Friday, January 10, 2020

အယ်ဒီတာ့ အာဘော်
==========
ငြိမ်းချမ်းရေးနှစ်သစ် ခွန်အားသစ်ဆောင်ကြဉ်း
==============================
(၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။ ယခုအစည်းအဝေး သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အစည်းအဝေးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်သည့် ငြိမ်းချမ်းရေးဆုံမှတ်ဖြစ်သည်။
၂၀၂၀ နှစ်ဦး နှစ်သစ်အစတွင် ငြိမ်းချမ်းရေးဆုံမှတ်တစ်ခုသို့ စုစုဝေးဝေး စုံစုံလင်လင် စည်းစည်းလုံးလုံးတက်ရောက်ကြသည်မှာ ဂုဏ်ယူဝမ်းမြောက် အားတက်ဖွယ်ဖြစ်သကဲ့သို့ ယခုနှစ်သစ်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံ စေသည့် ငြိမ်းချမ်းရေးနှစ်သစ်ဖြစ်စေပါသည်။ ယခုအစည်းအဝေးသည် အချိန်တိုအတွင်း သဘောတူညီချက်များရယူနိုင်သည့် အစည်းအဝေးဖြစ်၍ ငြိမ်းချမ်းရေးအတွက် အတိတ်ကောင်းနိမိတ်ကောင်းများကို ဆောင်ကြဉ်း ပေးနိုင်သလို ငြိမ်းချမ်းရေးနှစ်သစ်အတွက် ခွန်အားသစ်များဖြစ်စေပါသည်။
နှစ်သစ်အစ ဇန်နဝါရီလ ၈ ရက်နေ့တွင်ကျင်းပသည့် (၈)ကြိမ်မြောက် အစည်းအဝေး၌ သဘောတူညီချက် (၈)ချက် ရရှိခဲ့ခြင်းသည် ထူးခြားမှုပင် ဖြစ်သည်။ NCA အခန်း(၃၊ ၄၊ ၆)နှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် သဘောတူညီချက်များရရှိခဲ့သည်။ NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်ကြားတွင် မူဘောင်သဘောတူညီချက်များ ရယူရေး၊ ၂၀၂၀ အလွန်တွင် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်များ၊ အဆင့်လိုက်အကောင်အထည်ဖော်မှုများအပေါ် သဘော တူညီမှုရရှိခဲ့သည်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ချုပ်ဆိုမည့် စာချုပ်ပုံစံကို သဘောတူညီခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်း ပထမလေးလတာကာလအတွင်းကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ NCA အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်ပတ်သက်၍ အလုပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ချမှတ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါဝင်ရန် NCA အခြေခံဖြင့် ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့သည်။ UPDJC နှင့် JMC အစည်း အဝေးများကို ယခုအစည်းအဝေးအပြီး နှစ်လအတွင်း ခေါ်ယူကျင်းပရန် သဘောတူညီခဲ့သည်။
ထို့ကြောင့် အချိန်တိုတိုအတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အဆင့် တစ်ဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ဤကဲ့သို့သဘောတူညီမှုများ၊ ဆုံးဖြတ်ချက်များ ချနိုင်ခြင်းသည် တစ်ဦးနှင့်တစ်ဦးယုံကြည်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ညီညွတ်မှုများဖြင့် လက်တွဲဆောင်ရွက်ကြသော ကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက်အရေးကြီးသည့် အစည်းအဝေး ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံအစည်းအဝေး ကို အောင်အောင်မြင်မြင် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်ရန်အတွက် အရေးပါသော ကြိုတင်ပြင်ဆင်မှုကို ပြုလုပ်နိုင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ များသည် နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းမှုကို ကြုံတွေ့ခံစားနေရပြီး ငြိမ်းချမ်းမှုကို လိုချင်လှပြီဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ် ချက်သည် ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်ဖြစ်ပြီး ယင်းကို အတူတကွ အိပ်မက်မက်ခဲ့ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ပန်းတိုင်ကို စိတ်တူကိုယ်တူသတ်မှတ်ပြီးသား၊ ပန်းတိုင်နှင့်တစ်သဘောတည်း၊ တစ်ထပ် တည်း ကျပြီးသားဖြစ်သည်။ သို့သော် ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့ ဖော်ဆောင်မည်နည်း၊ ပန်းတိုင်ကိုရောက်အောင် မည်သို့သွားမည်နည်း ဟူသည့် နည်းနာပိုင်းဆိုင်ရာအမြင်မတူမှုများသာ ရှိသည်။
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM)သည် မတူညီသည့် နည်းနာပိုင်းဆိုင်ရာ စဉ်းစားချက်များကို ဘုံသဘောတူ လက်ခံ ထားသည့် အနေအထားများရှာဖွေနိုင်ရန် သဘောတူညီချက်များ၊ ဆုံးဖြတ် ချက်များချမှတ်နိုင်ခဲ့သည်။ ယခုကျင်းပခဲ့သည့် အစည်းအဝေးသည် ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ခြင်း ဆိုသည်ထက် ပိုမိုသာလွန်သည့် နိုင်ငံရေးအနှစ်သာရများပြည့်ဝသော ငြိမ်းချမ်းရေးနှစ်သစ် ခွန်အားသစ်များ ဆောင်ကြဉ်းပေးနိုင်သည့် အစည်းအဝေးဖြစ်ပါကြောင်း။ ။

No comments:

Post a Comment