိုတာနဲ့ တော်တော်မြန်မြန် တိုးတက်မယ်ဆိုတာကို ကျွန်မ ယုံကြည်ပါတယ်။
အခု ကျွန်မတို့ နိုင်ငံဟာ မငြိမ်းချမ်းသေးဘူး၊ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း တော်တော်များ ပါတယ်။ ကျွန်မတို့ရဲ့ ပင်လုံအစည်းအဝေးကိစ္စတွေ ကလည်း မပြီးပြတ်သေးပါ ဘူး။ သို့သော် ရခိုင်နဲ့ပတ်သက် ပြီး တစ်ကမ္ဘာလုံးက ဖိနှိပ်နေတာတွေလည်း ရှိပါတယ်။ ဒီကြားထဲကနေ ကျွန်မတို့ ရုန်းကန်ပြီး တိုးတက်အောင် လုပ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေ မရှိဘူးဆိုရင် ဘယ်လောက်တိုးတက်နိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။
ပြည်ပက ကျွန်မတို့ကို ဘယ်လိုပဲကြည့်ကြည့်၊ ဘယ်လို ဖိအားတွေပဲရှိရှိ အဓိကပြည်တွင်းအင်အားပါ။ ကျွန်မတို့ ပြည်တွင်းမှာ ကျွန်မတို့ဟာ ညီညွတ်တယ် တစ်စိတ်တည်း တစ်ဝမ်းတည်းရှိတယ်။ အားလုံးလက်တွဲ ပြီး ရင်ဆိုင်စရာအားလုံးကို ရင်ဆိုင်မယ်ဆိုရင် ဘယ်ပြည်ပ စိန်ခေါ်မှုကိုမှ ကျွန်မတို့ ကြောက်ဖို့မလိုပါဘူး။ ဘယ်ပြည်ပ စိန်ခေါ်မှုကိုမှ စိုးရိမ်စရာမရှိပါဘူး။
ကျွန်မတို့ တိုးတက်ရမှာ မုချအမှန်ပါ။ ဒါကို ကျွန်မတို့ ယုံကြည်နိုင်ပါတယ်။ လူတစ်ယောက်ချင်း တစ်ယောက် ချင်းဟာ ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာကို ကြည့်ပါ။ ငြိမ်းချမ်းရေးဘက်မှာ လုပ်ပေးမလား၊ ကိုယ်ကိုယ်တိုင် စည်းကမ်းရှိဖို့အတွက် လုပ်ပေးမလား၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုယ့်ရဲ့လုပ်ငန်းတွေမှာ အောင်မြင်မှုအတွက် လုပ်ပေးမလား၊ ဒီလိုရွေးချယ်စရာတွေက အများကြီးရှိ ပါတယ်။
ဝိုင်းဝန်းပြီးကူညီပေး
ဒီရှေ့က ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကျောင်းမှာ စာသင်သွားတဲ့အခါ ရည်ရွယ်ချက်က ငါတို့ နိုင်ငံတိုးတတ်ဖို့နဲ့ ငါတို့ နိုင်ငံကို ကူညီနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းမှာစာသင်မယ်ဆိုရင် ဒါနိုင်ငံ ဖွံ့ဖြိုးရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် အထောက် အကူပြုပါတယ်။ ဒါကို ကျွန်မတို့ ပြည်သူများအားလုံး က ကြိုးစားပေးပါ။ ကျွန်မတို့ အစိုးရကလည်း ကြိုးစား ပါမယ်။ ကျွန်မတို့မှာ စိန်ခေါ်မှုတွေ များတယ်၊ အားနည်းချက်တွေလည်း ရှိပါတယ် ဒါကို ကျွန်မတို့ ဝန်ခံ ပါတယ်။ ဒါကိုလည်း ကျွန်မတို့ ရင်ဆိုင်ပါမယ်။ အားနည်း ချက်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အမြဲကြိုးစားနေ ပါတယ်၊။ ပြည်သူတွေကလည်း ကိုယ့်ရဲ့ အားနည်းချက် တွေကို ရင်ဆိုင်ကျော်လွှားပြီး ကျွန်မတို့ နိုင်ငံ တိုးတက်ရေး အတွက် ဝိုင်းဝန်းပြီးကူညီပေးဖို့ ကျွန်မ မေတ္တာရပ်ခံချင် ပါတယ်”ဟု ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်း ထားသည့် လှိုင်းဘွဲမြို့ (က) ရပ်ကွက်မှ နန်းမူမူခလိန်းဟိ ၏ လှိုင်းဘွဲ-ဘားအံ ကားလမ်းအား အဆင့်မြှင့်တင် ပေးရေး၊ (ခ)ရပ်ကွက်မှ ဦးသာဒင်၏ လှိုင်းဘွဲမြို့ရှောင် လမ်းဖောက်လုပ်ပေးရေး၊ ရွှေဂွန်းကျေးရွာမှ ဦးမောင်မောင် ၏ လှိုင်းဘွဲ-ရွှေဂွန်း ကားလမ်းအား အဆင့်မြှင့်တင် ပေးရေး၊ ကစိုကျေးရွာမှ ဦးစောစိန်၏ လှိုင်းဘွဲ-ပိုင်ကျုံ လမ်းပိုင်း(၁၅)မိုင်အား တိုးချဲ့ပေးနိုင်ရေးနှင့် လမ်းအဆင့် မြှင့်တင်ပေးနိုင်ရေး၊ အမှတ်(၂)ရပ်ကွက်မှ ဦးစောခင်ဝင်း ၏ ရှမ်းရွာသစ်မြို့ လျှပ်စစ်မီးလင်းရေးအတွက် ဓာတ်အား လိုင်းသွယ်တန်းပေးရေးနှင့် ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်ပေးရေး မေးခွန်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း။
ရှင်းလင်းပြောကြား
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ခန်းမအတွင်း နှင့် ခန်းမအပြင်မှ မေးခွန်း မေးမြန်းလိုသူ ( ၂၁)ဦးအနက် မဲပေါက်သူ (၄)ဦးဖြစ်သည့် ထီလုံကျေးရွာမှ ဒေါ်မဲကြီးမား ၏ လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံ တည်ဆောက်ရာတွင် ပါဝင်သွားသည့် ၎င်း၏ လယ်မြေများ အတွက် နစ်နာကြေးရရှိနိုင်ရေး၊ ထီလုံကျေးရွာမှ ဦးအေးမြင့်၏ ထီလုံတိုက်နယ်ဆေးရုံ အမြန်ဖွင့်လှစ် ပေးနိုင်ရေးနှင့် ဆေးကုသခွင့်ရရှိရေး၊ ထီလုံကျေးရွာ မှ ဦးကျော်ကျော်ဝေ၏ ရေဘုတ်ရေလှောင်တမံ တည်ဆောက်ရာတွင် ပါဝင်သွားသည့် ၎င်း၏ လယ်မြေ များအတွက် နစ်နာကြေးအမြန်ရရှိအောင် ဆောင်ရွက် ပေးရေး၊ လှိုင်းဘွဲမြို့မှ ဦးမြစိမ်း၏ ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့မှုနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ အတွက် ရရှိခဲ့သည့် အမျိုးသားအကျိုးစီးပွားနှင့် စပ်လျဉ်း၍ သိရှိလိုခြင်းမေးခွန်းတို့နှင့် စပ်လျဉ်း၍ မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေ အနေများ၊ စိစစ်ဆောင်ရွက်ပေးသွားရမည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ ပြည်သူနှင့် ထိတွေ့ရသည့်အချိန်မှာ ပိုသည်ဟု မရှိ ပါကြောင်း၊ အမြဲလိုပါကြောင်း၊ ပြည်သူများကိုလည်း ယုံကြည်စိတ်ချစွာဖြင့် မိမိတို့ နိုင်ငံ၏အရေးများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လှိုင်းဘွဲမြို့မှ ပြန်လည်ထွက်ခွာရာ ရဟတ်ယာဉ်ကွင်း၌ အသင့်စောင့်ဆိုင်းနေသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ အလုပ်လုပ်တဲ့အခါမှာ အဓိက အင်အားက ပြည်သူတွေရဲ့ ထောက်ခံမှုပါ။ ပြည်သူတွေရဲ့ ထောက်ခံမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဘယ်အစိုးရမှာမှ တကယ့်အင်အားမရှိပါဘူး။ ကျန်တဲ့အင်အားတွေက အပေါ်ယံဖြစ်ပြီး တကယ့်အနှစ်သာရရှိတဲ့ အင်အားဆိုတာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေကနေပြီး စိတ်ရှည် လက်ရှည်နဲ့ စောင့်ကြိုပြီး ကျွန်မပြောဖို့အတွက် အခွင့် အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အရေးအကြီးဆုံးက ညီညွတ်ရေး
နိုင်ငံတိုးတက်ဖို့အတွက် အများကြီးလိုတယ်ဆိုတာ ကို ကျွန်မ ထူးထူးခြားခြားပြောဖို့ မလိုပါဘူး။ ဒါပေမယ့် တိုးတက်ဖို့ လမ်းကြောင်းမှာ အရေးအကြီးဆုံးက ညီညွတ်ရေးဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးညီညွတ်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ညီညွတ်ခြင်းအင်အားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိခြင်း၊ စာနာမှု ရှိခြင်းဆိုတဲ့ အင်အားတွေက ဘယ်အင်အားနဲ့မှ မတူ ပါဘူး။ ဒါကို ကျွန်မတို့ရဲ့ ပြည်သူတွေ သဘောပေါက် နားလည်ပြီး တန်ဖိုးထားစေချင်ပါတယ်။
ကျွန်မတို့ နိုင်ငံက လွတ်လပ်ရေးရခါစမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ရှေ့ဆုံးက ပြေးနေ တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေမှာ အဲဒီအချိန်အခါတုန်းက အရှေ့ တောင်အာရှမှာ အဆင့်အမြင့်ဆုံးစနစ်တွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကိစ္စ၊ ဒီအနေအထားတွေက ပြောင်းလဲတတ် ပါတယ်။ ဒီလိုပြောင်းလဲသွားတဲ့အတွက် အိမ်နီးချင်းနိုင်ငံ တွေက ကျွန်မတို့ထက် ပိုပြီးသာသွားတာကို ကျွန်မတို့ တွေ့ရပါတယ်။ ဒါက ဖြစ်ပြီးသား ကိစ္စတွေပါ။ ပြန်ပြင်လို့ မရပါဘူး။ အတိတ်က အတိတ်ပါ။ ဖြစ်ပြီးသားကို မဖြစ်ပါ စေနဲ့လို့ ပြောလို့မရပါဘူး။ ဒီတော့ လက်ရှိပစ္စုပ္ပန်မှာ ကျွန်မတို့က လုပ်စရာရှိတာကို လုပ်ဖို့ဖြစ်ပါတယ်။
အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးမလဲ
ကျွန်မတို့ လက်ထဲရှိတဲ့ အခုအချိန်ကို တန်ဖိုးထား ရပါမယ်။ ဒီတော့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ဆုံးဖြတ်ချက်က ကိုယ့်လက်ထဲမှာရှိတဲ့ အခုပစ္စုပ္ပန်အချိန် ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးမလဲဆိုတာကို ကျွန်မတို့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အနာဂတ် ဆိုတာလည်း ကျွန်မတို့ လက်ထဲမှာ မရှိပါဘူး။ ကျွန်မတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ တစ်ရာ ရာခိုင်နှုန်း မသိပါဘူး။ ဒါက လောကရဲ့ သဘောတရားပါ။
ကျွန်မတို့ဟာ အခုလက်ရှိ ချက်ချင်းလက်ငင်း ဘာလုပ်နေလဲ။ ကျွန်မတို့ ရှိတဲ့အချိန်ကို ဘယ်လိုသုံးနေလဲ။ ကျွန်မတို့ စုစုစည်းစည်းနဲ့ ပူးပေါင်းပြီး ဒီမှာတွေ့ဆုံနေကြ ပါတယ်။ ကျွန်မတို့က ညီညွတ်မှုနဲ့ စုစည်းမှုဖြစ်အောင် လုပ်ခြင်းက အကျိုးရှိတဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် အခုဒီလိုတစ်ခဏလေးအချိန်မှာ ကျွန်မတို့ ဆုံးဖြတ်လိုက် ပါတယ်။ ဒီအချိန်လေးကို ငါတို့ ဘယ်လိုပုံစံနဲ့ သုံးမလဲ ဆိုတာကို ဆုံးဖြတ်ပြီး ကျွန်မတို့ သုံးနေပါတယ်။ အဲဒါကို ဒီနေ့အတွက်၊ ဒီအချိန်လေးအတွက် ကျွန်မတို့ ထိုက်ထိုက် တန်တန် လုပ်ခဲ့ပြီဖြစ်ပါတယ်။ မနက်ဖြန် ဒီအချိန် ကိုယ်ဘာလုပ်နေမယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ကိုယ့်မှာ ရည်ရွယ်ချက် တစ်မျိုးရှိရင်ရှိမယ်။ ကျွန်မတို့ မနက်ဖြန်အတွက် တစ်ရာ ရာခိုင်နှုန်း မှန်းဆပြီးလုပ်လို့ မရပါဘူး။ အခု လက်ရှိအချိန်ကိုသာ ကျွန်မတို့ ပိုင်ပါတယ်။ အဲဒီလိုပဲ စိတ်ထဲမှာ အမြဲထားစေချင်ပါတယ်။
ကျွန်မတို့ရဲ့ ပြည်သူတွေအားလုံးဟာ လက်ရှိ ကိုယ်ပိုင် တဲ့အချိန်၊ ကိုယ်ပိုင်နေတုန်း အချိန်ကာလမှာ ကောင်းဆုံး ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်ကို ထားစေချင်ပါတယ်။ ဒါပေမယ့် အဲဒီလို ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့ အချိန် အတွင်းမှာ နည်းနည်းလေး နိုင်ငံ့အတွက်ထည့်ပြီး စဉ်းစား စေချင်ပါတယ်။
ပြည်သူတွေအားလုံးက တစ်ယောက်ချင်း တစ်ယောက် ချင်း အနေနဲ့ တစ်နေ့ကို နိုင်ငံ့အတွက် နည်းနည်းလေး စဉ်းစားပေးမယ်ဆိုရင် သန်းငါးဆယ်ကျော်သော ပြည်သူ တွေရဲ့ နိုင်ငံ့အတွက် စဉ်းစားတဲ့ အင်အားတွေကို စုပေါင်း လိုက်မယ်ဆိုရင် ဘယ်လောက်ဖြစ်လာမလဲဆိုတာကို စဉ်းစားကြည့်ပါ။ ဒါကြောင့် ကိုယ့်ရဲ့ တိုးတက်ရေးအတွက် ကိုယ်လုပ်ပါ။ ဒါအားလုံးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရကလည်း ပြည်သူတွေ တစ်ယောက်ချင်း တစ်ယောက်ချင်း တိုးတက်ရေးအတွက် တတ်နိုင်သမျှ ကူညီပါမယ်။ တစ်ချိန်တည်းမှာ ကျွန်မတို့ နိုင်ငံအတွက်ဆိုပြီး တစ်နေ့ကို နည်းနည်းလေး စဉ်းစားတဲ့ အလေ့အကျင့်လေးကို တော့ လုပ်ယူကြပါ။ နည်းနည်းလေးပါ များများကြီး မဟုတ် ပါဘူး။
ငါတို့လည်း ပိုသာတဲ့အခြေအနေ ရောက်အောင်လုပ်မယ်
နိုင်ငံအတွက် ငါတို့တွေ ဘာလုပ်ပေးနိုင်မလဲဆိုပြီး ကိုယ်တတ်နိုင်သလောက် စဉ်းစားပေးစေချင်ပါတယ်။ ဒီပရိသတ်ထဲမှာ ထိုင်းနိုင်ငံကို ရောက်ဖူးတဲ့သူတွေများပြီး အားကျကြပါတယ်။ ဒါကို အားကျရုံနဲ့ မပြီးဘူး၊ ငါတို့လည်း ဒီလိုအခြေအနေထက် ပိုပြီးသာတဲ့အခြေအနေကို ရောက်အောင်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်တွေ ချရပါမယ်။ ကိုယ့်ရဲ့နိုင်ငံကို တိုးတက်စေချင်လို့ပါ။
ကိုယ့်အရည်အချင်း အကောင်းဆုံးဖြစ်အောင်ကြိုးစား
အဲဒီတော့ ကျွန်မတို့က တခြားသူတွေကို ပြိုင်တာထက် ကိုယ့်ဟာကိုယ် ပြန်ပြီးပြိုင်တာက အရေးကြီးတယ်ဆိုပြီး ပညာရှင်တွေ ပြောပါတယ်။ ကိုယ့်ဟာကိုယ် ပြိုင်နေတဲ့ ပြိုင်ပွဲမှာ ကိုယ်ကနိုင်တယ်ဆိုရင် တခြားလူတွေအားလုံးကို နိုင်ပါပြီ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် အသုံးချပါ။ ကိုယ့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ။ အဲဒီလိုဆိုရင် ကျွန်မတို့နိုင်ငံ တိုးတက်မှာ သေချာပါတယ်။ ကျွန်မ ဒါကို လုံး၀ သံသယ မရှိပါဘူး။
ဒါကြောင့် အခုဒီအချိန်လေးမှာ ကြုံတုန်း ကျွန်မတို့ရဲ့ ပြည်သူတွေကို ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်ပါနဲ့၊ အားမငယ်ပါနဲ့၊ တစ်ဖက်ကိုကြည့်ပြီး တခြားလူတွေကိုကြည့်ပြီး ငါတို့ ဒီလိုအခြေအနေ မရှိပါလားဆိုပြီး ဝမ်းနည်းမနေပါနဲ့၊ ငါတို့လည်း ငါတို့ အခြေအနေတွေကို တကယ်ကောင်းအောင်လို့ လုပ်မယ်။ ငါတို့နိုင်ငံဟာ တကယ့်ကို ငါတို့ ပြည်သူ ပြည်သားတွေ နေသင့်နေထိုက်တဲ့ နိုင်ငံ၊ နေလို့ကောင်းတဲ့ နိုင်ငံ၊ နေပျော်တဲ့ နိုင်ငံ၊ နေလို့လုံခြုံတဲ့ နိုင်ငံ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ထားလေးနဲ့ ဆက်ပြီး ပြည်ထောင်စုရဲ့ အနာဂတ်ခရီး ကို လက်တွဲပြီး လမ်းလျှောက်သွားမယ်ဆိုရင် အောင်မြင် မှာပါ။
ဒီတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေအားလုံး တစ်ယောက်ကိုတစ်ယောက် မိတ်ဆွေများသဖွယ် စိတ်ထား ကြပါ။ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲမဖြုတ်တမ်း နိုင်ငံရဲ့အနာဂတ်ခရီးကို ဆက်ပြီးလျှောက်ကြပါ။ လျှောက်ကြ တဲ့နေရာမှာလည်း အားလုံးဟာ ကျန်းကျန်းမာမာနဲ့ ချမ်းချမ်းသာသာနဲ့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာပို့ပါတယ်။ ကျေးဇူးတင် ပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် လှိုင်းဘွဲမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဝန်ကြီး များအား မော်လမြိုင်လေဆိပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ကျူးကျော်ပြဿနာများကို အချိန်မဆိုင်းဘဲဆောင်ရွက်
တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာမြေနှင့် လျှပ်စစ် ဓာတ်အားရရှိရေးတို့အတွက် လူထုတွေ့ဆုံပွဲများတွင် ပြည်သူများ၏တင်ပြချက်များကို အထူးဦးစားပေး ဆောင်ရွက်ပေးရန်၊ ပြည်နယ်အစိုးရများအနေဖြင့် စီမံကိန်း များဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရှိ၊ လူထု ပါဝင်ပြီး နားလည်မှုရှိစွာဖြင့် ဆောင်ရွက်သွားရန်၊ မူးယစ် ဆေးဝါးပြဿနာများကို ပြည်ထဲရေးအနေဖြင့် အထူး အလေးထားဆောင်ရွက်ရန်နှင့် ပြည်နယ်အစိုးရများ အနေဖြင့်လည်း ကျောင်းသား၊ ဆရာ၊ မိဘပူးပေါင်းပြီး ဘက်စုံပညာပေးလျှော့ချသွားရန်နှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ ကျူးကျော်ပြဿနာများကို အချိန် မဆိုင်းဘဲ ဥပဒေနှင့်အညီ ချက်ချင်းကိုင်တွယ်ဆောင်ရွက် သွားရန်မှာကြားပြီး ပြည်နယ်အစိုးရများ၏ လိုအပ်ချက် တင်ပြမှုများကို မှာကြားဖြည့်ဆည်းပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မော်လမြိုင်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။ သတင်းစဉ်

No comments:

Post a Comment