Tuesday, February 25, 2020

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



Image may contain: 5 people, people standing and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၄



ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ သဘင်ဆောင်၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ IPU မှ နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေအား လေးစားမှုမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော် ကိုယ်စားလှယ် Dr. Agnes Vadai၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊ လွှတ်တော် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေး လုပ်ငန်းဆိုင်ရာအတွေ့အကြုံရှိသည့် နိုင်ငံတကာမှ လွှတ်တော်ကိုယ်စား လှယ်များ၊ ကျွမ်းကျင်သူများနှင့် မြန်မာ့လွှတ်တော်ကိုယ်စားလှယ်များ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့်အမြင်များ အပြန်အလှန်ဖလှယ်နိုင်ရန်၊ ဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်ရန် စသည့်ရည်ရွယ်ချက်ကောင်းများနှင့် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU)နှင့် မြန်မာလွှတ်တော်တို့အကြား အပြန်အလှန် နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်နိုင်မှုများက အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံအတွင်း နယ်မြေဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ဆက်တွဲအခြေအနေများကြောင့် တိုင်းရင်းသားပြည်သူများ၏ လူမှုဘ၀ ဖွံ့ဖြိုးမှုများ ပျက်စီးဆုံးရှုံးလျက်ရှိပါကြောင်း၊ ပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်မြေ ဒေသအချို့တွင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစများ မှေးမှိန်ထိခိုက်လျက်ရှိ၍ နိုင်ငံသားပြည်သူများ၏ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများပါ နစ်နာ ဆုံးရှုံးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးအတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော် အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဦးစားပေးပြီး မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ အခြေခိုင် စေရန် အားထုတ်ကြိုးပမ်းလျက်ရှိသည့် ယခုအချိန်တွင် ပြင်ပဖိအားများကြောင့် ပေါ်ပေါက်လာသည့် အကြမ်းဖက်မှုနှင့် ထိပ်တိုက်တွေ့မှုများ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲမှုများသည် မိမိတို့၏ အားထုတ်မှုအပေါ် ထိခိုက်ယုတ်လျော့စေလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစား ရယူပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးရည်မှန်းချက်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
ပြုပြင်ပြောင်းလဲအကောင်အထည်ဖော်မှုများ ကြိုးပမ်းဆောင်ရွက်
ထိုသို့ဆောင်ရွက်ရာတွင် စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးမှတစ်ဆင့် ပြည်သူများ၏ နေ့စဉ်လူမှုဘ၀ ဖြတ်သန်းမှုများတွင် ပကတိ ငြိမ်းချမ်းမှုကိုရရှိခံစားနိုင်စေမည့် ပြုပြင်ပြောင်းလဲအကောင်အထည်ဖော်မှုများကို အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အားလုံးပါဝင်ပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီမူဝါဒများကို မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးအသိများကို မိမိတို့ မဲဆန္ဒနယ်မြေများတွင် ပြန်လည်မွေးမြူထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်း ဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် လွှတ်တော်၏အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ရာ ရောက်ပါကြောင်း။
လွှတ်တော်အတွင်း အမုန်းစကားပြောဆိုမှုများကို ရှောင်ကြဉ်ပြီး အမုန်းစကား (hate speech)နှင့် ဆက်နွှယ်သည့် ပြဿနာများကို ဖြေရှင်းရာ တွင်လည်း ပါဝင်ကူညီရန် တိုက်တွန်းလိုပါကြောင်း၊ “ ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့် လွှတ်တော်ဆောင်ပုဒ်နှင့်အညီ လွှတ်တော်၏ မူဝါဒ ရေးရာချမှတ်သည့် လုပ်ငန်းစဉ်များ၊ ပြည်သူကို အကာအကွယ်ပေးသည့် ဥပဒေပြုခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြု ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုဆွေးနွေးပွဲမှတစ်ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် ပြည်တွင်းနှင့် နိုင်ငံတကာအခြေအနေ ရှုမြင် သုံးသပ်မှုများ၊ လက်တွေ့ဆောင်ရွက်နိုင်မည့် အသိပညာစွမ်းရည်နှင့် နည်းလမ်း တို့ကို ပိုမိုသိရှိနားလည်လာနိုင်ရန် မျှော်လင့်ပါကြောင်း။
ပြည်သူအားလုံး၏ လူမှုစီးပွားဘ၀ ပြည့်စုံရေးဖြည့်ဆည်း
ဥပဒေပြုလွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို မြှင့်တင် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ လွှတ်တော်များသည် ထိရောက်မှု၊ လှုပ်ရှား တက်ကြွမှု၊ ပွင့်လင်းမြင်သာမှုတို့ရှိပြီး ပြည်သူအားလုံး၏ လူမှုစီးပွားဘ၀ ပြည့်စုံ ရေးကို ဖြည့်ဆည်းပေးနိုင်မှသာလျှင် ဒီမိုကရေစီစနစ်သည် ရှင်သန်ဖွံ့ဖြိုးနိုင်မည် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိစေရန်အတွက် လူ့အဖွဲ့ အစည်းများအကြား ကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် IPU မှ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား လေးစားမှု မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော်ကိုယ်စားလှယ် Dr. Agnes Vadai နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းတို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ IPU မှ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား လေးစားမှုမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော်ကိုယ်စားလှယ် Dr. Agnes Vadai နှင့် နိုင်ငံတကာ ကျွမ်းကျင်သူများ၊ AIPA ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ အတွင်းရေးမှူး ဒေါ်ထုမေ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ၊ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့သည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် “ပဋိပက္ခဆိုးမွေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ တောင်အာဖရိက လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Roelf Petrus Meyer ၊ ထိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း Ms. Tuenjai Deetes ၊ ဖိလစ်ပိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Neri Colmenares နှင့် Equality Myanmar မှ Executive Director ဦးအောင်မျိုးမင်းတို့က ဆွေးနွေး ကြသည်။
ယင်းနောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်းနှင့် ဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင်ဆွေးနွေး ကြသူများက ပြန်လည်ရှင်းလင်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် IPU မှ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား လေးစားမှု မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဟန်ဂေရီလွှတ်တော်ကိုယ်စားလှယ် Dr. Agnes Vadai က ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်များ၏ အရေးပါမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)က ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍ ဆွေးနွေးပွဲနှင့် အပြန်အလှန်ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက် အထိ နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment