Tuesday, February 25, 2020

သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမားဥပဒေပြင်ဆင်ရေး အမျိုးသားအဆင့်ပါဝင်သက်ဆိုင်သူများ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပ




Image may contain: 2 people, people sitting, people standing and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၄



သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမားဥပဒေပြင်ဆင်ရေး အမျိုးသားအဆင့် ပါဝင်သက်ဆိုင်သူများ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲသည် နိုင်ငံတော်အနေဖြင့် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အလုပ်သမားဥပဒေပြင်ဆင်ရေးနှင့် သင့်လျော်ကောင်းမွန်သော လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အထောက်အပံ့များရရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး အခြားဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှု များကို ပြုလုပ်နိုင်ရန်နှင့် အဆိုပါကဏ္ဍနှင့် သက်ဆိုင်သူ များဖြစ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အစိုးရမဟုတ်သည့် ပြည်ပအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းများကို ချမှတ်ဆောင်ရွက်ပေးနိုင်ရေး အတွက် ဖြစ်ပါကြောင်း။
အဓိကကျသော အခန်းကဏ္ဍတစ်ရပ်
ဆွေးနွေးပွဲ ပထမနေ့တွင် ကောင်းမွန်သော ဥပဒေ မူဘောင်များနှင့် အလေ့အကျင့်ကောင်းများကို လိုက်နာ ကျင့်သုံးခြင်းဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် များ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် မူဝါဒပိုင်းနှင့် လုပ်ငန်းခွင် များတွင် လူမှုရေးတွေ့ဆုံဆွေးနွေးမှုများ အားကောင်း အောင် ဆောင်ရွက်ခြင်းဖြင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ မြှင့်တင်ခြင်းလုပ်ငန်းစဉ်၏ အဓိကကျ သော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အလေးထားဆွေးနွေး ကြမှာ ဖြစ်ပြီး ဒုတိယနေ့တွင် အလုပ်သမားဥပဒေ ပြင်ဆင်ရေးဆွဲခြင်းလုပ်ငန်းစဉ်နှင့် လတ်တလောဦးစားပေး ဆောင်ရွက်ရမည့် နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာ တွေကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ILO တို့မှ နိုင်ငံ၏ လိုအပ်ချက်၊ ILO စံနှုန်းများ၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်များနှင့် ကိုက်ညီမှုရှိသော မြန်မာနိုင်ငံအတွက် ပထမဆုံးသင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ်(Decent Work Country Programme-DWCP)(၂၀၁၈-၂၀၂၁)ကို ရေးဆွဲ၍ ထုတ်ပြန်နိုင်ခဲ့ပြီး ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ အထောက်အပံ့နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
အဓမ္မခိုင်းစေမှုနှင့် အကျုံးဝင်သည့် အသက်မပြည့် စုဆောင်းမှုနှင့် ဆန္ဒမပါဘဲ စုဆောင်းခံရမှုများကိုလည်း UNCTFMR နှင့် National Complaint Mechanism တို့ဖြင့် ဖြေရှင်းဆောင်ရွက်ပြီးဖြစ်၍ အဓမ္မခိုင်းစေမှု ပပျောက်စေရေး အထူးအလေးထားဆောင်ရွက်နေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ILO က အပြည့်အဝယုံကြည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
၁ ဒသမ ၄၆ သန်းကျော်ရှိ
လူမှုဖူလုံရေးစီမံကိန်းတွင် အကျုံးဝင်သည့် အာမခံ အလုပ်သမားများသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁ ဒသမ ၄၆ သန်းကျော်ရှိရာ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တိုးတက်များပြားလာသည့် အာမခံအလုပ်သမားများ အတွက် အကျိုးခံစားခွင့်များအား ထိရောက်မြန်ဆန်စွာ ပေးနိုင်ရန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ILO ၏ နည်းပညာအကူအညီ၊ မိတ်ဖက်အဖွဲ့အစည်းများ၏‌ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးအလုပ်သမား ပပျောက်ရေးအတွက် အမေရိကန်အကူအညီဖြင့် ငါးနှစ်စီမံကိန်း (၃)ကြိမ် ၁၅ နှစ် စီမံကိန်းဖြင့် ဒုတိယသမ္မတ ဦးဆောင်သော အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ ရှစ်ခု ဖွဲ့စည်း ပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး ILO ရာပြည့်အထိမ်းအမှတ်အဖြစ် အနိမ့်ဆုံး အသက်ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးရေး လွှတ်တော်က အတည်ပြုပြီးဖြစ်ပါသဖြင့် Formal Ratification Process ကို ဆောင်ရွက်နေပါကြောင်း။
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အခြေခံအလုပ်သမား အဖွဲ့အစည်း ၂၈၀၀ ၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ်သမားအဖွဲ့ အစည်း ၂၄ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ကိုးဖွဲ့၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ တစ်ဖွဲ့ စုစုပေါင်းအလုပ်သမားအဖွဲ့အစည်း ၂၉၉၀ နှင့် အခြေခံ အလုပ်ရှင်အဖွဲ့အစည်း ၂၇ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့ အစည်း တစ်ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ်တစ်ဖွဲ့ စုစုပေါင်း အလုပ်ရှင်အဖွဲ့အစည်း ၂၉ ဖွဲ့ကို အသိအမှတ်ပြုလက်မှတ် များ ထုတ်ပေးပြီးဖြစ်ပါကြောင်း။
လှိုက်လှိုက်လှဲလှဲကျေးဇူးတင်
ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အကူအညီ ပေးကြသည့် ILO အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ အလှူရှင်မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံများကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပွဲ သို့ တက်ရောက်လာသူများအားလုံးမှ မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအတွက် နည်းပညာနှင့် အထောက်အပံ့ကောင်းများကို ဆွေးနွေး အဖြေရှာနိုင်ရန်နှင့် ထိထိရောက်ရောက် ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ၊ ဥရောပသမဂ္ဂ ဒုတိယဌာနကိုယ်စားလှယ် Ms. Eszter Nemeth ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး Mr. John Nielsen ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုတိယသံအမတ်ကြီး Mr. George Sibley နှင့် UN Resident Coordinator မှ ယာယီဌာနေကိုယ်စားလှယ် Ms. Xiaojie Fan တို့က အမှာစကားပြောကြားကြသည်။
ဆွေးနွေးပွဲတွင် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမားဥပဒေပြင်ဆင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment