Saturday, January 11, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်



မြစ်ကြီးနား ဇန်နဝါရီ ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၌ကျင်းပသည့် (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထံမှ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက်ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံအား စာမျက်နှာ-၅ တွင် ဖော်ပြထားပါသည်)
ထို့နောက် မြစ်ကြီးနားမြို့ စီတာပူနှစ်ခြင်း အသင်းတော်မှ သိက္ခာတော်ရ ဦးဂျုံးခေါင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ၊ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် မနော ပွဲတော်အတွက် ကောင်းချီးမင်္ဂလာရရှိစေရန် ဆုတောင်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဖော်ယောင်တူးမိုင်တို့က (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲ တော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ပါဝင်ဆင်နွှဲ
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီး ချုပ်၊ တာဝန်ရှိသူများသည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် အတူ မနောအကဖြင့် ပါဝင်ဆင်နွှဲသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မနောအိမ်တော်၌ မနောရိုးရာအဖွဲ့ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ် နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ သည်။
ဂါရဝပြုပေးအပ်
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းမှ တိုင်းရင်းသား၊ တိုင်းရင်း သူများက ကချင်ရိုးရာ ကောက်ညှင်းပလိုင်းနှင့် ကချင်ရိုးရာပန်းချီကားကို ဂါရဝပြုပေးအပ်ကြ သည်။
ထို့နောက် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကချင်ပြည်နယ်မနောပွဲသို့ တက် ရောက်ပြီး ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နောင်နှစ်မနောပွဲများ တွင်လည်း မိမိနှင့်အားလုံး ပါဝင်ဆင်နွှဲနိုင်မည် ဟု မျှော်လင့်ပါကြောင်း၊ ကချင်ပြည်နယ်မှာ ရှိကြသည့် ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကျန်းမာချမ်းသာကြပါ စေ၊ နှစ်တိုင်းနှစ်တိုင်း ပျော်ပွဲရွှင်ပွဲများဖြင့် အောင်မြင်ကြပါစေကြောင်း ပြောကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာ နိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ယဉ်ကျေးမှုအဖွဲ့များ နှင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် များ၊ မနောရိုးရာအဖွဲ့အကြီးအကဲများ၊ တာဝန် ရှိသူများနှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ Peace Creation Group(PCG)နှင့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ကလည်း သဝဏ် လွှာများ ပေးပို့ထားကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု တောင်တန်းဒေသ ကျောင်းသား ကျောင်းသူများ ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ကျောင်းသား ကျောင်းသူများက “ဒို့တိုင်းပြည်အတွက် သူရဲကောင်း”၊ “ငြိမ်းချမ်း ရေးကို တည်ဆောက်စို့ ” တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဂေဟာဒုတိယ တာဝန်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ဂေဟာနှင့်ပတ်သက်သည် များကို ရှင်းလင်းတင်ပြသည်။
တန်ဖိုးရှိရှိ အသုံးချ
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က မိမိ အရင်တစ်ခေါက်လာရောက်စဉ်က ကလေးများအနေဖြင့် တေးသီချင်းများဖြင့် ကြိုဆိုခဲ့သည့်အတွက် ဝမ်းသာရပါကြောင်း၊ သီချင်းတိုင်းတွင် တန်ဖိုးထားစရာများရှိပါ ကြောင်း၊ သီချင်းစကားလုံးများ၏ အဓိပ္ပာယ်မှာ လည်း မိမိတို့နိုင်ငံအတွက် အပြုသဘောဆောင် သည့် အဓိပ္ပာယ်များဖြစ်ပါကြောင်း၊ ဂီတ ဆိုသည်မှာ သီဆိုရုံတင်မကဘဲ စိတ်ဓာတ်ကို မြင့်မားအောင် လုပ်ဆောင်ပေးရမည်ဟု မိမိအနေ ဖြင့် ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခု ဂေဟာနှင့်အဆက်အသွယ်ရှိသည်မှာ ကြာပြီ ဖြစ်ပါကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကလေး များအနေဖြင့် ကာယ၊ ဉာဏ အဘက်ဘက်မှ ထူးချွန်သည့်အတွက် ဆက်လက်ပြုစု ပျိုးထောင်ရေးမှာ အရေးကြီးပါကြောင်း၊ ကလေးများအတွက် အချိန်ကို တန်ဖိုးရှိရှိ အသုံးချစေလိုပါကြောင်း၊ ပြုစုပျိုးထောင်ရာ တွင်လည်း စနစ်တကျပြုစုပျိုးထောင်ကြစေလို ကြောင်း၊ ကလေးများ၏ အာဟာရပြည့်ဝရေး အတွက်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမြဲကူညီပေးနေပါကြောင်း၊ အာဟာရပြည့်ဝမှ ခံနိုင်ရည်ပြည့်ဝမည်ဖြစ်ကြောင်း၊ ငယ်စဉ် ကတည်းက အာဟာရ၊ ဉာဏ်စွမ်း၊ ကိုယ်စွမ်း နှစ်ခုစလုံး ပြည့်စုံရန်လိုအပ်ကြောင်း၊ ကလေး များသည် အစက ရေဘေးသင့်၍ ရောက်ရှိခဲ့ သော်လည်း ယခု ရေဘေးအန္တရာယ် လွတ်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ သို့သော်လည်း ကလေးများအတွက် ပညာရေး၊ လူမှုရေး နှစ်ဖက်စလုံး ပံ့ပိုးပေးနိုင်သည့်အတွက် ယခု ဂေဟာသည် ဆက်လက်တည်နေခြင်းဖြစ်ပါ ကြောင်း၊ ထိုသို့ပံ့ပိုးမှုပေးနိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်း။
ယခုအချိန်တွင် ကလေးများအနေဖြင့် အချင်းချင်း မိတ်ဆွေကောင်းများဖြစ်ရန် ကြိုးစားစေချင်ပါကြောင်း၊ ယခုအရွယ်တွင် ခင်မင်သည့် မိတ်ဆွေများမှာ နောက်တစ်သက်တာ အားကိုးစရာ၊ ကိုယ်နှင့် အတူလက်တွဲပြီး စွမ်းစွမ်းတမံ ဆောင်ရွက် မည့် ရဲဘော်ရဲဘက်များဖြစ်လာမည်ကို ပြောကြားလိုပါကြောင်း၊ ယခု ကူညီနေသည့်သူ များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ အထူး သဖြင့် ကလေးများသည် မိမိတို့ အနာဂတ်ကို တည်ဆောက်သည့်နေရာတွင် ထဲထဲဝင်ဝင် ပါနိုင်ရန်လိုပါကြောင်း၊ ကလေးများအနေဖြင့် မိမိတို့နိုင်ငံသည် ပြည်ထောင်စုဖြစ်သည်ကို သတိရစေလိုပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားမျိုးစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ကလေးများကို ပြည်ထောင်စု ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိအောင် ရှင်းပြရန်လိုပါကြောင်း၊ ကလေးများကို အမှန် အတိုင်းပြောတတ်အောင် လေ့ကျင့်မွေးမြူရန် လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကလေးများ မေးခွန်းများမေးလျှင် သိလျှင် သိကြောင်း၊ မသိလျှင် မသိကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောစေလိုပါကြောင်း၊ ကလေး များကို စာဖတ်စေချင်ပါကြောင်း၊ ငယ်စဉ်ကပင် စာဖတ်သည့်အလေ့အကျင့်ကို မွေးမြူပေးစေ လိုပါကြောင်း၊ စာဖတ်ခြင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကို နားလည်စေပြီး တိုင်းရင်းသား အားလုံးသည် အသီးသီး တန်ဖိုးကိုယ်စီ ရှိသည်ကို သိရှိစေပါကြောင်း၊ ဂေဟာရှေ့ရေး အတွက် မိမိတို့အနေဖြင့် တတ်နိုင်သလောက် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ကလေးများအနေဖြင့် စာကြိုးစားသင်ယူကြစေလိုကြောင်း ပြော ကြားသည်။
ပေးအပ်
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဂေဟာအတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူအသစ်များ၊ ဦးထုပ်များနှင့် ကစားစရာအရုပ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကွန်ပျူတာဝယ်ယူရန် အလှူငွေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများကို လည်းကောင်း တာဝန်ရှိသူများထံ ပေးအပ် ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဂေဟာ အလုပ်အမှုဆောင်ကော်မတီမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံ
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် မြစ်ကြီးနားမြို့ Plam Spring ဟိုတယ်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများနှင့်တွေ့ဆုံပြီး ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေနိုင် သည်များ မဖြစ်ပေါ်စေရန် ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပုံမှန် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေချိန် တွင် ငြိမ်းချမ်းရေးကို အထူးဂရုစိုက်ဆောင်ရွက် ရန်လိုကြောင်း၊ ယမန်နေ့က ပြည်သူများ၏ တင်ပြချက်များကို အထူးအလေးထားပြီး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လူထု တွေ့ဆုံပွဲများသို့ မျှော်လင့်ချက်ဖြင့် တက်ရောက်ကာ တင်ပြလာသည့် ကိစ္စရပ် များကို ပြည်သူ့အသံအဖြစ် တန်ဖိုးထားပြီး အလေးအနက်ထား ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ အမြန်ဆုံးပြီးစီးနိုင်သည်များကို အချိန်မဆိုင်းဘဲ ချက်ချင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကချင်ပြည်နယ်နေ့ ကျင်းပရေး နှင့်စပ်လျဉ်းသည့် အခေါ်အဝေါ် ဝေါဟာရ ဆိုင်ရာ အငြင်းပွားမှုများရှိနေသည်ကို ပြည်နယ်အစိုးရက ဦးဆောင်တာဝန်ယူကာ အားလုံးလက်ခံသဘောတူသည့် အဖြေကို ရှာပေးရန် ဖြစ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသဖြင့် မတူကွဲပြားမှုများကြောင့် ပြဿနာများမဖြစ်စေဘဲ ညီညီညွတ်ညွတ် ဖြစ်စေရန် ပြည်နယ်အစိုးရက ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရက တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေချိန်တွင် ပြည်နယ်အစိုးရက မျိုးနွယ်စုများအကြား သဟဇာတဖြစ်စေရေး ကူညီဆောင်ရွက် ပေးရန် လိုအပ်ကြောင်းပြောကြားသည်။
မှာကြား
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကချင်ပြည်နယ် နေ့အခမ်းအနားကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းပြီး မိမိနေရာသို့ မိမိတို့ သဘောဆန္ဒအလျောက် ပြန်လည်နေထိုင်လိုသည့် ကိစ္စနှင့် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက် ပေးရန် လိုအပ်သည့် ကိစ္စများကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စု ဝန်ကြီးများနှင့်ညှိနှိုင်းပြီး ဖြေရှင်းပေးကာ လိုအပ်သည့် မူဝါဒဆိုင်ရာလမ်းညွှန်မှုများ ပြောကြားပြီး ပြည်နယ်အစိုးရ သတိပြုဆောင် ရွက်ရမည့် ကိစ္စရပ်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့မှ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ ညနေ ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြသည်။
သတင်းစဉ်

No comments:

Post a Comment