Thursday, January 16, 2020

တရုတ် - မြန်မာချစ်ကြည်ရေးဆောင်းပါး
===========================
နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို
ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ
==============================================
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်
=============================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာသံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယ၌ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက် ရသည့်အတွက် အလွန်ဝမ်းမြောက်မိပါသည်။ ၂၀၀၉ ခုနှစ်က ကျွန်တော်သည် ဤသာယာလှပသည့် နိုင်ငံကို လာရောက်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ၏ သာယာလှပပြီး ဆိတ်ငြိမ်သည့်ရှုခင်းများ၊ အရောင်အသွေးစုံလင်လှသည့် ယဉ်ကျေးမှု၊ လုံ့လဝီရိယရှိပြီး ရိုးသားကြသည့် ပြည်သူ များကို ကျွန်တော်သည် နက်နက်ရှိုင်းရှိုင်း အမှတ်ရနေ ပါသည်။ ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် မြန်မာမိတ်ဆွေ များနှင့်အတူ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအကြောင်း ဆွေးနွေးကြရင်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ချမှတ်နိုင်ရန် ကျွန်တော်မျှော်လင့်ပါသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေ ချင်း ဆက်စပ်လျက်ရှိပြီး ခေတ်အဆက်ဆက် အိမ်နီး ချင်းများအဖြစ် ရင်းနှီးစွာနေထိုင်ခဲ့ကြပါသည်။ မြန်မာ စကား၌ ဆွေမျိုးပေါက်ဖော်ဆိုသည်မှာ တစ်အူထုံ့ဆင်း ညီအစ်ကိုဟု အဓိပ္ပာယ်ရပါသည်။ နှစ်နိုင်ငံပြည်သူများ သည် ရှေးပဝေသဏီမှစ၍ ချစ်ခင်ရင်းနှီးစွာနေထိုင် ခဲ့ကြပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သမိုင်းကာလ ရှည်ကြာစွာ တည်ရှိနေပါသည်။ အေဒီ ၄ ရာစုတုန်းက ကျွန်တော်တို့၏ ဘိုးဘွားများသည် စီချွမ်-ယူနန်-မြန်မာ-အိန္ဒိယကို ဖြတ်သန်းသည့် “ရွှေလမ်းငွေလမ်း”ကို ဖောက်လုပ်ခဲ့ပြီး ကုန်သွယ်မှုပြုလုပ်ခဲ့ကြပါသည်။ တရုတ်ထန်မင်းဆက်ခေတ်က မြန်မာပျူခေတ်မင်းသား ဦးဆောင်သည့် အနုပညာရှင်များအဖွဲ့သည် မိုင်ထောင်ချီ ခရီးနှင်၍ ချန်အန်းမြို့သို့ လာရောက်ခဲ့ရာ တရုတ်နာမည် ကြီး ကဗျာဆရာပိုင်ကျွီးယိက ကျော်ကြားလှသည့် “ပျူတေးသံ” ကဗျာကို ရေးစပ်သီကုံးခဲ့ပါသည်။ မြန်မာနိုင်ငံသည် လူမှုရေးစနစ် ကျင့်သုံးမှုမတူသည့် နိုင်ငံများအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမ ဆုံး အသိအမှတ်ပြုသည့်နိုင်ငံ ဖြစ်ပါသည်။
နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများသည် တရုတ်-မြန်မာဆက်ဆံ ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွေးချွေးပေါင်းများစွာ ဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြပါသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ (၉) ကြိမ်တိုင် လာရောက်ခဲ့ပါ သည်။ ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာအမျိုးသား ဝတ်စုံဆင်မြန်း၍ မြန်မာပြည်သူများနှင့်အတူ အတာ သင်္ကြန်ပွဲတော်ကို နွှဲပျော်ခဲ့ပုံသည် ယနေ့တိုင် လူအများ ပါးစပ်ဖျားတွင် ချီးကျူးပြောဆိုနေကြဆဲ ဖြစ်ပါသည်။
သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်(၇၀)အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို အဆိုပြု၍ လက်တွေ့ ကျင့်သုံးခဲ့ကြပါသည်။ အပြန်အလှန်ယုံကြည်မှု၊ အပြန် အလှန်လေးစားမှု၊ အပြန်အလှန်ထောက်ခံအားပေးမှုတို့ အစဉ်တစိုက်ဆောင်ရွက်ပြီး နိုင်ငံကြီး၊ နိုင်ငံငယ်အကြား တန်းတူညီမျှစွာ ဆက်ဆံရေး၊ အပြန်အလှန် အကျိုးဖြစ် ထွန်းရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေးဟူသည့် စံနမူနာ ကို တည်ဆောက်ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ အကျိုးစီးပွားများ ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။
နှစ်နိုင်ငံနိုင်ငံရေး အပြန်အလှန်ယုံကြည်မှု အခြေခံ အုတ်မြစ် ပိုမိုခိုင်မြဲလာပါသည်။ ၂၀ ရာစု ၆၀ စုနှစ်ပိုင်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် တန်းတူညီမျှစွာညှိနှိုင်း ဆွေးနွေးခြင်း၊ အပြန်အလှန်နားလည်အလျှော့ပေးခြင်း စသည့် ခံယူချက်ဖြင့် နယ်နိမိတ်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါသည်။ လက်ရှိတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ထိတွေ့ ဆက်ဆံမှုများပြားလာပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ဆက်တိုက်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက် လှမ်းနေခြင်းအပေါ် ပြတ်သားစွာထောက်ခံအားပေးပြီး မြန်မာအစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးကာ မြန်မာနိုင်ငံမှ နိုင်ငံတကာစင်မြင့်၌ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် နိုင်ငံ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်းအပေါ်ကိုလည်း ထောက်ခံ အားပေးပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အချက် အချာကျသော အကျိုးစီးပွားနှင့် အရေးကြီးကိစ္စရပ်များ၌ တရုတ်နိုင်ငံအပေါ် ပြတ်သားစွာထောက်ခံအားပေးပါ သည်။
နှစ်နိုင်ငံလက်တွေ့ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြား လာပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး အပြန် အလှန်ဖြည့်ဆည်းနိုင်ပြီး ရှေ့အလားအလာ ကောင်းမွန်လှပါ သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏအကြီးဆုံးနှင့် ရင်းနှီးမြှုပ်နှံမှု အရေးပါဆုံးနိုင်ငံအဖြစ် ကာလကြာရှည်စွာ ရပ်တည်နေပါသည်။ ၂၀၁၉ ခုနှစ် ပထမ ၁၁ လပိုင်းတွင် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိ ကန်ဒေါ်လာ ၁၆.၈ ဘီလီယံရှိခဲ့ပြီး မြန်မာ့လယ်ယာစိုက်ပျိုး ရေး၊ မွေးမြူရေးထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုများပြားစွာ ဝင်ရောက်လာခဲ့ပါသည်။ အခြေခံအဆောက် အအုံတည်ဆောက်ရေး စသဖြင့် ကဏ္ဍစုံပူးပေါင်း ဆောင် ရွက်မှုရလဒ်များ များပြားလာပါသည်။ မြန်မာနိုင်ငံသည် “Belt and Road” အတူတကွတည်ဆောက်ရေး လမ်းကြောင်းတစ်လျှောက်ရှိ အရေးပါသည့် နိုင်ငံဖြစ်ပါ သည်။
နှစ်ဦးနှစ်ဖက်သည် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ချိတ်ဆက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာစီးပွားရေး စင်္ကြံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် များကို ချုပ်ဆိုကာ ပူးပေါင်းလုပ်ငန်းကော်မတီကို ဖွဲ့စည်း ၍ စင်္ကြံတည်ဆောက်ရေးလုပ်ငန်းကို တည်ငြိမ်စွာ အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။
နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဖလှယ်ရေး တစ်နေ့တခြား တိုးများလာပါသည်။ တရုတ်-မြန်မာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူပုဂ္ဂိုလ်များအကြား ကူးလူး ဖလှယ်ရေး တိုးများလာပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေး နက်ရှိုင်းစေရေးအတွက် ခိုင်မာသည့်ကျားကန်မှုကို ပေးစွမ်းနိုင်ပါသည်။ တရုတ်နိုင်ငံ၏ အမျိုးသားအဖိုးတန် ရတနာတစ်ပါးဖြစ်သည့် ဗုဒ္ဓမြတ်စွယ်တော်သည် မြန်မာ နိုင်ငံ၏ ပင့်ဆောင်ချက်အရ မြန်မာနိုင်ငံသို့ လေးကြိမ်တိုင် ကြွချီ အပူဇော်ခံခဲ့ပါသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ လော့ရန်မြို့ရှိ မြင်းဖြူဘုရားကျောင်းတွင် မြန်မာ ကျောင်းဆောင် လှူဒါန်းဆောက်လုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် “အလင်းရောင်ခရီးစဉ်” နှင့် မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို ကယ်ဆယ်ကူညီသည့် လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ပြီး ဝေဒနာရှင်များစွာကို ကုသပေးခဲ့ပါသည်။ တရုတ်နိုင်ငံ၏ လက်ရာမြောက် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများ သည်လည်း မြန်မာပရိသတ်များ၏ ကြိုက်နှစ်သက်မှုကို ခံခဲ့ရပါသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသည် အသင့်အတင့် ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်းကို ဘက်စုံတည် ဆောက်ပြီးစီးမည်ဖြစ်ကာ ပထမဆုံးနှစ်တစ်ရာ ကြိုးပမ်း ဆောင်ရွက်မှု ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုသည်လည်း အောင်မြင်မှုအသစ်များ အဆက်မပြတ် ဖြစ်ထွန်းလျက်ရှိပါသည်။ နှစ်ဦးနှစ်ဖက်သည် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့် အခွင့်ကောင်း အဖြစ် မှတ်ယူ၍ အစဉ်အလာချစ်ကြည်ရေးကို ပြန့်ပွား အောင်ဆောင်ရွက်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာဆက်ဆံရေး ခေတ် ကာလသစ်သို့ ဝင်ရောက်လာစေရန် တွန်းအားပေးဆောင် ရွက်သင့်ပါသည်။
မဟာဗျူဟာချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံဆက်ဆံရေး လမ်းပြမြေပုံသစ်ကို ရေးဆွဲချမှတ်ပါ သည်။ နှစ်ဦးနှစ်ဖက်သည် အဆင့်မြင့်ခေါင်းဆောင်များ အကြား ကူးလူးဆက်ဆံဦးဆောင်မှု၏အခန်းကဏ္ဍကို ဆက်လက်မြှင့်တင်၍ အဆင့်အသီးသီးအကြား ချိတ်ဆက်ညှိနှိုင်းမှုကို တိုးမြှင့်ကာ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ မျှဝေပေးရပါမည်။ တစ်ဦး၏အချက် အချာကျသော အကျိုးစီးပွားနှင့်ပတ်သက်သည့် ကိစ္စရပ် များတွင် တစ်ဦးက ပြတ်သားစွာထောက်ခံအားပေးပြီး မဟာဗျူဟာအမြင်နှင့် ရေရှည်ရှုထောင့်ဖြင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို နက်ရှိုင်းစေကာ နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးအတွင်း၌ အေးအတူပူအမျှ အသိုက်အဝန်း အသိစိတ်ကို အမြစ်တွယ်အောင် ဆောင်ရွက်ရပါမည်။ မြန်မာနိုင်ငံက နိုင်ငံရေးဆွေးနွေးခြင်းမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုကို တရုတ်နိုင်ငံမှ ထောက်ခံ အားပေးပါသည်။ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ထိန်းသိမ်းရပါမည်။
စီးပွားကုန်သွယ်ရေးကိုနက်ရှိုင်းစေပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်သစ်များ ထည့်သွင်းပေးပါသည်။ နှစ်ဦးနှစ်ဖက်သည် “Belt and Road” အတူတကွတည်ဆောက်ရေးမူဘောင်အတွင်း လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမူဘောင်ကို အတွေးအခေါ်မှ လက်တွေ့အကောင်အထည်ဖော်မှုအဆင့်သို့ ပြောင်းလဲ နိုင်အောင် တွန်းအားပေးဖော်ဆောင်ရပါမည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ် စီမံကိန်း ဟူသော သုံးနေရာမှကျားကန်မှုကို အင်တိုက်အားတိုက် ဖော်ဆောင်ပြီး အပြန်အလှန်ဆက်သွယ်ရေး၊ လျှပ်စစ် စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ငွေရေးကြေးရေး၊ လူမှုအကျိုးပြုလုပ်ငန်း စသည့်နယ်ပယ်များ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မြန်မာအကျိုးတူပူးပေါင်းဆောင် ရွက်မှုမှတစ်ဆင့် ပြည်သူများအတွက် အကျိုးအမြတ်များ ပိုမိုများပြားစွာ ဖော်ဆောင်ပေးရပါမည်။
ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်အတုယူမှုကို တိုးမြှင့်၍ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအား အနှစ်သာရအသစ် ထည့်သွင်းပေးပါသည်။ နှစ်နိုင်ငံသည် ယခုနှစ်ကို “တရုတ်-မြန်မာယဉ်ကျေးမှုခရီးသွားနှစ်”ဟု သတ်မှတ်ထားရာ မြန်မာနိုင်ငံ၏ လှပသောသဘာဝရှုခင်း များနှင့် များပြားပြည့်ဝလှသော ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်များက ပိုမိုများပြားသည့် တရုတ်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ နှစ်ဦးနှစ်ဖက်သည် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုလှုပ်ရှားမှုများ ဆက်တိုက်ကျင်းပလုပ်ဆောင်သွားပြီး ပညာရေး၊ သာသနာ ရေး၊ မီဒီယာ၊ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ စသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့ကာ တရုတ်-မြန်မာ ချစ်ကြည်ရေးဟူသော ပြည်သူ့ဆန္ဒကို အဆက်မပြတ် ခိုင်မြဲအောင် လုပ်ဆောင်ခြင်းဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြည်သူများ၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်စေကာ ရှင်သန်မှုသစ်များနှင့် အားအင်သစ်များ ပေါ်ထွက်လာ စေပါမည်။
ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဒေသတွင်း အေးချမ်းတည်ငြိမ်သည့် အခြေအနေသစ်ကို ဖန်တီးပါသည်။ လက်ရှိတွင် တစ်ကိုယ်တော်ဝါဒ (Unilateralism)၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (Protectionism) များ ခေါင်းမော့လာရာ နှစ်ဦးနှစ်ဖက်သည် ကုလသမဂ္ဂ၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေး၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစသည့် ဘက်ပေါင်းစုံ ယန္တရား မူဘောင်များတွင် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရပါမည်။ ခေတ်ကာလသစ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ် ခံယူချက်ကို ပြန့်ပွားအောင်ဆောင်ရွက်၍ အပြန်အလှန်လေးစားသော၊ တရားမျှတ၍ မှန်ကန်သော၊ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသော နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ် တည်ဆောက်မှုကို တွန်းအားပေးကာ လူသားတို့၏ ကံကြမ္မာတူ အသိုက် အဝန်းကို ကြိုးပမ်းတည်ဆောက်ရပါမည်။
တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၌ “တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း” ဟူသော တူညီသည့်ဆိုရိုးစကား ရှိပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် မြောက်သည့် သမိုင်းဝင်စမှတ်သစ်မှစ၍ ကျွန်တော် တို့သည် မြန်မာမိတ်ဆွေများနှင့်အတူ လက်တွဲကြိုးပမ်း၍ ပိုမိုရင်းနှီးသည့် အေးအတူပူအမျှ တရုတ်-မြန်မာ အသိုက် အဝန်း တည်ဆောက်မှုကို တွန်းအားပေးကာ နှစ်ပေါင်း ထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံစဉ်သစ်များကို ဆက်လက်ပုံဖော်သွားမည် ဖြစ်ပါ သည်။ ။

No comments:

Post a Comment