Wednesday, January 15, 2020

ဥတုရာသီ သစ်တောများကို မှီ

 
မြန်မာ့အလင်းအယ်ဒီတာအာဘော်
 


 
သစ်တောများပြုန်းတီးခြင်းက ကမ္ဘာမြေရာသီဥတုဖောက်ပြန်မှုနှင့် များစွာဆက်စပ်နေသည်ဟု သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများ၊ သဘာ၀သိပ္ပံပညာရှင်များက သတိပေးပြောဆိုနေသည့် ကြားက သစ်တောအပြောင်ရှင်းမှုများကြောင့် မြန်မာနိုင်ငံအတွင်း သစ်တောများ လျော့ပါးနေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။
သစ်ပင်သစ်တောတို့ ရှိခြင်းဖြင့် ရေမြေတို့ကို ထိန်းသိမ်းမှု ကောင်းမွန်သည်သာမက သစ်ပင်တို့က ကာဗွန်ပမာဏများများ စုပ်နိုင် ကာ အောက်ဆီဂျင် ပမာဏများများ လွှင့်ထုတ်သည့် အားသာချက်လည်း ရှိနေသည်။
ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းက စွမ်းအင်သုံးစွဲမှုများပြားလာခြင်းနှင့် ကာဗွန်ထုတ်လုပ်မှု အလွန်အကျွံများလာခြင်းတို့ကြောင့် ရာသီဥတု ဖောက်ပြန်မှုများက တစ်နှစ်ထက်တစ်နှစ် သိသိသာသာ ပိုမိုဆိုးရွား လာနေသည်။ ယင်းကို နိုင်ငံတိုင်းက ဝိုင်းဝန်းထိန်းသိမ်းကြရန် တာဝန်ရှိ သည်ဟူသော နိုင်ငံတကာ သဘောတူညီချက်ဖြင့် မိမိတို့၏ ကာဗွန် စွန့်ထုတ်မှု လျှော့ချရေးအစီအမံများ ပြုလုပ်ကြရပါသည်။ ထိုနည်းတူ ကာဗွန်စုပ်ယူနိုင်မှု ပမာဏများပြားသည့် သစ်ပင်ကြီးများကို ဂရုတစိုက် ထိန်းသိမ်းခြင်းဖြင့်လည်း ရာသီဥတုပြဿနာကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းရာကျမည်ဟူသောမူဖြင့် သစ်ပင်သစ်တောများ ထိန်းသိမ်း ရေးကို အလေးထား လုပ်ဆောင်နေကြပေသည်။
အထူးသဖြင့် သက်ရင့်သစ်ပင်ကြီးတို့သည် ကာဗွန်စုပ်ယူနိုင်စွမ်း ပိုမိုများပြားသည့်အတွက် သစ်ပင်များကို ရသည့် အချိန်၊ ရသည့် နေရာက စိုက်ပျိုးခြင်းသည် ကာဗွန်လျှော့ချနိုင်၊ ပူနွေးမှုကို လျှော့ချနိုင်၊ အောက်ဆီဂျင် လွှင့်ထုတ်မှုကိုလည်း များများရရှိနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကဲ့သို့သော ရေမြေသဘာ၀အခြေအနေကောင်းကို ရရှိ ထားသောတိုင်းပြည်အဖို့ သစ်ပင်စိုက်ပျိုးသည်ဆိုခြင်းမှာ အပန်းတကြီး မဟုတ်။ သစ်ပင်များကို ထိန်းသိမ်းသည်ဆိုခြင်းမှာလည်း ခက်ခဲလှသည် မဟုတ်။ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ရှောက်ထိန်းသိမ်းလိုသော သဘောထားသာ လိုရင်းဖြစ်ပေသည်။ မည်သူမဆို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုစိတ်၊ ဝိုင်းဝန်းထိန်းသိမ်းလိုစိတ်ရှိလာအောင် အားပေးကြရန် ကူညီကြရန်လည်း လိုပါမည်။
တော်ရုံမျှ ဂရုစိုက်လျှင်ပင် သစ်ပင်တို့ ရှင်သန်သော ရေမြေသဘာဝ ရှိသည့် အားသာချက်ကို အသုံးချသင့်ကြပြီဖြစ်သည်။ နှစ်လရှည်ကြာ စီးပွားရေးလောဘဖြင့် ခုတ်ခဲ့ကြသည့် သစ်ပင်သစ်တောတို့ကို နှမြော တမ်းတမောနေရုံဖြင့်မပြီးဘဲ ထပ်မံစိုက်ပျိုးကြဖို့၊ အလေးအနက်ထားကာ တိုးမြှင့်စိုက်ပျိုးကြဖို့နှင့် ကျန်ရှိနေသည့် သစ်တောများ၊ သစ်ပင်များကို တစ်ပင်ဖြစ်စေ ကျကျနန ထိန်းသိမ်းကာကွယ်သင့်ကြပြီ။ အထူးသဖြင့် သက်ကြီးသစ်ပင်များကို အထူးအလေးအနက်ထား ထိန်းသိမ်းသင့် ပါသည်။
တောနေဒေသများမှာသာမဟုတ်ဘဲ မြို့ပြဒေသများရှိ သစ်ပင် ကြီးများကအစ စီမံကိန်းနှင့် မူဝါဒချမှတ်ထားကာ လွယ်လင့်တကူ ခုတ်ပစ်ခြင်းမျိုးကို တားဆီးသင့်လှသည်။ မဖြစ်မနေ သစ်ပင်ခုတ် ရတော့မည်ဆိုလျှင်ပင် နားလည်တတ်ကျွမ်းသူ သဘာ၀ထိန်းသိမ်းရေး ပညာရှင်တို့၏ အကြံဉာဏ်ရယူခြင်း၊ ခုတ်သည့် သစ်ပင်အရေအတွက်နှင့် ကာမိသော သစ်ပင်များကို ထပ်မံအစားထိုး စိုက်ပျိုးခြင်း စသည်တို့ကို စနစ်တကျ မူဝါဒချမှတ်ရေးဆွဲကာ အကောင်အထည်ဖော်သင့်သည်ဟု ယူဆပါသည်။
ရံဖန်ရံခါတွင် ပညာရှင်အဝန်းအဝိုင်းကောင်းသည့် ရန်ကုန်မြို့ကဲ့သို့ သော မြို့ကြီးများတွင်ပင် ပေါ့ပေါ့တန်တန် သဘောထားနေဆဲ ဖြစ်သည် ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရလေသည်။
သစ်ပင်ကြီးများထူထပ်ကာ အရိပ်အာဝါသ ကောင်းမွန်လှသော စိမ်းလန်းညို့မှိုင်းနေသည့် ဝန်းကျင်တို့တွင် မဆင်မခြင်ခုတ်နေသည် တို့ကို ထိန်းသိမ်းကြရပါမည်။ သစ်တောဧရိယာဖြစ်စေ၊ တောရွာ မြို့ပြ ဖြစ်စေ၊ ကျန်ရှိနေဆဲဖြစ်သည့် သစ်ပင်တို့ကို အထူးဂရုပြုကာ ထိန်းသိမ်းကြရင်း ယခုကြိုးစားအကောင်အထည်ဖော်နေသော သစ်ပင်စိုက်ပျိုးသည့် လုပ်ငန်းများကိုလည်း အားပေးလုပ်ဆောင်ကြ ရမည်ဟု ယုံကြည်ပါသည်။
လက်တွေ့ဘ၀တွင် ပြည်သူလူထုအများစုက သစ်ပင်တို့၏ တန်ဖိုး ကို နားလည်ယုံကြည်စွာဖြင့် ထိန်းသိမ်းလိုကြသည်ကို အားပေးခြင်း၊ ကူညီခြင်းဖြင့် လူထုအင်အားကို ရရှိနိုင်ပေမည်။
ငွေကြေးရလိုမှုကို အတောမသတ်နိုင်သည့် ခေတ်ဟောင်းက အယူ အဆဟောင်း၊ အမူအကျင့်ဟောင်းနှင့် လောဘဇောတို့ကို တားဆီး နိုင်အောင် ပြုပြင်နိုင်အောင် ကြိုးပမ်းကြရင်း စိမ်းလန်းသောအနာဂတ်ကို ထူထောင်ကြပါစို့။ ။

No comments:

Post a Comment