Friday, January 3, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော
နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် (ဒုတိယနေ့) စည်ကားသိုက်မြိုက်စွာ ကျင်းပ
Image may contain: 1 person
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် (ဒုတိယနေ့)ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ရွှေတိဂုံ စေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
နာယူကြည်ညို
ယနေ့ညပိုင်းတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသက “တိုင်းရေးပြည်ရေးမျှော်တွေး ခြင်းအကြောင်း တရားဒေသနာတော်”ကို ဟောကြားတော် မူရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီး များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များမှ တရားနာပရိသတ်တစ်သိန်းခန့် တက်ရောက်နာယူကြည်ညိုကြသည်။
တောင်ဥက္ကလာပမြို့နယ်မှ ဒေါ်ခင်မာလာက “အခမဲ့ စီစဉ်ပေးထားတဲ့ယာဉ်နဲ့ မိသားစုတွေ၊ အိမ်နီးချင်းတွေနဲ့ အတူ စုပေါင်းပြီး လာကြတာပါ။ နှစ်သစ်ကို စိတ်ရွှင်ရွှင် လန်းလန်းနဲ့ ဖြတ်သန်းရတဲ့အတွက် ဒီနှစ်သစ်ကူးတရားပွဲ က ထူးခြားပါတယ်။ သွားရေးလာရေးအတွက်လည်း စီစဉ် ပေးထားသူတွေနဲ့ အလှူရှင်တွေရဲ့ စေတနာတွေကို တွေ့ရ တာ အားကျကြည်နူးဖို့ကောင်းတယ်။ တရားနာပရိသတ် တွေလည်း အများကြီးလာတဲ့အတွက် ထူးခြားတဲ့ပွဲကြီးပါ” ဟု ပြောသည်။
အများကြီးအကျိုးရှိ
စမ်းချောင်းမြို့နယ်မှ ဒေါ်မြင့်မြင့်ခိုင်က “ကိုယ့် အစီအစဉ်နဲ့ကိုယ် မိသားစုနဲ့ လာခဲ့တာပါ။ နှစ်သစ်ကူး တရားပွဲကို နှစ်တိုင်းလာဖြစ်ပါတယ်။ အခုဆိုရင် လေးနှစ် မြောက်ရှိပါပြီ။ နှစ်ဦးမှာ ဆရာတော်ကြီးတွေရဲ့ တရားထူး တွေကို နာယူကြည်ညိုရတဲ့အတွက် အများကြီးအကျိုးရှိ ပါတယ်။
ကလေးတွေလည်း ဘာသာတရားကို ပိုပြီးသိလာအောင်၊ ယုံကြည်ကိုင်းရှိုင်းမှု ရှိလာအောင် အခုလိုတရားနာဖို့ ခေါ်လာခဲ့တာပါ။ ဒီလိုတရားပွဲတွေကို မကြာခဏ ကျင်းပပေးရင် ပိုကောင်းပါတယ်” ဟု ပြောသည်။
ပါဝင်ဆောင်ရွက်
နှစ်သစ်ကူးတရားပွဲတော်တွင် စေတနာရှင်များကလည်း စတုဒိသာ လှူဒါန်းမှုများကို ပြုလုပ်ကြသည့်အပြင် တရားနာပရိသတ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ပုဂ္ဂလိကဆေးရုံများ၊ လူမှုရေးအသင်းအဖွဲ့ များကလည်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။
ထူးခြားတဲ့ပွဲ
ကိုလှမြတ်သူက “စတုဒိသာကျွေးတဲ့မဏ္ဍပ်မှာ လာရောက်တဲ့တရားနာ ပရိသတ်ကို သူငယ်ချင်းတွေနဲ့ ကြိုဆိုဧည့်ခံမှုတွေ လုပ်ပေးကြတာပါ။ အားလုံး အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးတာပါ။ အလှူရှင်တွေက အစား အသောက်တွေ၊ ဆေးဝါးတွေ လှူဒါန်းကြပါတယ်။ ဒီတရားပွဲကြီးက တရား ဒေသနာတွေ နာယူရသလို အလှူရှင်တွေ၊ တရားနာပရိသတ်တွေအတွက်လည်း ထူးခြားတဲ့ပွဲကြီးလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားပွဲသို့ လာရောက်နာယူကြည်ညိုကြမည့် တရားနာပရိသတ်များ သွားလာမှုအဆင်ပြေ စေရန် အခမဲ့မော်တော်ယာဉ်များကို သက်ဆိုင်ရာစုရပ်များအလိုက် စီစဉ် ပေးထားသည့်အပြင် စေတနာရှင်ပြည်သူတို့ကလည်း မိမိတို့၏ ရပ်ကွက်များ၊ လမ်းများအတွင်းမှ စုပေါင်း၍လည်းကောင်း၊ စေတနာရှင်အငှားယာဉ်မောင်း များကလည်း တရားနာပရိသတ်များ သွားလာမှုအဆင်ပြေစေရန် အခမဲ့ လိုက်ပါပို့ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
သုံးရက်တိုင်ကျင်းပလျက်ရှိ
အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင်ကျင်းပလျက်ရှိပြီး ပထမနေ့တွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသက တရားတော်များကို ဟောကြားခဲ့ပြီး တတိယနေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ က နှစ်သစ်ကူးတရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး

No comments:

Post a Comment