Friday, January 3, 2020

အယ်ဒီတာ့ အာဘော်
============
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု
Image may contain: text
မျက်မှောက်ကာလသည် တိုင်းပြည်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင်၊ နိုင်ငံတကာအလယ်တွင် တင့်တယ်ထည်ဝါစွာ ရပ်တည်နေထိုင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသော အချိန်ကာလဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီး သည့် ကာလနောက်ပိုင်းမှစ၍ ကမ္ဘာပေါ်ရှိ ကိုလိုနီပြုခြင်းခံခဲ့ရသည့် နိုင်ငံ များသည် ကိုယ်စီကိုယ်စီ ရှေ့ဆင့်နောက်ဆင့် လွတ်လပ်ရေးရရှိခဲ့ကြပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးကို မြန်မြန်ဆန်ဆန် လုပ်ကိုင်ခဲ့ကြသည်။
မိမိတို့မိဘဘိုးဘွားများက လွတ်လပ်ရေးကို အသက် သွေး ချွေး ပေးဆပ်၍ ရယူပေးခဲ့ပြီးဖြစ်သည်။ အသက်သွေးချွေးပေးဆပ်ခဲ့သည့် မိဘ ဘိုးဘွားများကို ကျေးဇူးဆပ်သောအားဖြင့် ရရှိထားသည့်လွတ်လပ်ရေးကို ဆက်လက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ လွတ်လပ် သည့် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ဒြပ်နှင့်လိုက်ဖက်တင့်တယ်သည့် တန်းတူညီမျှ အခွင့်အရေးရသော ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းအားထုတ် ရမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေး၌ ညီညွတ်မှုနှင့် ငြိမ်းချမ်းမှုသည် အဓိက တွန်းအားများပင်ဖြစ်သည်။ ညီညွတ်မှုမရှိလျှင် ငြိမ်းချမ်းရေးမရနိုင်။ ငြိမ်းချမ်းရေးမရနိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလည်း ရနိုင်မည်မဟုတ်ပေ။ ငြိမ်းလည်းငြိမ်းချမ်း၊ ဖွံ့လည်းဖွံ့ဖြိုးပြီး ညီညွတ်မှုကိုတည်ဆောက်နိုင်မှ တိုင်းရင်းသားပြည်သူအားလုံးမျှော်မှန်းသည့် လွတ်လပ်ရေးဗိသုကာကြီးများ ရည်မှန်းထားသည့် ခွင့်တူညီမျှဝါဒဖြူစင်သည့် လွတ်လပ်သောနိုင်ငံအဖြစ် သတ်မှတ်၍ ရမည်ဖြစ်သည်။
ညီလည်းမညီညွတ်၊ ငြိမ်းလည်းမငြိမ်းချမ်း၊ ဖွံ့လည်းမဖွံ့ဖြိုး ဖြစ်နေပါ က လွတ်လပ်ရေးနှင့် ထိုက်တန်သောနိုင်ငံဟု ခေါ်ဆိုရန်ပင်ခက်ပါလိမ့်မည်။ ထို့ကြောင့် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အကျိုး စီးပွားအတွက် အစိုးရနှင့်ပြည်သူတို့ လက်တွဲညီညီဖြင့် အစဉ်ကြိုးပမ်းအားထုတ် နေကြရပါသည်။ တိုင်းပြည်အတွက် အရေးအကြီးဆုံးအချက်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားပြည်သူ အားလုံး စုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်ကိုမမှိတ်သောမျက်စိ၊ မပြတ်သောသတိဖြင့် ကာကွယ် စောင့်ရှောက်ကြပြီး တစ်ဖက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာတွင် အရေးကြီးသည့်လုပ်ငန်းစဉ် ဖြစ်သော တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ကဏ္ဍ များအလိုက် တရားမျှတမှုရှိစေရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ဦးစားပေးလုပ်ကိုင်လျက်ရှိရာတွင် ထိထိရောက်ရောက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသောအသက် ဝိညာဉ်ဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်ဖြစ်ရာ ဖွဲ့စည်းတည်ဆောက်ထားသည့် နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်အသွေးမြင့်မားလာစေမည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်ရေးသည်လည်း အရေးကြီး သောအချက်ဖြစ်၍ နိုင်ငံသူ နိုင်ငံသားများ၏စိတ်ဓာတ်များကို ပြောင်းလဲ ပြုပြင်စေပြီး ဒီမိုကရေစီယဉ်ကျေးမှုနှင့် ဆီလျော်လိုက်ဖက်သည့် ပတ်ဝန်းကျင် ကောင်းများ ဖြစ်လာအောင် ကြိုးပမ်းတည်ဆောက်ရမည် ဖြစ်သည်။
လွတ်လပ်သောနိုင်ငံ၏ ဂုဏ်ဒြပ်နှင့်ပြည့်ဝစေပြီး နိုင်ငံတကာနှင့်လည်း ရင်ပေါင်တန်းနိုင်ရန်အတွက် အကောင်အထည်ဖော်လျက်ရှိသော မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ် သော စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယ တွင် လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံ၏ဂုဏ်ဒြပ်နှင့် ညီညွတ်မှုရှိစေရန်အတွက် ရရှိပြီးသောလွတ်လပ်ရေးကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက် တွင် ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်ချက် ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပေါ်လာ အောင် ညီညွတ်စွာဖြင့်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment