Thursday, January 16, 2020

အယ်ဒီတာ့ အာဘော်
============
လူတိုင်းအတွက် ခံစားမှုအရည်အသွေး
Image may contain: text that says 'The Mirror Daily Established in 1957'
မျက်မှောက်ကာလတွင် စိန်ခေါ်မှုများ၊ ပြဿနာများ၊ ပဋိပက္ခများ၊ မငြိမ်း ချမ်းမှုများဖြစ်ပေါ်နေခြင်းသည် အပြုသဘောဆောင်သောရှုမြင်မှု၊ အပြုသဘောဆောင်သော တွေးတောမှုနှင့် အပြုသဘောဆောင်သော စိတ်ခံစားမှုတို့နည်းပါးသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းကိစ္စ တစ်ခုခုကို ဆင်ခြင်တုံတရား၊ ဉာဏ်သတိဖြင့် ချဉ်းကပ်ကြည့်ပါမှ အပြု သဘောဆောင်သော ခံစားမှုအရည်အသွေးဖြစ်လာမည်။
မျက်မှောက်ကမ္ဘာကြီးတွင် လူသားကောင်းဖြစ်မှု၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တီထွင်ဆန်းသစ်မှုတို့ဖြင့် မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် အတွက် IQ ဟုဆိုသည့် Intelligence Quotient နှင့် EQ ဟုဆိုသည့် Emotional Quotient မြင့်မားသောလူသားအရင်းအမြစ်များအား ပြုစု ပျိုးထောင်နေသည်။ ၂၁ ရာစုတွင် လူငယ်များအဖို့ IQ နှင့် EQ အရည် အသွေးကောင်းများရှိမှသာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်။
IQ ဆိုသည်မှာ ဘာသာရပ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာများကို သင်ယူနိုင်မှု၊ ကျွမ်းကျင်မှုအတိုင်းအတာ ဖြစ်သည်။ EQ ဆိုသည်မှာ စိတ်ခံစားမှု၊ အကျင့်စရိုက်များကို စီမံခန့်ခွဲနားလည်ပေးနိုင်မှု အတိုင်းအတာ ဖြစ်သည်ဟု ယေဘုယျဆိုနိုင်သည်။
IQ ကို များသောအားဖြင့် ပညာ သင်ကြားရေးမှ ပေါ်ထွက်လာသော မှတ်မိနိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်း၊ ရေးသားနိုင်စွမ်းတို့ကိုသာ အကြမ်းဖျင်းသိထားကြပြီး ဆန်းသစ်တီထွင်နိုင်မှု၊ ခွဲခြမ်းစိတ်ဖြာတွေးတောနိုင်မှုနှင့် လက်တွေ့ဘဝတွင် ပြန်လည်အသုံးချနိုင်မှု တို့လည်းပါဝင်နေသည်ကို သတိမူရမည်ဖြစ်သည်။ မှတ်ဉာဏ်ကောင်းရုံ ဖြင့် IQ မြင့်သည်ဟု မဆိုနိုင်ပေ။
EQ ဆိုသည်မှာ မိမိတစ်ဦးတည်း သို့မဟုတ် အခြားသူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများ၏ စိတ်ခံစားမှု၊ အမူအကျင့်များနှင့်ပတ်သက်၍ စီမံခန့်ခွဲနားလည်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် EQ ကောင်း၊ မကောင်းကို လူအများနှင့် ဆက်ဆံသည့်အခါတွင် သိရှိနိုင်သည်။ ခံစားမှုအရည်အသွေး EQ နှင့် ဉာဏ်ရည်ဉာဏ်သွေး IQ တို့သည် လူတိုင်းလူတိုင်းအတွက် အရေးကြီးသော အရည်အသွေးများဖြစ်သည်။ ယင်းကို လူတစ်ယောက်တွင် မြင့်မားတိုးတက်လာရန်မှာ ပါရမီအခံရှိရေးထက် မိမိကိုယ်တိုင်သည် အခြေခံ အုတ်မြစ်ဖြစ်သည်။
IQ သည် လက်တွေ့ဆန်ပြီး EQ သည် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ဖြစ်သည်။ အပြုသဘောဆောင်သော ရှုမြင်မှု၊ အပြုသဘောဆောင်သော တွေးတောမှုနှင့် အပြုသဘောဆောင်သော စိတ်ခံစားမှုတို့ မြင့်မားသော EQ မှ ပေါ်ထွက်လာသည်။
မျက်မှောက်ကာလတွင် အပြုသဘောဆောင်မှု များ အထူးလိုအပ်နေသည်။ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေး နယ်ပယ်၊ သတင်းမီဒီယာနယ်ပယ်မှအစ နယ်ပယ်ကဏ္ဍအသီးသီးတွင် အပြုသဘောဆောင်သောစိတ်ထားဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှု များ အထူးလိုအပ်နေသည်။ အပြုသဘောမဆောင် အကောင်းမမြင်နိုင် သောကြောင့် နယ်ပယ်အသီးသီးတွင် ပြဿနာများရှိနေသည်။ ယင်းတို့ကို ဖြေရှင်းနိုင်ရန်မှာ EQ ဟုဆိုသည့် ခံစားမှုအရည်အသွေး စိတ်အခံပြင်ရန်ခက်သည့် အရွယ်ရောက်သူများထက် ငယ်ရွယ်သူ ကျောင်းသား ကျောင်းသူများမှစ၍ ပြုပြင်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲလျက် EQ, IQ မြင့်မားသော ကျောင်းသား ကျောင်းသူများ ဖြစ်ပေါ်လာစေရန် ငြိမ်းချမ်းပျော်ရွှင်ဖွယ်ကောင်းသော သင်ယူမှုဝန်းကျင်ကောင်းကို ဖန်တီးလျက်ရှိပါကြောင်း။ ။

No comments:

Post a Comment