Sunday, February 2, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၀) ဖွင့်ပွဲအခမ်းအနား တက်ရောက်

Image may contain: 1 person, crowd and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၁
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပသည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၀) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကယားပြည်နယ်ဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် “သွေးချင်း တို့ရဲ့ပွဲတော်ဆီ(၂၀၂၀)”အထိမ်းအမှတ် ဖွင့်လှစ်ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
သီဆိုဖျော်ဖြေ
ထို့နောက် တေးရေး သစ်လွင်အောင် (လွိုင်ကော်) ရေးသားသည့် “မငြိမ်းချမ်းလို့မဖြစ်ဘူး” တေးသီချင်းကို တေးသံရှင် ကယန်းတိုင်းရင်းသူ နော်ဂူဂူးက သီဆို၍ ကယားတိုင်းရင်းသားလူငယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြန်မာနိုင်ငံ ဂုဏ်တော်ချီးမွမ်းခြင်းကျောင်း မှ ကျောင်းသား ကျောင်းသူလေးများက တီးမှုတ်သီဆို ဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယော ဆက်၊ ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်း ကျော်တို့က သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ဒုတိယအကြိမ်ကျင်းပ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် ဒီနေ့ကျင်းပတဲ့ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀)”ဟာ မြန်မာနိုင်ငံရဲ့ တောတောင်ရေမြေအလှနဲ့ ယဉ်ကျေး မှုဓလေ့ထုံးစံတွေ တန်ဖိုးထား ထိန်းသိမ်းလာစေဖို့၊ တိုင်းရင်းသားများ ရဲ့ ရိုးရာအဝတ်အထည်များ၊ ဒေသ ထွက်ကုန်များကို မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများမှာပါ သိရှိပြီး ကျွန်မတို့ရဲ့နိုင်ငံတကာဈေးကွက်များဆီသို့ တင်ပို့နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးကိုအထောက်အကူပြုနိုင်မယ် စတဲ့ ရည်ရွယ်ချက်များနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”အခမ်း အနားကို ဒုတိယအကြိမ်ကျင်းပတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကယား ရိုးရာ တံခွန်တိုင်အကပွဲတော်အဖြစ် ကျင်းပတာဖြစ်ပါတယ်။
မနှစ်တုန်းက ကချင်ကို အဓိကထား ပြီး ကျင်းပခဲ့ပါတယ်။ ကျွန်မတို့ ဒီလိုပဲ နှစ်တိုင်းနှစ်တိုင်း တိုင်းရင်းသားလူမျိုး တစ်စုစီတစ်စုစီကို ကျွန်မတို့ဦးစားပေး ပြီး ကျင်းပသွားမယ်လို့ ကျွန်မနားလည် ပါတယ်။ကျွန်မတို့နိုင်ငံဟာ တိုင်းရင်း သား လူမျိုးစုပေါင်း ၁၀၀ ကျော်နဲ့ ပေါင်းစည်းတည်ဆောက်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း အေးအတူပူအမျှ အပြန်အလှန် အမှီ သဟဲပြုပြီး စဉ်ဆက်မပြတ်နေထိုင်ခဲ့ ကြတဲ့ သမိုင်းတစ်လျှောက် ဂုဏ်တင့် ထည်ဝါမယ့် ပြည်ထောင်စုကြီးကို ကျွန်မတို့အားလုံး ဖြူစင်တဲ့ စေတနာ၊ ထက်မြက်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု ပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များ အားလုံးဟာ ပြည်ထောင်စု သားချင်းများ ဖြစ်ပါတယ်။ ပြည်ထောင်စု စိတ်ဓာတ်နဲ့သာ စည်းလုံးညီညွတ်မှုကို ရရှိစေမှာ ဖြစ်ပါ တယ်။ ပြည်ထောင်စုအတွင်းမှာ မတူ ညီတဲ့လူမျိုး၊ မတူတဲ့ ဘာသာစကား၊ မတူတဲ့ ကိုးကွယ်မှုများရှိလင့်ကစား စည်းလုံးညီညွတ်စွာနေရေးကို ဦးတည် ကြရပါမယ်။ ကျွန်မတို့အားလုံးဟာ ပြည်ထောင်စုသားချင်းများဖြစ်တာနဲ့အညီ ဒီပြည်ထောင်စု၊ ဒီမြေ၊ ဒီရေကို ချစ်မြတ်နိုးပြီး ငြိမ်းချမ်းရေး၊ ညီညွတ် ရေး၊ တိုးတက်ဖွံ့ဖြိုးမှုနဲ့ သာယာခိုင်မာ တဲ့ ပြည်ထောင်စုတစ်ခု တည်ဆောက် ရေးကို တန်ဖိုးထားကြဖို့က အင်မတန် မှ အရေးကြီးပါတယ်။
