Wednesday, January 1, 2020

သီတဂူဆရာတော်ကြီး၏
၂၀၂၀ ပြည့်နှစ် သီတဂူ နှစ်ဦးနှုတ်ခွန်းဆက်စကား
အပ္ပမာဒေန သမ္ပာဒေထ
No photo description available.
"အပ္ပမာဒေန သမ္ပာ ဒေထ" ဆိုတဲ့ ဒေသနာဟာ -ပိဋ ကတ်သုံးပုံ အကုန် ငုံမိတဲ့ မြတ်ဗုဒ္ဓ၏ လက်စွဲတရားတော် ဖြစ်ပါတယ်။ မြတ် ဗုဒ္ဓသည် ဤ အပ္ပမာဒတရားကို နေ့စဉ် နေ့စဉ် တစ်နေ့ နှစ်ကြိမ် ဟောပါ တယ်။ အဓိပ္ပာယ် အကျဉ်းချုပ်ကတော့ "လောကနှင့် ဘဝ" ကို သတိနဲ့ စောင့်ကြည့်ကြ-လို့ အဓိပ္ပာယ်ရပါတယ်။ သတိဟာ ကိုယ်စောင့်တရား၊ စိတ်စောင့်တရား ပါ။ မိမိရဲ့ဘဝကို သတိနဲ့စောင့်ရှောက်နိုင်သူဟာ အောင်မြင်သူ ပါပဲ။
ကောသလမင်းဟာ မြတ်စွာဘုရားနှင့်အတူတကွ တစ်သက်လုံး နေခဲ့ရသူပါ။ ပမာဒ -အားကြီးတဲ့အတွက် သူ့ဘဝဟာ ဆုံးရှုံးပျက်စီး ခဲ့ရပါတယ်။ ကြမ်းတမ်းရက်စက်သော အသောကမင်းစဏ္ဍာသောက ဟာ ရှင်သာမဏေနိဂြောဓထံမှ အပ္ပမာဒတရားကို နာရတဲ့အတွက် စဏ္ဍာသောကမှ ဓမ္မာသောကဖြစ်ခဲ့ပါပြီ။ အကွဲကွဲအပြားပြားဖြစ်နေ သော မြန်မာနိုင်ငံတော်ကြီးကို ပထမဆုံး စည်းလုံးတည်ထောင်ခဲ့သော အနော်ရထာမင်းကြီးဟာလည်း အရှင်အရဟံ ခေါ် ပီယဒဿီမထေရ် ၏ အပ္ပမာဒတရားကို နာကြားရသောကြောင့်ပင် မြန်မာနိုင်ငံ၌ အောင်မြင်သောသာသနာပြုမင်းတစ်ပါး၏ ဘဝသမိုင်းမှတ်တမ်းကို ကောင်းကောင်းကြီး လွှင့်ထူနိုင်ခဲ့ပါသည်။
နိုင်ငံသူနိုင်ငံသား အားလုံးတို့၏ ဘဝဟာမြန်မာနိုင်ငံပါပဲ။
ဒါကြောင့် မြန်မာနိုင်ငံရဲ့မဆုံးရှုံး မပျက်ပြားရေးအတွက်လည်း သတိစောင့်ကြည့် " အပ္ပမာဒေနသမ္ပာဒေထ"ပါပဲ။ မြန်မာနိုင်ငံရဲ့ ကြီးပွားတိုးတက်ရေးအတွက်လည်း သတိနဲ့စောင့်ကြည့် "အပ္ပမာ ဒေန သမ္ပာဒေထ”ပါပဲ။
အတိတ်နှစ်ဟောင်းတွေကိုလည်း သတိနဲ့ပြန်ကြည့်ပါ- "အပ္ပမာ ဒေန သမ္ပာဒေထ"
အနာဂတ်နှစ်သစ်တွေကိုလည်း သတိနဲ့ကြိုကြည့်ပါ- "အပ္ပမာ ဒေန သမ္ပာဒေထ"၊
သစ်ပင်တွေ သစ်ရွက်လဲသလို နှစ်တွေ စနစ်တွေ ခေတ်တွေ ဟောင်းခဲ့ပြီဖြစ်တဲ့ အတိတ်က နှစ်ဟောင်းတွေကိုလည်း "အပ္ပမာဒေန သမ္ပာဒေထ" လို့နှုတ်ဆက်ခဲ့ပါတယ်။ စနစ်သစ်တွေနဲ့ ချီတက်ရမယ့် နှစ်သစ် ခေတ်သစ်တွေကိုလည်း "အပ္ပမာဒေန သမ္ပာဒေထ" လို့ နှုတ်ခွန်းဆက်ကြိုဆိုပါတယ်။
အားလုံးပဲ "အပ္ပမာဒေန သမ္ပာဒေထ" ပါ
သီတဂူဆရာတော်
စစ်ကိုင်းတောင်ရိုး

No comments:

Post a Comment