Thursday, January 9, 2020

ဆောင်းပါး
======
မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် အထိမ်းအမှတ်
Image may contain: 5 people, text
မြန်မာ့ရုပ်ရှင်ရွှေရတုခေတ်သို့ သမင်လည်ပြန်
=========================
စန်းနီလာဝင်း
========
၁၉၄၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ကာလမှာ မြန်မာ့ ရုပ်ရှင်ရွှေရတုခေတ် ဖြစ်သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်းကာလမှာ ဒုတိယကမ္ဘာစစ်ကာလဖြစ်၍ မြန်မာ့ရုပ်ရှင်အနုပညာရှင်များအနေဖြင့် ရုပ်ရှင်ကား သစ်များ လုံးဝရိုက်ကူးထုတ်လုပ်နိုင်ခြင်း မရှိခဲ့ချေ။ ရုပ်ရှင်အနုပညာရှင်အချို့မှာ အလုပ်လက်မဲ့ဖြစ်သွားကြ ပြီး အချို့မှာ ပရိယေသနဝမ်းစာအတွက် ကုန်သည် အလုပ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြရသလို အချို့မှာ နယ်လှည့်ကာ ပြဇာတ်များက၍ အသက်မွေးဝမ်း ကျောင်းမှု ပြုခဲ့ကြရသည်။
''ခေတ်သစ်ဖာတစ်လုံး'' ရုပ်ရှင်
၁၉၄၆ ခုနှစ်တွင် ထိုစဉ်က ဖက်ဆစ်တော်လှန်ရေး အပြီး၌ အင်္ဂလိပ်နယ်ချဲ့အစိုးရ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့ မဂိုလမ်း (ယခုရွှေဘုံသာလမ်း)ရှိ ရဲရိပ်သာ တွင် ပုလိပ်မင်းကြီးရုံးဖွင့်လှစ်၍ “ရုပ်ရှင်စစ်ဆေးရေး ဆင်ဆာအဖွဲ့” တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သို့သော် ရန်ကုန်မြို့လယ်ကောင်ရှိ ရုပ်ရှင်ရုံများကို အင်္ဂလိပ် အာဏာပိုင်များက သိမ်းယူထားကာ အင်္ဂလိပ်နှင့် အိန္ဒိယရုပ်ရှင်ဇာတ်ကားများကို ပြသနေသောကြောင့် မြန်မာရုပ်ရှင်ဇာတ်ကားများကို ကန်တော်ကြီးရှိ ကန်တော်မိတ်၊ ကန်တော်မင်္ဂလာ၊ ရန်ကုန်ရုပ်ရှင်ရုံနှင့် နေသူရိန်ရုပ်ရှင်ရုံများ၌သာ ပြသခဲ့ရပြီး ထိုနှစ် စက်တင် ဘာလ ၆ ရက်နေ့မှစ၍ ကာဌေးရုံတွင် အေဝမ်းဖလင်မှ ''ခေတ်သစ်ဖာတစ်လုံး'' ရုပ်ရှင်ဇာတ်ကားကို စတင် ပြသခဲ့သည်။
ဖက်ဆစ်တော်လှန်ရေး ကာလအတွင်းမှာလည်း ရုပ်ရှင်အနုပညာရှင်များ ရုပ်ရှင်မရိုက်ခဲ့ရစေကာမူ မြန်မာ့ ရုပ်ရှင်အနုပညာရှင်များဖြစ်ကြသည့် အေဝမ်းဦးတင်မောင်၊ ဦးသာဂေါင်၊ ရွှေညာမောင်၊ ဒါရိုက်တာ ဦးဘရှင်၊ ဦးတင်ဖေ၊ ဦးချစ်ရွှေ၊ ဦးကျော်ဆွေ၊ ဦးသာဆန်း၊ ဦးရွှေကို အစရှိသည့် ရုပ်ရှင်အနုပညာရှင်တို့သည် “ဗမာ့လွတ်လပ် ရေးတပ်မတော်”(ဘီအိုင်အေ) တွင် ပါဝင်ဆင်နွှဲခဲ့ကြ သည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်အနုပညာရှင် တို့သည် ရုပ်ရှင်အနုပညာဖြင့် အမျိုးသားရေးနယ်ချဲ့ ဆန့်ကျင်ရေးကို လှုံ့ဆော်ပေးခဲ့ရုံသာမက အရေးကြုံသည့် အခါ မျိုးချစ်စိတ်ဓာတ်အရင်းခံဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ခြင်းမှာ မြန်မာ့ရုပ်ရှင်သမိုင်းမှာသာမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာပါ ဂုဏ်ယူ မော်ကွန်းတင်ကြရမည် ဖြစ်ပါသည်။
''ငဘ'' ရုပ်ရှင်
ထို့ပြင် ဒုတိယကမ္ဘာစစ်အတွင်း၌ ဖလင်ရိုင်းများ မရရှိသည့်ကြားကပင် ဖက်ဆစ်တို့ရန်ကုန်မြို့ကို ဗုံးကြဲ ခဲ့ပုံ၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ရန်ကုန် မြို့သို့ ဝင်ရောက်လာပုံတို့ကို သမိုင်းဝင်မှတ်တမ်းတင် ရုပ်ရှင်ကားများရိုက်ကူးခဲ့ကြသည်။ ရုပ်ရှင်ဇာတ်ကား အများစုမှာ တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်စားလိုစိတ်၊ နယ်ချဲ့တိုင်းတစ်ပါးလက်အောက်မှ လုံးဝလွတ်မြောက်ပြီး လွတ်လပ်ရေးအရယူလိုစိတ် ဖြစ်ပေါ်လာအောင် လှုံ့ဆော် ရိုက်ကူးထုတ်လုပ်ပြသခဲ့ရာ သာဓကအားဖြင့် အရေး တော်ပုံ၊ စစ်ပြန်၊ ပြောက်ကျားဗိုလ်၊ ရန်သူနံပါတ် (၁)၊ တောင်တန်းဗိုလ်၊ မျိုးချစ်သူပုန်၊ ချိန်တန်ပြီ၊ သွေးသောက်၊ ဗမာ့သွေး၊ ဗိုလ်ချုပ်၊ နန်းတွင်းအရေးတော်ပုံ၊ စံထူး(၁) အစရှိသည့် ရုပ်ရှင်ဇာတ်ကားများမှာ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ရုပ်ရှင်အနုပညာဖြင့် လှုံ့ဆော်ရိုက်ကူး ခဲ့သည့် ဇာတ်ကားများအဖြစ် အောင်မြင်ထင်ရှားခဲ့သည် ကို တွေ့ရှိရသည်။ ''ငဘ'' ရုပ်ရှင်ဇာတ်ကားမှာ ပြည်တွင်းမှာသာမက နိုင်ငံခြားသို့ တင်ပို့ခဲ့ရသည့် မျိုးချစ်စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့ရှိ ရပါသည်။
၁၉၄၆ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရုပ်ရှင်နှင့် ပြဇာတ်ကုမ္ပဏီပိုင်ရှင်နှင့် အနုပညာရှင်များ စုပေါင်းပြီး ''မြန်မာနိုင်ငံတော်ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး ကြီး"ကို မြိုင်ပြဇာတ်ရုံအနီးရှိ မြိုင်ရိပ်သာစခန်း၌ တည်ထောင်ဖွဲ့စည်းခဲ့ကြသည်။ ထိုအစည်းအရုံးကြီး တွင် ဥက္ကဋ္ဌအဖြစ် ဦးတင်နွယ်၊ အတွင်းရေးမှူးအဖြစ် ဦးစိုးမောင်နှင့် အမှုဆောင်အဖွဲ့ဝင်များအဖြစ် ဆရာခန့်၊ ဦးဘတင်၊ ဦးတင်မောင်၊ ဦးလွန်းဖေ၊ ဦးမောင်ကြီး၊ ဦးအောင်မြတ်၊ ဦးမောင်မောင် (လန်ဒန်အတ်)တို့ အပြင် အမှုဆောင် ၁၅ ဦးကို ထပ်မံရွေးချယ်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ ဝင် ဝန်ကြီးအချို့၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ နယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်တို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ ကြရသည်။ ဗိုလ်ချုပ်တို့ကျဆုံးပြီး မကြာမီမှာပင် ဗိုလ်ချုပ်၏ လွတ်လပ်ရေးလမ်းစဉ် မော်ကွန်းတင် သတင်းကားကို အမြန်ဆုံးစီစဉ်ရိုက်ကူးပြီး ရန်ကုန်မြို့ ရှိ ရုပ်ရှင်ရုံကြီး လေးရုံတွင် တစ်နေ့လျှင် ငါးပွဲကျ ပြသခဲ့ပါသည်။ ထိုစဉ်က ရုပ်ရှင်ပြသ၍ ရရှိခဲ့သည့် ရန်ပုံငွေကျပ်ငါးသောင်းကို အာဇာနည်ဗိမာန် တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးက လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် တိုင်းပြည် က နုနု၊ မုန်တိုင်းက ထန်ထန်ဖြစ်နေသည့် အချိန်ကာလ တွင် မြန်မာ့ရုပ်ရှင်အနုပညာရှင်များသည် မျိုးချစ် စိတ်ဓာတ်ကို အရင်းခံပြီး နိုင်ငံတော်၏ အမျိုးသား ကာကွယ်ရေးလုပ်ငန်းများ၌ သက်စွန့်ကြိုးပမ်းပါဝင် ဆောင်ရွက်ခဲ့ကြသည်ကို ဂုဏ်ယူဖွယ်လေ့လာတွေ့ရှိ ရသည်။ ၁၉၄၉ ခုနှစ်တွင် ''ရန်ကုန်အစိုးရ'' ဟု သတ်မှတ်ခံရလောက်အောင်ပင် ထိုစဉ်က ကေအင်န်ဒီ အို (KNDO) လက်နက်ကိုင်များသည် ရန်ကုန်မြို့အင်းစိန် ထိအောင် ထိုးဖောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြရာ မြန်မာ့တပ်မတော်က ခုခံကာကွယ်တွန်းလှန်ပြီး အောင်ပွဲဆင်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှား ရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က အင်းစိန်တိုက်ပွဲတွင် ရှေ့တန်းရောက် တပ်မတော်သားများအတွက် စားနပ်ရိက္ခာပို့ရေး၊ သူနာပြု စုရေး၊ ဂီတဖြင့် ဖျော်ဖြေရေးလုပ်ငန်းများကို ရုပ်ရှင် ပြဇာတ်အစည်းအရုံးကြီးက ကြီးမှူးပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့ ဖွဲ့စည်းကာ ရှေ့တန်းစစ်မျက်နှာအထိ သက်စွန့် ကြိုးပမ်း သွားရောက်ခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်အနုပညာရှင်များသည် အမျိုးသားရေးနှင့် ယှဉ်လာလျှင် မျိုးချစ်စိတ်ဓာတ် အရင်းခံဖြင့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူး ထုတ်လုပ်ရုံသာမက အမျိုးသားရေးလိုအပ်ချက်အရ လိုအပ်လာလျှင် တိုင်းပြည်ကာကွယ်ရေးများကိုပါ ပါဝင်ခဲ့ကြသည်ကို ဂုဏ်ယူအားရဖွယ် လေ့လာတွေ့ရှိရ ပါသည်။
ထိုအချိန်က အင်းစိန်တိုက်ပွဲ၌ ရုပ်ရှင်အနုပညာရှင် များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ပုံနှင့် စပ်လျဉ်း၍ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာနှင့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတို့တွင် ''လူထုကြီးအား မှီခို၍ စီးပွားရှာလာခဲ့ကြသော ရုပ်ရှင် သမားများသည် လူထုကို ပြန်လည်၍ ကျေးဇူးဆပ်သည့် သဘောဖြင့် လူထုအပေါ်တွင် ကျရောက်လာမည့် အန္တရာယ်အပေါင်းတို့ကိုကာကွယ်ပေးရန် အရေးကြုံ နေပြီဖြစ်၍ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးဝင်များ ဖြစ်သော ပညာသည်များနှင့် ရုပ်ရှင်မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ၊ လူကြမ်းအစရှိသည့် ပုဂ္ဂိုလ်တို့သည် စစ်လေ့ကျင့်ခန်းများနှင့် သူနာပြုပညာများကို လေ့လာနေ ပြီဖြစ်ကြောင်း၊ အစည်းအရုံးကြီးမှ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကြီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွဲ့စည်းပြီးဖြစ်လေရာ ဓာတ်ပုံဆရာများကလည်း အင်းစိန် တိုက်ပွဲသို့ သွားရောက်ရုပ်ရှင်ရိုက်ကူးနေကြပြီ ဖြစ်ကြောင်း။
မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ရှေ့တန်းစစ်မျက်နှာ အင်းစိန်၊ ဒညင်းကုန်း၊ စော်ဘွားကြီးကုန်း၊ မရမ်းကုန်း၊ သမိုင်း၊ မင်္ဂလာဒုံရှိ တောင်ပိုင်းစစ်ဌာနချုပ်ရှိ အစိုးရတပ်များ၊ အီးတီ အက်ဖ်တပ်၊ မုန်တိုင်းတပ်၊ ငမိုးရိပ်တပ်၊ စိန်ပြောင်းတပ်နှင့် ရဲဘော်ဖြူတပ်များသို့ ထမင်းထုပ်၊ ဆေးလိပ်၊ မီးခြစ်၊ ချိုချဉ်၊ စာနယ်ဇင်းများကိုထောက်ပံ့ရာ ဖေဖော်ဝါရီလ ၈ ရက်နေ့ များတွင် သမိုင်းလမ်းဆုံအနီး၌ စက်သေနတ်အပစ်ခံရ ကြောင်း၊ ရှေ့တန်းနောက်တန်း နှစ်တန်းစလုံးကို ဖျော် ဖြေရေးအဖွဲ့များစေလွှတ်ရန် စီစဉ်ပြီးဖြစ်ကြောင်း၊ ရုပ်ရှင် ပညာသည် အပေါင်းတို့သည် ရုပ်ရှင်နှင့် ပြဇာတ်အစည်း အရုံးကြီးမှ ကြီးမှူးသော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် နေ့စဉ် နံနက် ၁ နာရီမှ ၁၁ နာရီအထိတစ်ဖွဲ့၊ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိတစ်ဖွဲ့ နှစ်ဖွဲ့ခွဲ၍ စစ်ရေးလေ့ကျင့် နေကြသည်ကိုလည်း တွေ့ရကြောင်း၊ ထို့ပြင် ရုပ်ရှင်ပညာ သည်များနှင့် ရုပ်ရှင်ကုမ္ပဏီများ အလှည့်ကျတာဝန်ယူပြီး လျှင် စစ်မြေပြင်တွင် ကေအင်န်ဒီအို သောင်းကျန်းသူ များကို တိုက်ခိုက်နေသော ဗမာ့တပ်မတော်သားများ၊ ရဲဘော်ဖြူများထံသို့ ထမင်းထုပ်၊ ဆေးလိပ်၊ သတင်းစာများ နေ့စဉ်အရောက် ပို့နေကြကြောင်း။
ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးမှ ကြီးမှူး တည်ထောင်လိုက်သော ရုပ်ရှင်နှင့် ပြဇာတ်အသင်းသား များပါဝင်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ဝန်ထမ်း တံဆိပ်မှာ ပခုံးဒေါက် အနီတင် ယူအက်စ်အက်ဖ် နာမည် ရိုက်နှိပ်ထားပြီး ရိုင်ဖယ်သေနတ် နှစ်လက်ကို ကြက်ခြေခတ် သဏ္ဌာန်ရိုက်နှိပ်ထားသည်ကို တွေ့ရကြောင်း" စသည် ဖြင့် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။
အလားတူ ထိုစဉ်က ရုပ်ရှင်ပြဇာတ်ကာကွယ်ရေး အဖွဲ့ကြီးက ထုတ်ပြန်ခဲ့သည့် ပန်ကြားချက်နှင့်စပ်လျဉ်း၍ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် ဟံသာဝတီ သတင်းစာကြီး၌ -
တိုင်းပြည်လူထုသို့-
ကျွန်မတို့ ရုပ်ရှင်ပြဇာတ်အစည်းအရုံးဝင် အမျိုးသား၊ အမျိုးသမီးအပေါင်းတို့သည် တိုင်းပြည်လူထု အား မှီခိုအားထားရသူများဖြစ်သည့်အလျောက် ပြည်သူ လူထုဒုက္ခရောက်သည့်အလျောက် ပြည်သူလူထုဒုက္ခနှင့် ရင်ဆိုင်တိုးနေရသည့်အချိန်တွင် ကျွန်မတို့ ရုပ်ရှင်ပြဇာတ် လောကအတွင်းပါဝင်သူတို့သည် ပြည်ထောင်စုရန်သူ မှန်သမျှကို ဖြိုခွင်းရန်အတွက် ပစ္စည်းအင်အား၊ လူအင်အားနှင့်ဆိုင်ရာမှ ဆောင်ရွက်နေကြ၍ ကျွန်မတို့ ခေါင်းဆောင်ကြီးများကိုယ်တိုင် ပြည်ထောင်စုရန်သူကို ချေမှုန်းလျက်ရှိသော စစ်သည်တော် ရဲဘက်များအား ထောက်ပံ့ရန်အတွက် ထမင်းထုပ်များ ကောက်ခံသိမ်းယူ လျက်ရှိပါသည်။ သို့အတွက် မြို့မိမြို့ဖများက တတ်အား သမျှ ကူညီကြပါမေတ္တာရပ်ခံပါကြောင်း။
(ပုံ) မေရှင်
ပြန်ကြားရေးမှူး
ရုပ်ရှင်ပြဇာတ်ကာကွယ်ရေးအဖွဲ့
ဟု ရေးသားဖော်ပြခဲ့သည်ကို ဂုဏ်ယူအားကျဖွယ် လေ့လာတွေ့ရှိရပါသည်။
အကိုးအထောက်
၁။ ကျွန်ုပ်နှင့်မြန်မာ့ရုပ်ရှင်လောက (ဒဂုဏ် ဦးဘတင် စာပေဗိမာန် ၁၉၆၆)
၂။ မြန်မာ့ရုပ်ရှင်လုပ်ငန်းသမိုင်း (၁၉၂၀- ၁၉၇၀) (ဂျယ်ရီကြိုင်သမိုင်းအရ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ၁၉၇၉)
၃။ အကယ်ဒမီဆုရ မြန်မာ့ရုပ်ရှင်ကားများကို ရှုမြင်သုံးသပ်ခြင်း (ကျမ်းပြုစုသူ-မောင်ထွန်းအုံ ၁၉၇၇ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်)

No comments:

Post a Comment