ရိုင်းပင်းကူညီမှုများလိုအပ်
ဒီနေ့အချိန်အခါဟာ ကျွန်မတို့နိုင်ငံ မှာ တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်မှု၊ ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုများ ပိုမိုလိုအပ်လာတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုသားချင်းများ တစ်ဦး ချင်းစီရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လဝီရိယ၊ ရိုးသားဖြောင့်မတ်မှု စတဲ့ အရည်အချင်းများ ပိုမိုမြင့်မား ခိုင်မာ လာအောင် တည်ဆောက်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒါ့အပြင် အချင်းချင်း ရိုင်းပင်းကူညီမှု၊ ချစ်ခင်လေးစားမှုများ ကို အခြေခံပြီး ငြိမ်းချမ်းရေးကို အရယူ နိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေချင်ပါတယ်။
ဒီလိုအချိန်မှာ အရောင်အသွေးစုံ တိုင်းရင်းသားများပေါင်းစုပြီး တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမယ့် ယခုပွဲတော်ကို ကျင်းပ ကြတာ အင်မတန်မှ သင့်တော်အားရ စရာ ဖြစ်ပါတယ်။
မြင့်မားတိုးတက်ရေးဆောင်ရွက်
သဘာဝကြီးက လှပစွာဖန်ဆင်းပေး ထားတဲ့ သဘာဝပတ်ဝန်းကျင်အလှ များ၊ သယံဇာတများ၊ ရိုးရာအထည် များအပါအဝင် ဒေသထွက်ကုန်များ၊သစ်ဆန်းတီထွင်ဉာဏ်နဲ့ ခေတ်ပေါ် နည်းပညာများကို အခြေပြုပြီး ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ထွက်ကုန်များ အဆင့်မြှင့်တင်နိုင်ရေး၊ ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများမြှင့်တင်နိုင်ရေး စသည်တို့ကို တစ်ဆင့် ထက်တစ်ဆင့် မြင့်မားတိုးတက်ရေး အတွက် ဆောင်ရွက်သွားနိုင်မယ်လို့ယုံကြည်ပါတယ်။
နိဂုံးချုပ် ပြောချင်တာကတော့ ကျွန်မတို့ သွေးချင်းလို့ဆိုတဲ့အခါမှာတူညီတဲ့သွေး၊ တူညီတဲ့သွေးဆိုတာ တကယ်တော့ ကျွန်မတို့သွေးကြော တွေထဲမှာ စီးဆင်းနေတဲ့သွေးတွေကို ပြောတာ မဟုတ်ပါဘူး။ ကျွန်မတို့ စိတ်ထဲကနေ စီးဆင်းနေတဲ့သွေးကို ပြောတာပါ။ ဆိုလိုချင်တာဟာ စိတ်ထဲ က သဘောချင်းဟာ တူညီမှ ကျွန်မတို့ ဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်မှ တကယ့်သွေးရင်းတွေဖြစ်နိုင် မှာပါ။ အကြောထဲမှာ စီးဆင်းနေတဲ့ သွေးက ဘယ်လိုပဲတူတူ တစ်စိတ် တည်းတစ်ဝမ်းတည်း မဟုတ်ဘူး ဆိုရင် ကျွန်မတို့ကို ကျွန်မတို့သွေးချင်း လို့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။ ဒီပြည် ထောင်စုကြီးကို ကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့ပြည်ထောင်စုကြီး ကျွန်မတို့ နိုင်ငံဟာ ဘယ်လောက် လှပသလဲ၊ ဘယ်လောက်ကို တန်ဖိုးထားစရာ ကောင်းသလဲဆိုတာ မြင်ကြမှာပါ။
တစ်စိတ်တည်း တစ်ဝမ်းတည်း
စောစောက “မငြိမ်းချမ်းလို့မဖြစ်ဘူး”ဆိုတဲ့ သီချင်းဆိုတဲ့အခါမှာ နောက်ခံပြသွားတဲ့ အကွက်တွေမှာ ဆိုရင် ကျွန်မတို့နိုင်ငံဟာ ဘယ်လိုရှိ သလဲဆိုတာ အားလုံးသတိပြုမိမှာ ဖြစ်ပါတယ်။ သဘာဝတရားဟာ အင်မတန်မှ လှပပါတယ်။ ဒါပေမယ့် လည်း ကျွန်မတို့ လူတွေဖန်တီးတဲ့ဒုက္ခ တွေကြောင့်မို့လို့ အကျည်းတန်တဲ့ အရာတွေလည်း အများကြီးရှိနေပါ တယ်။ ဒါတွေ ဖယ်ရှားဖို့ဆိုတာ ကျွန်မတို့အားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်းနဲ့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လုပ်မှ ဖယ်ရှားနိုင် မှာ ဖြစ်ပါတယ်။ အဲဒါအတွက်လည်းအားလုံးဦးတည်မယ်လို့ ကျွန်မမျှော်လင့် ပါတယ်။
တိုင်းပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အရှိန်အဟုန်မြှင့်တင်နိုင် ဖို့အတွက်ဆိုရင် ဒီမိုကရေစီဖက်ဒရယ် ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့လိုအပ်နေတဲ့အချိန်မှာ တိုင်းရင်း သားပြည်သူအားလုံး မေတ္တာ၊ စေတနာ၊ ဆင်ခြင်တုံတရား၊ သတ္တိတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ ကျွန်မ တို့နိုင်ငံကြီးကို လှပသာယာအေးချမ်း ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ် ခိုင်ခိုင်မာမာတည်ဆောက်နိုင် ဖို့အတွက် ပူးပေါင်းပါဝင်စေချင်ပါ တယ်။ ဒီလိုပူးပေါင်းပါဝင်တဲ့နေရာမှာ ကျွန်မတို့အားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်း ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့စိတ်ဓာတ်လည်း ပါဝင်စေချင်ပါ တယ်။ ကျွန်မတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကိုယ်တတ်နိုင် သလောက် ဘယ်လောက်ပဲနည်းနည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကြီး ထူထောင်ဖို့အတွက် ကျွန်မတို့ နိုင်ငံမှာ စစ်မှန်တဲ့ ထာဝရတည်တံ့ ခိုင်မြဲမယ့် ငြိမ်းချမ်းရေးတည်ဆောက် နိုင်ဖို့အတွက် အတတ်နိုင်ဆုံး နည်းနည်း လေးလုပ်ပေးမယ်ဆိုရင် ဒီနည်းနည်း လေး နည်းနည်းလေးတွေ ပေါင်းခြင်း အားဖြင့် အင်အားအများကြီး ကြီးလာ ပြီးတော့ ကျွန်မတို့ရဲ့ လိုချင်တဲ့ ပန်းတိုင်ကို မကြာခင်ရောက်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒီယုံကြည် ချက်အတိုင်း ကျွန်မတို့ရဲ့ တိုင်းရင်း သား ညီအစ်ကိုမောင်နှမများနဲ့ စုစည်း ပြီးတော့ ပြည်ထောင်စုမှာ ငြိမ်းချမ်း ရေးရဖို့အတွက် ကျွန်မတို့ ကြိုးစား နေပါတယ်။ ဒီကြိုးစားမှုကိုလည်း ဝိုင်းဝန်းပြီးတော့ ကူညီကြပါ။ ထောက်ခံ ကြပါ။ နှလုံးသားထဲကနေ ထောက်ခံ ပါ။ နှလုံးသားထဲကနေ ထောက်ခံရုံတင် မက ဉာဏ်ကိုသုံးပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်မလဲဆိုတာ စဉ်းစားပေးပါ။
ဒီလိုထောက်ခံမှုနဲ့ စဉ်းစားဆင်ခြင်တုံ တရားကို ပူးပေါင်းပြီးတော့ ကျွန်မတို့ လက်တွေ့ကျကျ ဒီနိုင်ငံတိုးတက်ဖို့ အတွက်၊ အေးချမ်းဖို့ အတွက်၊ ဖွံ့ဖြိုးဖို့ အတွက် ထာဝရညီညီညွတ်ညွတ် သာယာတဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ရှိနိုင်ဖို့အတွက် အားလုံးကူညီ ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာ ရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်" ဟု ပြော ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက သွေးချင်းတို့ ရဲ့ပွဲတော်ဆီ (၂၀၂၀) ကျင်းပနိုင်သည့် အတွက် ကျေးဇူးတင်စကားပြောကြား သည်။
ဖျော်ဖြေတင်ဆက်
ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အဖြစ် 2020 Miss Myanmar Ethnic မှ လှပျိုဖြူလေးများက တိုင်းရင်းသားရိုးရာဝတ်စုံများဝတ်ဆင်၍ အလှပြ ဖျော်ဖြေတင်ဆက်ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ မှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် လည်း ကောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ 2020 Miss Myanmar Ethnic မှ တိုင်းရင်းသူလှပျိုဖြူလေးများ နှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား တေးသံရှင်များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တို့က မေတ္တာတရား နှင့် ဖြေရှင်းမယ် Theme Song ၊ သွေးချင်းတို့ရဲ့မြေသီချင်း၊ တဖူးဒီးကူ (ကယား) အက၊ ကရင်ရိုးရာ ကြိုးကျစ်အက၊ မြန်မာပြည်ကိုချစ်ပါ သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment