Friday, January 24, 2020

အယ်ဒီတာ့ အာဘော်
=============
အသိဉာဏ်ပညာဖြင့် ကာကွယ်စောင့်ရှောက်
Image may contain: text that says 'The Mirror Daily Established in 1957'
နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ ပညာရည်ဖွံ့ဖြိုးတိုးတက်နေမှုသည် ထိုနိုင်ငံ အေးချမ်းသာယာဝပြောမှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ပညာရည်ပြည့်ဝသော၊ အသိဉာဏ်ပညာမြင့်မားသော နိုင်ငံသူ နိုင်ငံသားများ ဖြစ်ပေါ်လာရန်အတွက် ထိုနိုင်ငံရှိ ပညာရေးစနစ်ကောင်းခြင်း၊ မကောင်းခြင်း အပေါ်တွင် မူတည်ပေသည်။ ထို့ကြောင့် မျက်မှောက်အရေးထက် အနာဂတ် အရေးကို မြော်တွေး၍ ကောင်းမွန်သောပညာရေးစနစ်ကို နိုင်ငံများက ရင်းနှီးမြှုပ်နှံနေကြသည်။
စစ်အေးလွန်ခေတ်ကာလတွင် လက်နက်အားကိုးဖြင့် တစ်နိုင်ငံက တစ်နိုင်ငံအပေါ် အနိုင်ယူသောခေတ် မဟုတ်တော့ပေ။ အသိဉာဏ်ပညာ ဆင်ခြင်တုံတရားဖြင့် အရာရာကို ပိုင်းခြားစိတ်ဖြာ ခွဲခြမ်းသုံးသပ်ဆင်ခြင် ဆုံးဖြတ်ရသော ခေတ်ကာလဖြစ်သည်။ လက်နက်ဖြင့် ဆုံးဖြတ်ခြင်းသည် တစ်ခဏသာအကျိုးဖြစ်ပြီး အသိဉာဏ်ဖြင့် ဆုံးဖြတ်ခြင်းသည် တစ်ဘဝ မက အကျိုးဖြစ်ထွန်းနိုင်သည်။
အသိဉာဏ်ပညာနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဇန်နဝါရီလ ၂၁ ရက်နေ့က နန်းယွန်းမြို့သို့ ရောက်ရှိစဉ် ဒေသခံပြည်သူများအား "နိုင်ငံတစ်နိုင်ငံမှာ ပညာရှိများတယ်ဆိုရင် ဒီနိုင်ငံရဲ့ ခံနိုင်ရည်စွမ်းအား ဟာ အင်မတန်မှများပါတယ်။ ကျွန်မ မကြာခဏကြုံတဲ့အခါ ပြောရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေး ပထမဆုံးရှေ့တန်းဆိုတာ သံတမန်ရေးရာပဲ လို့ ကျွန်မပြောပါတယ်။ သံတမန်ရေးရာဆိုတာ ဘာလဲဆိုတော့ ကမ္ဘာကြီးနဲ့ ဆက်ဆံတဲ့အခါမှာ ပညာအရည်အချင်းကိုသုံးပြီး ကျွန်မတို့နိုင်ငံကို ကာကွယ် တာပါ။ ဒါကြောင့် ပညာတတ်တွေ အများကြီးလိုပါတယ်။ အတွေးအခေါ်ရှိတဲ့ သူတွေလိုတယ်။ အတွေးအခေါ်နဲ့အတူတူ တစ်ချိန်တည်းမှာပဲ လုပ်တတ် ကိုင်တတ်တဲ့သူတွေလည်း လိုပါတယ်" ဟု အသိပေးပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် ပညာတတ်များ၊ ပညာရှိများ ပေါများခြင်းထက် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသော၊ ဆင်ခြင်နိုင်စွမ်းမြင့်မားသော၊ တီထွင်ကြံဆ အဖြေရှာနိုင်သော ပညာတတ်များ၊ ပညာရှိများ ပေါများလာဖို့ လိုအပ်ပါသည်။ ထိုသို့သော ပညာရှိသူများ နိုင်ငံအတွင်း လုံလောက်စွာရှိနေမှ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အရေးကိစ္စပေါ်ပေါက်လာလျှင် နိုင်ငံကိုယ်စားဖြေရှင်းနိုင်သော သံတမန်ကောင်းများ ရှိမည်ဖြစ်သည်။ မျက်မှောက်ကာလသည် ဂလိုဘယ် လိုက်ဇေးရှင်းဟူသော ကမ္ဘာ့ရွာကြီးဖြစ်နေ၍ ကမ္ဘာနှင့်ဆက်ဆံသောအခါ မြင့်မားသောဉာဏ်ပညာ အရည်အချင်းစွမ်းပကားများကို အသုံးချပြီး မိမိ နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်။ မိမိနိုင်ငံ အန္တရာယ်ကျရောက်လာမည့်ဘေးမှ ကာကွယ်ပေးရမည် ဖြစ်သည်။
အသိဉာဏ်ပညာမြင့်မားခြင်းသည် အမြင့်ဆုံးအဆင့် ကမ္ဘာ့အရေး၊ နိုင်ငံတကာအရေးတို့ကိုပင် ဖြေရှင်းနိုင်စွမ်းရှိပြီး ပြည်တွင်းအရေးမျိုးစုံတို့ကိုလည်း ဖြေရှင်းနိုင်ပေသည်။ ထို့ကြောင့် ပညာတတ်များ ပေါများစေချင် ကြောင်း၊ ပညာတတ်များဖြစ်စေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် သွားရောက်သည့် ခရီးစဉ်များ၌ မှာကြားလေ့ရှိသည်။ ပညာတတ်သည် ဆိုရာ၌ ဘွဲ့ရသူတိုင်းကို ပညာတတ်သူဟု မဆိုလို။ တက္ကသိုလ်မှ ဘွဲ့မရသော် လည်း ဘဝကို အောင်မြင်အောင်၊ မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်သူ များစွာရှိသည်။ ထို့ကြောင့် ဘွဲ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆင်ခြင်တုံ တရားမြင့်မားပြီး အသိဉာဏ်ပညာ ရင့်သန်သူများကိုသာ ပညာတတ်၊ ပညာရှိဟု ခေါ်ဆိုအပ်သည်။
မြန်မာနိုင်ငံတွင် အတိတ်က ပညာရေးစနစ်၏ အားနည်းချက်များ ကြောင့် အသိဉာဏ်ရင့်သန်ထက်မြက်သူများ နည်းပါးနေသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုနောက်ကျနေသည်ဆိုရာ၌ တိုင်းပြည်မငြိမ်းချမ်းခြင်းတစ်ခုတည်း ကြောင့်မဟုတ်ပေ။ တိုင်းသူပြည်သားများ အသိဉာဏ်ထက်သန်မြင့်မားမှု အားနည်းမှု၊ တစ်နည်းအားဖြင့် ပညာရေးစနစ်မကောင်းမှုလည်း ပါဝင်ပေ သည်။ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ထွန်းမှုသည် အသိဉာဏ်ပညာမြင့်မား သော ပညာတတ်များပေါများခြင်းမှာ အဓိကအကြောင်းအချက်ဖြစ်သည်။
သို့ဖြစ်ရာ အသိဉာဏ်ပညာမြင့်မားလာရေးအတွက် ပညာရေးစနစ် ပြုပြင် ပြောင်းလဲမှုကို စတင်အကောင်အထည်ဖော်နေပြီး အသိဉာဏ်ပညာ၊ တွေးခေါ် မြော်မြင်မှု မြင့်မားတိုးတက်သော နိုင်ငံသူ နိုင်ငံသားများဖြင့် မိမိနိုင်ငံ၊ မိမိ ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ကြ၊ မိမိနိုင်ငံ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment