Friday, January 10, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ကချင်ပြည်နယ်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
===============================================
ြစ်ကြီးနား ဇန်နဝါရီ ၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ် ဖြင့်ထွက်ခွာကြရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် မြို့မိမြိုဖများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက မြစ်ကြီးနား လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ များနှင့် မြစ်ကြီးနားမြို့ Plam Spring ဟိုတယ်၌တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်ပြည်နယ် သို့ မိမိအနေဖြင့် ကချင်ပြည်နယ်နေ့နှင့် တိုက်ဆိုင်သည့်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရာတွင် အရေးအကြီးဆုံးမှာ မိမိကိုယ်ကို မိမိ ယုံကြည် ခြင်းပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အလိုအပ်ဆုံးမှာ ငြိမ်းချမ်းရေး ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် မြို့မိမြို့ဖ ဦးပေါ်ဦးက ကချင်လူမျိုးများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေခဲ့မှု၊ မြို့မိမြို့ဖ ဒေါက်တာတူးဂျာက IDP စခန်းများပိတ်သိမ်းပြီး မူလနေရာ ပြန်လည်နေရာချထားနိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများကိစ္စ စနစ်တကျဖြေရှင်းပေးရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးလဘန်ဂမ်အောင်က မူးယစ်ဆေးဝါးပြဿနာ ဝိုင်းဝန်းဖြေရှင်းပေးရေး၊ ကလေးပျောက်ဆုံးမှုပြဿနာဖြေရှင်းပေးရေးနှင့် စီးပွားရေးတိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ပေးရေး၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးအားဖူက လီဆူအမည်အမှန် ခေါ်ဝေါ် သုံးစွဲပေးရေး၊ မြို့မိမြို့ဖ ဦးလခရိဇော်ဘောက်က မြစ်ကြီးနား ကလေးဆေးရုံတည်ဆောက်ပေးရေးနှင့် မြစ်ကြီးနား ဆေးတက္ကသိုလ်တည်ဆောက်ဖွင့်လှစ်ပေးရေး၊ ကချင် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင် အသင်းများအောင်မြင်အောင် ကူညီဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ကျောင်းအမြန်ဖွင့်လှစ်ပေးရေး၊ ဇိုင်ဝါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးကွမ်းရှောင်က တိုင်းရင်းသားရေးရာဝန်ကြီးဌာနများအတွက် ရန်ပုံငွေ တိုးချဲ့ခွင့်ပြုပေးရေး၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့မှ ဦးယွပ်ဇော်ခေါင်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုတို့နှင့်စပ်လျဉ်း၍ တင်ပြကြသည်။
ပြည်သူလူထုပါဝင်မှ
တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ငြိမ်းချမ်းရေးအမှန်တကယ်ရရှိရန်အတွက် ပထမ ဦးဆုံးဆောင်ရွက်ရမည်မှာ NCA တွင် ပါဝင်လက်မှတ်ရေးထိုး ရန်လိုအပ်ပါကြောင်း၊ IDP စခန်းများပိတ်သိမ်းရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားကိစ္စဖြေရှင်းရာတွင် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကလေး ပျောက်ဆုံးမှုကိစ္စကို မိဘ၊ ဆရာ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မူးယစ် ဆေးဝါးကိစ္စဖြေရှင်းရေးမှာ အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ ပြည်သူလူထုပါဝင်မှ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းဖွင့်လှစ် နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန်မှာ ငြိမ်းချမ်းရေးလိုအပ်ပါကြောင်း၊ နယ်မြေမငြိမ်းချမ်း၍ ရွေးကောက်ပွဲမကျင်းပနိုင်ပါက နိုင်ငံသားများ၏ အရေး အကြီးဆုံးအခွင့်အရေး ဆုံးရှုံးနိုင်ပါကြောင်း၊ ကျန်းမာရေးကိစ္စတင်ပြချက်များကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စု ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့တော်ခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ ဒီကနေ့ မြစ်ကြီးနားမြို့ကိုလာပြီးတော့ ပြည်သူလူထုနဲ့တွေ့ဆုံနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြည်သူ လူထုနဲ့ ကျွန်မတို့ ထိတွေ့မှုအမြဲရှိနေဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီပြည်ထောင်စုထူထောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရှိနေတယ်ဆိုတဲ့အခါကျတော့ ကျွန်မတို့ ပြည်သူနဲ့ ပြည်သူ ကို ကိုယ်စားပြုတဲ့အစိုးရအကြားမှာဆိုရင် ဆက်စပ်မှု အမြဲပဲရှိဖို့လိုပါတယ်။
ဒီမိုကရေစီရဲ့အဓိပ္ပာယ်ကိုတော့ ကျွန်မတို့ရဲ့ ပြည်သူ လူထုအားလုံးက အကြမ်းဖျင်းနားလည်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ တချို့ကကျတော့ အခုထက်ထိ သိပ်ပြီး တော့ သဘောမပေါက်သေးဘူး။ သဘောမပေါက်သေးဘူး ဆိုတာ ကျွန်မတို့က ဒီမိုကရေစီအကြောင်းပြောရင် တော်တော်များများက ဒီမိုကရေစီမှာ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လို့ ထင်ကြပါတယ်။ အဲဒီလိုလည်း မဟုတ်ပါ ဘူး။ လွတ်လပ်ရေးမရခင်ကာလတုန်းကလည်း ဖေဖေ လည်း ဒီအတိုင်းပဲပြောသွားပါတယ်။ လွတ်လပ်ရေးရတယ် ဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ရတာ မဟုတ်ဘူး။ လွတ်လပ်ရေးရပြီဆိုမှ တာဝန်တွေကလည်း တိုးလာတယ်။ ဒီတာဝန်တွေကိုလည်း ထမ်းဆောင်ဖို့လိုတယ်ဆိုပြီးတော့သတိပေးသွားပါတယ်။ ကျွန်မတို့လည်း ဒီမိုကရေစီနဲ့ ပတ်သက်လို့ ထပ်တလဲလဲသတိပေးရပါတယ်။ အခွင့်အရေး တွေရှိတယ်။ မှန်တယ်။ အခွင့်အရေးနဲ့အတူတူ တာဝန်တွေ လည်း ရောက်လာပါတယ်။
တိုင်းရင်းသားလူမျိုးစုံရှိ
အဲဒီတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုထူထောင်ဖို့ ဆိုတာ တာဝန်တွေက အင်မတန်ကြီးပါတယ်။ တချို့နိုင်ငံ တွေက ပြည်ထောင်စုနိုင်ငံတွေမဟုတ်သလို ပြည်ထောင်စု အဖြစ်နဲ့ ထူထောင်ဖို့လိုတဲ့နိုင်ငံတွေလည်း မဟုတ်ပါဘူး။ ဥပမာဆိုရင် လူမျိုးတစ်မျိုးတည်းရှိတဲ့နိုင်ငံမှာဆိုရင် ကျွန်မတို့နိုင်ငံနဲ့ မတူပါဘူး။ ကျွန်မတို့နိုင်ငံမှာဆိုရင် တိုင်းရင်းသားလူမျိုးစုံရှိပါတယ်။ အခု ကချင်ပြည်နယ် မှာဆိုရင်လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံပါပဲ။ ဒီ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတစ်ခုဆိုတာဟာ စိန်ခေါ်မှုပိုပြီးတော့များပါတယ်။ စည်းလုံး ညီညွတ်မှုကို ကျွန်မတို့တည်ဆောက်ဖို့ဆိုရင် ပိုပြီးတော့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ အယူအဆတွေ မတူကြဘူး။ ပန်းတိုင်တွေ မတူကြဘူး။ ပြောတဲ့ဘာသာစကားကအစ မတူကြဘူး။ ဒီလိုကွဲပြားမှုတွေရှိတဲ့အခါကျတော့ နိုင်ငံ တစ်နိုင်ငံ စည်းစည်းလုံးလုံးဖြစ်အောင်လုပ်ဖို့ဆိုတာဟာ စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ သို့သော်ငြားလည်းဒီစိန်ခေါ်မှုတွေကို ကျွန်မတို့ကျော်လွှားနိုင်မယ်ဆိုရင် တခြားနိုင်ငံတွေနဲ့မတူအောင် စည်းလုံးညီညွတ်မှုကို ရနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စည်းစည်း လုံးလုံး ခိုင်ခိုင်မာမာရပ်တည်ဖို့ဆိုတာ လူမျိုးတစ်မျိုးတည်း ဖြစ်ဖို့ လိုသလား၊ မလိုပါဘူး။ ကမ္ဘာပေါ်မှာ အင်အားအကြီး ဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဆိုတာဟာ လူမျိုး ပေါင်းမျိုးစုံနဲ့ ထူထောင်ထားတဲ့နိုင်ငံပါ။ သူတို့ ဒီလူမျိုး ပေါင်းစုံ၊ ကိုးကွယ်တဲ့ဘာသာပေါင်းမျိုးစုံကို စုစည်းပြီးတော့အင်မတန်မှခိုင်မာတောင့်တင်းတဲ့ နိုင်ငံတစ်ခုကို သူတို့ ထူထောင်နိုင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့လည်း ဒီလို ပြည်ထောင်စုမျိုး မထူထောင်နိုင်စရာမရှိပါဘူး။ အဓိက ကတော့ ဆန္ဒရှိရေးပဲဖြစ်ပါတယ်။ ကျွန်မတို့ တကယ်ပဲ ကျွန်မတို့ရဲ့အသည်းနှလုံးထဲမှာ ပြည်ထောင်စုဆိုတဲ့ ဆန္ဒ ရှိရဲ့လားဆိုတာ တစ်ယောက်ချင်း တစ်ယောက်ချင်းက စိစစ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစဉ်းစားသလဲ။ ကိုယ့်ကိုယ်ကိုယ် ငါက ကချင်၊ ငါက ဗမာ၊ ငါက ရှမ်းဆိုပြီး တော့ စဉ်းစားသလား၊ ငါက ပြည်ထောင်စုသားတစ်ယောက် ဆိုပြီးတော့စဉ်းစားသလားဆိုတာ အားလုံးကနေပြီးတော့ ဒါကို အလေးထားစေချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးက စစချင်း ကိုယ့်ကိုယ်ကိုယ် ဒီပြည်ထောင်စုရဲ့ သားသမီးတွေဆိုပြီး တော့ သတ်မှတ်ဖို့က အင်မတန်မှအရေးကြီးပါတယ်။ ကျွန်မတို့အားလုံးက ပြည်ထောင်စုသားချင်းတွေပါ။ ကိုယ့်ကိုယ်ကိုယ် ငါတို့တစ်တွေက အားလုံးပြည်ထောင်စုသားချင်းတွေဆိုတဲ့စိတ်ဓာတ်ထားရင် ဒီနိုင်ငံမှာ စည်းလုံးညီညွတ်မှုမရှိစရာအကြောင်း မရှိပါဘူး။ အစကတည်းက ငါက ဗမာ၊ ငါက ရှမ်း၊ ငါက ကချင်ဆိုရင် ပြည်ထောင်စုက ဘယ်ရောက်သွားပြီလဲ။ ပြည်ထောင်စုက ဒုတိယ ဘယ်တော့ မှ ဖြစ်လို့မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲဖြစ်ရ မယ်။ ပထမလည်းပြည်ထောင်စု၊ ဒုတိယလည်း ပြည်ထောင်စု၊ တတိယလည်းပြည်ထောင်စု။ ဒီပြည်ထောင်စု အတွင်းမှာမှ ကျွန်မတို့ရဲ့မတူညီတဲ့လူမျိုးများ၊ မတူညီတဲ့ ဘာသာစကားပြောသူများ၊ မတူညီတဲ့ ကိုးကွယ်တဲ့ ဘာသာ မတူသူများ ရှိနိုင်မှာဖြစ်ပါတယ်။ ကျွန်မက ကချင်ပြည်နယ်ကို မကြာခဏလာချင်ပါ တယ်။ မကြာခဏလာချင်တယ်ဆိုတာ ကချင်နဲ့ ရှမ်းမှာ တခြားပြည်နယ်တွေနဲ့ ဘာကွာသလဲဆိုတော့ ကချင်၊ ရှမ်းဟာဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါတယ်။ နောက်ပြီး ကျွန်မတို့ပြည်နယ်တွေမှာဆိုရင် ငြိမ်းချမ်းရေး မရသေးပါဘူး။ ငြိမ်းချမ်းရေးမရသေးတဲ့ကိစ္စနဲ့ ပြည်ထောင်စု ကို ဦးတည်တဲ့ရည်ရွယ်ချက်နဲ့နှစ်ခုဆိုတာဟာ ဒွန်တွဲနေပါ တယ်။ ငြိမ်းချမ်းရေးရမှ ကျွန်မတို့တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုတစ်ခုထူထောင်နိုင်မှာပါ။ တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုတစ်ခု ထူထောင်နိုင်မှသာလျှင် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးကို ရေရှည်မှာ ထိန်းသိမ်းထားနိုင်မှာ ဖြစ် ပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုကို အခြေခံပါတယ်။ အချင်းချင်းကြား မှာ စည်းလုံးညီညွတ်မှုရှိရမယ်ဆိုတော့ အားလုံးက တစ်သဘောတည်းဖြစ်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ စည်းလုံးညီညွတ်မှုဆိုတာဟာ မတူတဲ့သဘောထားတွေကို ညှိနှိုင်းတဲ့အရည်အချင်းအပေါ်မှာ အင်မတန်မှ မူတည်ပါ တယ်။ မတူတဲ့သဘောထားတွေကိုမြှင့်တင်တယ်ဆိုရင်ကျွန်မတို့ဟာ စည်းလုံးညီညွတ်တဲ့ အသိုက်အဝန်းတစ်ခု ဖြစ်လာမှာပါ။
ပျော်ရွှင်ဖွယ်ရာမိသားစု
မိသားစုတစ်ခုထဲမှာ အဖေရှိမယ်၊ အမေရှိမယ်၊ သားသမီးတွေရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ဘူး။ မိသားစုထဲမှာဆိုရင်တောင်မှ တစ်ယောက် အမြင်တစ်မျိုးရှိမှာပဲ။ သို့သော်ငြားလည်း မတူတဲ့အမြင် တွေကို အားလုံးညှိပြီးတော့ အေးအေးဆေးဆေးပျော်ပျော် ရွှင်ရွှင်နေနိုင်ရင် ဒီမိသားစုဟာ ပျော်ရွှင်ဖွယ်ရာမိသားစုပဲ ဖြစ်မှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်မတူတဲ့သဘောထားတွေကိုမညှိနိုင်ဘူး။ အဖေကလည်း ငါက အဖေမို့လို့ ငါလုပ်စေချင်သလိုအားလုံးလုပ်ရမယ်။ အမေက လည်း ငါကအမေမို့လို့ ငါလုပ်စေချင်သလို အားလုံးလုပ်ရ မယ်။ သားသမီးတွေကလည်း ကျွန်တော်တို့ ကျွန်မတို့က လူငယ်တွေမို့လို့ ကျွန်တော်တို့သဘောအရ လုပ်ရမယ် ဆိုပြီးတော့ တစ်ယောက်တစ်မျိုးစွဲနေတယ်ဆိုရင်တော့ မိသားစုဟာ ခိုင်မာမှာလည်းမဟုတ်ဘူး။ သာယာမှာလည်း မဟုတ်ပါဘူး။
ကျွန်မတို့ရဲ့ တိုင်းရင်းသားများအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပြည်ထောင်စုသားချင်းတွေလို့ စိတ်ထဲမှာ မှတ်ထားစေချင်တယ်။ ပြည်ထောင်စုသားချင်းဆိုတဲ့ ဝေါဟာရလေးက မှတ်လို့လည်းလွယ်ပါတယ်။ မခက်ခဲပါ ဘူး။ ကျွန်မတို့ဟာအားလုံးသားချင်းတွေပါ။ ဒီပြည်ထောင်စု ရဲ့ သားချင်းတွေပါ။ ဒီပြည်ထောင်စုကိုချစ်စေချင်တယ်။ ဒီမြေကို ချစ်စေချင်တယ်။ ဒီပြည်ထောင်စုလို့ သတ်မှတ် ထားနိုင်တဲ့အခြေအနေကို မြတ်နိုးစေချင်တယ်။ တန်ဖိုး ထားစေချင်တယ်။ ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ လွယ်လွယ်ကူကူနဲ့ ရခဲ့တာမဟုတ်ပါဘူး။ ဒီလွတ်လပ်ရေး ရဖို့ လုပ်တဲ့အထဲမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမ တွေ ပါခဲ့ပါတယ်။ ဒီလိုစုပေါင်းပြီးပါခဲ့လို့ လွတ်လပ်ရေး ရခဲ့တာပါ။ ဥပမာဆိုရင် ပြည်ထောင်စုနေ့ဟာ ပင်လုံ သဘောတူညီချက်ကိုလက်မှတ်ထိုးတဲ့နေ့လို့ အားလုံးသိကြ ပါတယ်။ တချို့က ဘယ်လိုပြောလဲဆိုရင် ပင်လုံအစ ကချင် ပြည်နယ်ကဆိုပြီး ပြောကြပါတယ်။ ကချင်ပြည်နယ်ကနေ စတဲ့ ဆွေးနွေးမှုကနေပြီးတော့ ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့ တယ်ဆိုတာ အဲဒါလည်းမမှားပါဘူး။ ဒါကြောင့်မို့ ကချင် ပြည်နယ်မှာနေတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဟာ ဒါကို ဂုဏ်ယူသင့်ပါတယ်။ ပြည်ထောင်စု ဆိုတာ ငါတို့ပြည်နယ်ကစလာတာ။ ငါတို့ပြည်နယ်က အစပျိုးပြီးတော့ ပင်လုံမှာအတည်ပြုလိုက်တာ။ ဒီလို စိတ်ဓာတ်ထားမယ်ဆိုရင် ကျွန်မတို့ ကချင်ပြည်နယ်က ပြည်ထောင်စုသားချင်းတွေမှာ အထူးတာဝန်ရှိတယ်လို့ တောင်မှ ပြောလို့ရပါတယ်။
ကိုယ်ကစခဲ့တဲ့ ဇာတ်လမ်း ကိုယ်ကနေဆက်ပြီး မှန်မှန်ကန်ကန်ဆက်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။
မတူမှုတွေကို ညှိနှိုင်းနိုင်တဲ့ အရည်အချင်းရှိ
အခု ကချင်ပြည်နယ်မှာဆိုရင် ငြိမ်းချမ်းရေးဆိုတာ မရသေးပါဘူး။ တစ်ဦးနဲ့တစ်ဦး တစ်ခါတလေမှာ စိတ်သဘောထားမတူညီတဲ့ဟာတွေကို ပြေပြေလည်လည် ညှိနှိုင်းတဲ့နေရာမှာ အားနည်းချက်တွေလည်း ရှိပါသေး တယ်။ သဘောထားဆိုတာ တစ်သဘောထားချည်းဖြစ်ဖို့ မလိုပါဘူး။ တူဖို့လည်းမလိုပါဘူး။ မတူမှုတွေကိုညှိနှိုင်းနိုင် တဲ့ အရည်အချင်းရှိဖို့လိုပါတယ်။ ညှိနှိုင်းနိုင်တဲ့အရည်အချင်း ဆိုတာဟာ အပေးအယူစိတ်ဓာတ်ပါပဲ။ ကိုယ်ပေးသင့်တဲ့ နေရာမှာပေးရမယ်။ ယူသင့်တဲ့နေရာမှာယူရမယ်။ ယူတတ် ရမယ်။ ပေးတတ်ရမယ်။ ပေးတတ်ရမယ်ဆိုတာဟာ လက်ခံတဲ့သူ လက်ခံချင်အောင်လို့ လက်ခံတဲ့သူကနေပြီး တော့ တန်ဖိုးထားအောင်လို့၊ ကျေးဇူးတင်အောင်လို့ ပေး တတ်ရမယ်။ ယူတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်း ပါ၊ ပေးသာပေးလိုက်ရတယ်။ ဘာမှလည်းအကျိုးမရှိဘူး။ ကျေးဇူးလည်း အတင်မခံရဘူး။ မပေးလိုက်ရရင် အကောင်းသားဆိုတဲ့ စိတ်ဓာတ်ဖြစ်သွားရင် ဘယ်ကောင်း မလဲ။ အဲဒီတော့ ကျွန်မတို့က အားလုံးအပေးအယူဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။
ဂုဏ်ယူစရာမဟုတ်
နောက်ပြီးတော့လည်း ကိုယ်ကပေးနိုင်တဲ့သူဆိုတာ ကိုလည်း ဂုဏ်ယူတတ်ရမယ်။ တချို့ကပြောတယ်။ အထူး သဖြင့် ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ရင် အချေအတင် တစ်ဖက်နဲ့တစ်ဖက်မတူတဲ့ နှလုံးသားတွေညှိကြတဲ့အခါ ကျရင် အလျှော့မပေးတာကို ဂုဏ်ယူစရာကောင်းတယ်လို့ ထင်ကြပါတယ်။ အလျှော့မပေးခြင်းဆိုတာဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ မပေးသင့်တဲ့နေရာမှာ မပေးတာတော့ မှန်ပါ တယ်။ ဒါပေမယ့်လျှော့ပေးသင့်တဲ့နေရာမှာ လျှော့ပေးရ မယ်။ ဒါပေမယ့်အရေးကြီးတဲ့နေရာမှာ ဘယ်ဟာက လျှော့ပေးသင့်သလဲ၊ မပေးသင့်ဘူးလဲဆိုတာကို မှန်မှန် ကန်ကန်ဆုံးဖြတ်နိုင်ဖို့က အင်မတန်မှအရေးကြီးပါတယ်။ အဲဒီတော့ ဘယ်နေရာမှာ အလျှော့ပေးသင့်တယ်၊ ဘယ်နေရာမှာအလျှော့မပေးသင့်ဘူးဆိုတာကို ဘယ်လို ဆုံးဖြတ်မလဲဆိုတာပါပဲ။ မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ဆိုတာကိုယ့်မှာမူရှိရမယ်။ ကိုယ့်မှာယုံကြည်ချက်ရှိရမယ်။ကိုယ့်ယုံကြည်ချက်ကဘာလဲ။ ကိုယ့်ယုံကြည်ချက်က ပြည်ထောင်စုထူထောင်ရေးဆိုရင် ပြည်ထောင်စုထူထောင် ရေးအတွက် အလျှော့ပေးသင့်ရင် အလျှော့ပေးရမယ်။ ပြည်ထောင်စုထူထောင်ရေးကို ထိခိုက်မယ့်ကိစ္စတွေဆိုရင် အလျှော့မပေးဘဲ တင်းခံသင့်ရင်တင်းခံရမယ်။ ဒီလိုစဉ်းစား စေချင်ပါတယ်။ အလျှော့မပေးဘဲ အပေးအယူမှန်မှန် လုပ်မယ်ဆိုရင် ကျွန်မတို့မှာယုံကြည်ချက်ရှိဖို့က အင်မတန် မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်း အားလုံးကို ပြည်ထောင်စုအပေါ်မှာ ယုံကြည်ချက်ရှိစေ ချင်ပါတယ်။
ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့လုပ်ကိုင်မှုကသာ အဓိက
ပြည်ထောင်စုဆိုတဲ့ အနှစ်သာရအဓိပ္ပာယ်ကို ယုံကြည် စေချင်ပါတယ်။ မတူညီတဲ့တိုင်းရင်းသားများ၊ မတူညီတဲ့ သဘောထားများနဲ့ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်စုဆိုတာကို ဂုဏ်ယူစေချင်တယ်။ ပြည်ထောင်စု ကြီး ခိုင်မြဲအောင်၊ တိုးတက်အောင်၊ ဖွံ့ဖြိုးအောင်ဝိုင်းဝန်း ပြီး လုပ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ကဏ္ဍကို တန်ဖိုးထားစေချင်ပါ တယ်။ လူတိုင်းလူတိုင်းဟာ လုပ်ပေးနိုင်တဲ့အရည်အချင်းရှိပါ တယ်။ ကိုယ်လုပ်ပေးတာ၊ မလုပ်ပေးတာ နောက်ဆုံး ကိုယ့် အပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရဝန်ထမ်းမို့လို့၊ အစိုးရ အဖွဲ့ဝင်မို့လို့ အလိုလိုနိုင်ငံတာဝန်ကို ထမ်းဆောင်နေတာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများဟာ တာဝန် မကျေရင် နိုင်ငံ့တာဝန်ထမ်းဆောင်တာမရောက်တဲ့အပြင် နိုင်ငံကို အန္တရာယ်ပြုတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ကိုယ့်နေရာကအဓိကမဟုတ်ဘူး။ ကိုယ့်ရဲ့ စိတ်ဓာတ်၊ ကိုယ့်ရဲ့လုပ်ကိုင်မှုကသာအဓိကပါ။
စည်းကမ်းဆိုတာ
ငါဟာသာမန်ပြည်သူတစ်ယောက်ပဲ၊ ဘာလုပ်ပေး နိုင်မှာမို့လဲဆိုတဲ့ စိတ်ဓာတ်ဘယ်တော့မှ မထားပါနဲ့။ သာမန် ပြည်သူတစ်ယောက်ကျင့်တဲ့အကျင့်ဟာ တန်ဖိုးရှိပါတယ်။ အရေးကြီးပါတယ်။ အင်အားရှိပါတယ်။ အဲဒီအင်အားတွေကို မှန်မှန်ကန်ကန်သုံးဖို့ဆိုတာ အဓိကဖြစ်ပါတယ်။ ကျွန်မတို့ ဘယ်ရောက်ရောက် တတ်နိုင်သမျှ ပြည်သူတွေနဲ့တွေ့ဆုံပွဲ တွေလုပ်ပါတယ်။ တွေ့ဆုံပွဲတွေလုပ်တဲ့အခါမှာ အမျိုးမျိုး တွေ့ရတယ်။ တချို့တွေ့ဆုံပွဲတွေက အင်မတန်မှစည်းကမ်း ရှိတယ်။ တချို့တွေ့ဆုံပွဲတွေက စည်းကမ်းမရှိဘူး။ စည်းကမ်းဆိုတာဟာ ကိုယ့်ကိုယ်ကိုယ်စည်းစောင့်တာကို စည်းကမ်းလို့ သတ်မှတ်ပါတယ်။ ကျွန်မအလေးထားတဲ့ စည်းကမ်းဟာ ပြည်သူတစ်ယောက်ချင်း တစ်ယောက်ချင်း ဟာ ကိုယ့်စည်းကိုယ်စောင့်ခြင်းဟာ စည်းကမ်းပါပဲ။ ကိုယ့်စည်းကိုယ်စောင့်တယ်ဆိုတာ ကိုယ့်သိက္ခာကို ထိန်းသိမ်း တာပဲ။ကိုယ်က မဲမပေါက်ဘဲနဲ့ကိုယ်မရသင့်တဲ့အခွင့်အရေးကို အတင်းရအောင်ယူချင်တာဟာ လုံးဝသိက္ခာရှိတဲ့အလုပ် မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ပြည်သူပြည်သားတွေ ကို ကျွန်မက အင်မတန်မှ အဆင့်မြင့်စေချင်တယ်။ အင်မတန် မှ တန်ဖိုးရှိတဲ့ ပြည်သူ ပြည်သားတွေ ဖြစ်စေချင်တယ်။
ကျွန်မတို့နိုင်ငံဟာ မချမ်းသာသေးပါဘူး။
စ်နေ့နေ့ တစ်ချိန်ချိန်မှာ ချမ်းသာမယ်လို့ ကျွန်မယုံကြည်တယ်။ ဒါပေမယ့်လည်း ကျွန်မတို့ ချမ်းသာလာတာနဲ့အမျှ ကျွန်မတို့ စိတ်ဓာတ်က မမြင့်မားလာသေးဘူးဆိုရင် ချမ်းသာရ ကျိုးနပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ခုကတည်းက မြင့်မားတဲ့စိတ်ဓာတ်ကို ကျွန်မတို့ပြည်သူလူထုတွေကနေထိန်းသိမ်းသွားစေချင်ပါတယ်။ လူတိုင်းလူတိုင်းမှာ လုပ် နိုင်တဲ့ အရည်အချင်းရှိပါတယ်။ အသက်ရှင်နေသရွေ့ ကိုယ့် ကိုယ့်ကိုယ် ပြုပြင်နိုင်တဲ့အခွင့်အရေးဟာ နိစ္စဓူဝရှိနေတာပါ။ ဒီနေ့မပြုပြင်တဲ့ကိစ္စ မနက်ဖြန်ပြုပြင်လို့ရတယ်။ ဒီမနက် မပြုပြင်တဲ့ကိစ္စ ဒီညနေမှာ ပြုပြင်လို့ရတယ်။ ဒါဟာစိတ်က ပဲစတာ။ အဲဒါကြောင့် ကျွန်မတို့ပြည်သူတွေဟာ ကိုယ့်ကိုယ် ကိုယ်တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။ ဒါမှ လည်း ကျွန်မတို့နိုင်ငံတိုးတက်နိုင်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့တန်ဖိုးဆိုတာ တစ်ဦးချင်းတစ်ဦးချင်းရဲ့ တန်ဖိုးအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အင်အားဆိုတာ ဒီနိုင်ငံထဲ က အားအနည်းဆုံးသူရဲ့ အင်အားနဲ့ပဲ မျှတပါတယ်။ အင်အားအများဆုံးသူကို ကြည့်လို့မရပါဘူး။ ကျွန်မတို့ နိုင်ငံထဲမှာ အင်အားအနည်းဆုံးသူတွေဟာ ဘယ်လိုရှိသလဲ။ ဘယ်လိုစိတ်ဓာတ်ရှိသလဲဆိုတာကိုကြည့်ပြီးမှ နိုင်ငံရဲ့ တန်ဖိုးကို ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ပြည်သူတွေကိုလေးစား
ဒါကြောင့် ကျွန်မတို့ရဲ့ပြည်သူတွေကိုလေးစားသောအားဖြင့်၊ တန်ဖိုးထားသောအားဖြင့် နီးစပ်အောင်လို့ကြိုးစား ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေနဲ့တွေ့ဆုံပွဲတွေ ကျင်းပတာဖြစ်ပါတယ်။ တွေ့ဆုံပွဲတွေမှာဆိုရင် ကျွန်မတို့လုပ်လေ့လုပ်ထရှိတဲ့အတိုင်းပဲ ကျွန်မက နှုတ်ခွန်းဆက် စကားပြောပြီးတဲ့အချိန်မှာ ကြိုတင်ပြီးတင်ထားတဲ့ မေးခွန်း တွေကို ကျွန်မတို့ ဖြေပါတယ်။ ဒီလိုကြိုတင်ပြီးတင်ပြထားတဲ့ မေးခွန်းတွေမှာ ပုဂ္ဂိုလ်ရေးအရမေးခွန်းတွေကို ကျွန်မတို့ လက်မခံပါဘူး။ အများနဲ့ဆိုင်တဲ့ မေးခွန်းတွေကိုပဲ ကျွန်မ တို့ လက်ခံပါတယ်။ ကိုယ့်ရပ်ကိုယ်ရွာနဲ့ဆိုင်တာ၊ ကိုယ့် ပြည်နယ်နဲ့ဆိုင်တာ၊ ကိုယ့်နိုင်ငံနဲ့ဆိုင်တာ ဒီမေးခွန်းတွေကို သက်ဆိုင်ရာဌာနတွေကဖြေပါတယ်။ တချို့မေးခွန်းတွေကို ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက ဖြေပါတယ်။ တချို့မေးခွန်း တွေကျတော့
ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူတွေက ဖြေပါတယ်။
နောက်ပြီးတော့မှ ပရိသတ်ထဲက မဲပေါက်တဲ့ပုဂ္ဂိုလ် တွေကို မေးခွန်းမေးခွင့်ပေးပါတယ်။ အဲဒီတော့မဲပေါက်တဲ့ပုဂ္ဂိုလ်များကိုလည်း ထပ်ပြီးတော့သတိပေးပါရစေ။ ပုဂ္ဂိုလ် ရေးအရ မေးခွန်းတွေမေးဖို့မဟုတ်ပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ရဲ့အသိုင်းအဝိုင်းနဲ့ဆိုင်တဲ့ အများနဲ့ ဆိုင်တဲ့မေးခွန်းတွေကိုမေးပါလို့ ကျွန်မအနေနဲ့ သတိပေး ချင်ပါတယ်ဟု ပြောကြားသည်။
ယင်းနောက်တွေ့ဆုံပွဲတွင် ကြိုတင်တင်ပြထားသည့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှ ဦးဘောက်နော်က တပ်ကုန်းရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၌ အစည်းအဝေးခန်းမ ဆောင်ရွက်ပေးရေး၊ မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှ ဦးဒိန်ရှူးလခေါင်က နောင်နန်းကျေးရွာ၌ ကလေးငယ်များအတွက် ဓမ္မစကူး ကျောင်းဆောင်ရရှိရေး၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် မှ ဒေါ်ရွယ်ပါက တပ်ကုန်းရပ်ကွက် ထွယ်ဆန်လမ်း တစ်လျှောက် ကတ္တရာနှင့် ကွန်ကရစ်ခင်းပေးနိုင်ရေး၊ နမ္မတီးမြို့မှ ဦးမိုးကျော်ဦးက မြို့ခန်းမရရှိရေး၊ မြစ်ကြီးနားမြို့မှ ဦးဘရန်မွန်းက ကချင်ပြည်နယ်မှထွက်ရှိသည့် သစ်သီးဝလံ နှင့် ကောက်ပဲသီးနှံများအား တရုတ်နိုင်ငံသို့တင်သွင်းခွင့် ရရှိရေးအတွက် အစိုးရအချင်းချင်းညှိနှိုင်းဆောင်ရွက်ပေးရေး၊ မြစ်ကြီးနားမြို့မှ ဦးပေါ်ဦးက ကန်ပိုက်တီးနယ်စပ်ဂိတ် အား နိုင်ငံတကာဝင်ထွက်ဂိတ်အဖြစ်တိုးမြှင့်ပေးပြီး စီးပွား ဖြစ် ခရီးသွားလုပ်ငန်းဆောင်ရွက်ပေးရေး၊ တနိုင်းမြို့မှ ဦးလဂျောင်အောင်က မြစ်ကြီးနား-နမ္မတီး-တနိုင်း လီဒို လမ်းမကြီးအား ရာသီမရွေးသွားလာနိုင်အောင် ကွန်ကရစ် လမ်းခင်းပေးရေး၊ မြစ်ကြီးနားမြို့မှ ဦးလခရိဇော်ဘောက် က မြစ်ကြီးနားမြို့တွင် ကလေးအထူးကုဆေးရုံကြီး တည်ဆောက်ပေးရေး၊ ဝိုင်းမော်မြို့မှ ဦးကြည်ထွန်းက ဝိုင်းမော်မြို့ ၂၅ ခုတင်ဆံ့ဆေးရုံအား ခုတင် ၅၀ ဆံ့ ဆေးရုံ အဖြစ် တိုးမြှင့်ပေးနိုင်ရေး၊ ချီဖွေမြို့မှ ဦးခေါဘောမ်က နုဇုန် ဘောမ်ကျေးရွာနှင့် ပန်ဝါတိုက်နယ်ဆေးရုံများ၌ ဆရာဝန် ချထားပေးရေး၊ မိုးကောင်းမြို့မှ ဦးတင်လင်းက မိုးကောင်း မြို့ ခုတင် ၅၀ ဆံ့ ဆေးရုံအား အထူးကုဌာနများတိုးချဲ့ဆောင်ရွက်ပေးရေးမေးခွန်းများကို လည်းကောင်း။
မေးခွန်းများ မေးမြန်း
ခန်းမအတွင်းမှ မေးခွန်းမေးမြန်းလိုသူ ၁၇ ဦးအနက် မဲပေါက်သူ ငါးဦးဖြစ်သည့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မှ ဦးဟူယန်လက မြစ်ကြီးနားမြို့တွင် ပလတ်စတစ်အမှိုက် များ စနစ်တကျစွန့်ပစ်အောင် ဆောင်ရွက်ပေးရေး၊ မြစ်ကြီးနား-ဝိုင်းမော်ရထားလမ်း ဖောက်လုပ်ပေးရေးနှင့် ငြိမ်းချမ်းရေးအမြန်ရရှိအောင် ဆောင်ရွက်ပေးရေး၊ မိုးညှင်း မြို့ မေတ္တာမွန်လူမှုကူညီရေးအသင်းမှ ဦးကျော်ခိုင်ဝင်းက မိုးညှင်း- မန္တလေးကားလမ်းအား ကောင်းမွန်အောင် အမြန် ဆောင်ရွက်ပေးရေးနှင့် မိုးညှင်းမြို့ မီးသတ်မြေနေရာရရှိရေး အတွက် ဆောင်ရွက်ပေးရေး၊ ပြည်သူ့အသံအား ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ရောက်ရှိအောင် ဆောင်ရွက်ပေး ရေး၊ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ ဒေါ်ဘောက်ဂျာက မြို့နယ်အုပ်ချုပ်ရေးမှူး၏ အနိုင်ကျင့်ခံနေရမှု၊ မြေသိမ်းခံ နေရမှုနှင့် နေအိမ်အားဖယ်ရှားပြီး ရေမြောင်းတူးဖော်နေမှု တို့နှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးရေး၊ ဖားကန့်မြို့ မှ ဒေါ်ရွှေကြည်က ဖားကန့်မြို့ ပြည်တွင်းအခွန်ဦးစီးဌာနမှူး အဂတိလိုက်စားနေမှုနှင့် မိမိအား မတရားသဖြင့် တရားစွဲဆို ခံနေရမှုကို ဖြေရှင်းပေးရေး၊ မိုးညှင်းမြို့နယ် မော်ဟန် ကျေးရွာမှဦးမျိုးမြင့်က ဆေးရုံတည်ဆောက်ရန် လှူဒါန်း ထားသည့်မြေနေရာအား အလွဲသုံးစားဆောင်ရွက်ထားမှု အပေါ် ဖြေရှင်းပေးရေးမေးခွန်းများကို လည်းကောင်း။
ခန်းမအပြင်မှ မေးခွန်းမေးမြန်းလိုသူ ၁၀ ဦး အနက် မဲပေါက်သူ သုံးဦးဖြစ်သည့် မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်မှ ဒေါ်ငြိမ်းလှက အာဆာကျေးရွာလမ်း ဖောက်လုပ်ပေးရန်နှင့် သိမ်းဆည်းမြေများပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ပေးရေး၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် မှ ဦးဇော်ဇော်တိုးက မြစ်ကြီးနားဆေးရုံအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ဆေးရုံများကဲ့သို့ အဆင့်မြှင့်တင် ပေးရေး၊ မြစ်ကြီးနားမြို့၌ ကျူရှင်သင်ကြားနေမှုဖြေရှင်းပေးရေးနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ အခွန် ကောက်ခံနေမှုကို ကြပ်မတ်ပေးရေး၊ မြစ်ကြီးနားတက္ကသိုလ် မှ မောင်မျိုးထက်နိုင်လင်းက မြစ်ကြီးနားတက္ကသိုလ် စာကြည့်တိုက်ကို အဆင့်မြှင့်တင်ပေးရေး၊ ပညာသင် ထောက်ပံ့ကြေးရရှိရေး၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား သမဂ္ဂရုံးခန်းရရှိရေးနှင့် တက္ကသိုလ်သန့်ရှင်းရေးဝန်ထမ်းတိုးမြှင့်ခန့်ထားပေးရေး မေးခွန်းများကိုလည်းကောင်း မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် ပြည်နယ် ဝန်ကြီးများက ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
မေးခွန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရန်မှာ ပြည်သူများပါဝင်ရန် လိုအပ်ပါကြောင်း၊ မိုးညှင်း-မန္တလေး ကားလမ်းကောင်းမွန်ရေးအတွက် အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိုးညှင်းမြို့မီးသတ်မြေနေရာအတွက် ပြည်နယ်အစိုးရအနေဖြင့် ကွင်းဆင်းစစ်ဆေး၍ အစီရင်ခံ စာအမြန်တင်ပြရန်လိုကြောင်း၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီသို့ ပြည်သူ့အသံရောက်ရှိအောင်လည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဖားကန့်မြို့နယ်နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် အမြန်ဆုံးစုံစမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့ အာဆာကျေးရွာလမ်းအား ကောင်းမွန်ရေး အမြန်ဆုံးဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ပညာရေးကိစ္စနှင့်စပ်လျဉ်း၍လည်း မိဘများကပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မြစ်ကြီးနား တက္ကသိုလ်စာကြည့်တိုက် အဆင့်မြှင့်တင်ရေးအတွက် အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ် သန့်ရှင်းရေးအတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် လည်း ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း၊ ယခုလို ကချင် ပြည်နယ်မှ ပြည်သူများနှင့်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကျောင်းသား ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)သို့ရောက်ရှိပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွမ်၊ အတွင်းရေးမှူး သိက္ခာတော်ရ ဖော်ယောင် တူးမိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အတွင်းရေးမှူးက ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်(KBC)၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် KBC အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် KBC ဥက္ကဋ္ဌက ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ပါဝင်ဆောင်ရွက်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေးကော်မတီ(KHCC)တို့ ပူးပေါင်းဆောင်ရွက် နေသည့် နေရပ်စွန့်ခွာသူများ၏ ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းရေးနှင့် ၎င်းတို့ကိုနေရာချထားရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကချင်ပြည်နယ်ငြိမ်းချမ်း ရေးအတွက် KIA ၊ KIO အဖွဲ့နှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက် နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအားဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပင်လုံညီလာခံ တွင် ဗိုလ်ချုပ်အောင်ဆန်းသဘောတူညီခဲ့သည်များကို အကောင်အထည်ဖော်ပေးစေလိုကြောင်း၊ ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကြိုးပမ်းဆောင် ရွက်ချက်များကို အားပေးပါကြောင်း၊ ခရစ်ယာန်ဘာသာရေး အဆောက်အအုံများ သိမ်းဆည်းခံထားရသည့်အခြေအနေ များကို ပြန်လည်စိစစ်ပေးစေလိုကြောင်း ပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားလည်းကောင်း၊ မြန်မာ နိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆုတောင်းပေးသည်။
အားလုံးပါဝင်မှ အောင်မြင်နိုင်မည်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က IDP စခန်းနေပြည်သူများ နေရပ်ပြန်ရေး၊ ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရေးမှာ အရေးကြီးကြောင်း၊ ပြည်သူပြည်သားများ၏ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးနိုင်ရေးအတွက် လုံခြုံရေးမှာ အရေးကြီးကြောင်း၊ ချမ်းသာကြွယ်ဝမှုထက်လုံခြုံမှုက ပိုမို အရေးကြီးကြောင်း၊ ဖွံ့ဖြိုးရေးဟုဆိုရာတွင် ရုပ်ပိုင်းသာမက စိတ်ပိုင်းအရမြင့်မားသည့် ပြည်သူပြည်သားများဖြစ်စေလို ကြောင်း၊ KBC သည် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကိုနာခံကြသူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အဓိက လုပ်ဆောင်ကြသည့် ငြိမ်းချမ်းအောင်လုပ်ဆောင်သူများအဖြစ် အလေးထားပါကြောင်း၊ မိမိတို့နိုင်ငံတွင်ကိုးကွယ် သည့်ဘာသာများ မတူညီကြကြောင်း၊ ယင်းကို မိမိအနေ ဖြင့် ဂုဏ်ယူကြောင်း၊ ဘာသာတရားများတွင် အခြေခံမှာမေတ္တာတရားပင်ဖြစ်ကြောင်း၊ KBC အနေဖြင့် Prince of Peace ဟုခေါ်ဆိုကြသည့် ခရစ်တော်၏ ဆုံးမသွန်သင်မှု များအတိုင်း လုပ်ဆောင်ပေးစေလိုကြောင်း၊ (၂၁)ရာစုပင်လုံ ညီလာခံဟု ဘာကြောင့်ခေါ်တွင်စေသည်ကို အခွင့်ကြုံခိုက် ရှင်းပြလိုကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံသည် (၂၀)ရာစု ပင်လုံဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရာစုနှစ်တစ်ခု ပြောင်းလဲသွားပြီဖြစ်သော်လည်း အားလုံးမျှော်လင့်ခဲ့သည့် ပြည်ထောင်စုကို မတည်ဆောက်နိုင်သေးကြောင်း၊ ရာစုနှစ် တစ်ခုအတွင်း ကမ္ဘာကြီးတွင် အကြီးအကျယ်ပြောင်းလဲ သွားပြီဖြစ်ကြောင်း၊ ခေတ်သစ်၊ ရာစုနှစ်အသစ်တွင် အတွေး အခေါ်၊ အယူအဆအသစ်များဖြင့် ဆောင်ရွက်ရမည်ဟုခံယူ သဖြင့် (၂၁)ရာစုပင်လုံဟု ခေါ်တွင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတည်ဆောက်ရေးမှာ မပြီးဆုံးသေးကြောင်း၊ ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှ အောင်မြင်နိုင်မည်ဖြစ် ကြောင်း၊ KBC ကို မေတ္တာရပ်ခံလိုသည်မှာ နိုင်ငံတော် အေးချမ်းအောင်ကူညီပေးကြစေလိုကြောင်း၊ လူငယ်များ၏ နှလုံးသားတွင် မေတ္တာတရားဆိုသည်ကို စွဲမြဲနေအောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ငြိမ်းချမ်းသည့်နည်းဖြင့် ရယူသည့်ငြိမ်းချမ်းရေးသာလျှင် စစ်မှန်သည့်ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ KBC ကို ယုံကြည်အားကိုးသူများအားလုံး ငြိမ်းချမ်းရေးတွင်ပါဝင်လာအောင် ကြိုးပမ်းပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် KBC ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊အဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
သတင်းစဉ်

No comments:

Post a Comment