Monday, January 27, 2020

မူဆယ်ခရိုင်ရှိ နယ်စပ်ဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

Image may contain: 1 person, standing and outdoor

မူဆယ် ဇန်နဝါရီ ၂၆
တရုတ်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်စပ် ဒေသတွင် အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ကူးစက်လာခြင်းမရှိစေရန်အတွက် မူဆယ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ်များတွင် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်း၍ ကိုယ်အပူချိန်တိုင်းတာသည့်စက် (Thermal Scan)ဖြင့် အဝင်၊ အထွက် သွားလာသူများကို စောင့်ကြည့်ခြင်းနှင့် သာမိုမီတာများဖြင့် စစ်ဆေးခြင်းတို့ကို ဇန်နဝါရီ ၂၆ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ကိုယ်အပူချိန်တိုင်းတာသည့်စက်ကို မူဆယ်မြို့ နန်းတော်ဂိတ်တွင် ဇန်နဝါရီ ၁၅ ရက်မှ စတင်တပ်ဆင်ထားပြီး မူဆယ်မြို့ ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ မူဆယ်ခရိုင် မုံးကိုးမြို့၊ ပန်ဆိုင်းမြို့နှင့် မန့်ဟီးရိုးမြို့တို့ရှိ နှစ်နိုင်ငံအဝင်၊ အထွက် နယ်စပ်ဂိတ်များတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီမှစတင်ပြီး သာမိုမီတာဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်သည်။
ဆောင်ရွက်လျက်ရှိ
ထို့အတူ နှစ်နိုင်ငံအဝင်၊ အထွက်ဂိတ်များဖြစ်သည့် မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ် တို့တွင် သာမိုမီတာဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းဂိတ် များတွင် ကိုယ်အပူချိန်တိုင်းတာသည့်စက်များ တပ်ဆင်နိုင်ရန် တင်ပြထားကြောင်း မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ် ဒေါက်တာမျိုးဇော်၏ ပြောကြားချက်အရ သိရသည်။ တရုတ်နိုင်ငံတွင် ရောဂါပျံ့နှံ့မှုနှုန်း မြင့်တက်လာခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများကို လိုအပ်လျှင် ထပ်မံတိုးမြှင့် ချထားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ဖြစ်ပွားသည့် အဆုတ် ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ကြောင့် သေဆုံးသူများနှင့် ကူးစက်ခံရသူများ မြင့်တက်လာပြီး မြန်မာနိုင်ငံ မူဆယ် ခရိုင်နှင့် အနီးစပ်ဆုံးပြည်နယ်ဖြစ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁ ဦး ရှိလာပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် တက်ဟုန် ပြည်ပရေးရာဌာန၏ ထုတ်ပြန်ထားချက်အရ သိရ သည်။
ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်(ခွဲ) မန်စီ၊ လုံချွန်၊ ရင်းကျန်း၊ လျန်ဟော်မြို့နှင့် ရွှေလီမြို့တို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူမရှိသေးကြောင်းလည်း တက်ဟုန် ပြည်ပရေးရာဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝင်၊ ထွက်သွားလာမှုများ နည်းပါး
ယင်းဖြစ်ရပ်များကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ တရုတ်နိုင်ငံပြည်မဘက်မှ ယာဉ်အဝင်ကို ပိတ်ပင်ထားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ နမ့်ခမ်းမြို့၊ ပန်ဆိုင်း (ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးကိုးမြို့တို့မှ တရုတ် နိုင်ငံဘက်သို့ အဝင်၊ အထွက်သွားလာနေကြသည့် မြန်မာ နိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများသည် ဇန်နဝါရီ ၂၆ ရက်မှ ဝင်၊ ထွက်သွားလာမှုများ သိသာစွာနည်းပါးလာပြီ ဖြစ်သည်။
တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်)ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မူဆယ်မြို့ နယ်စပ်ဒေသတွင် နှာခေါင်းစည်းဝယ်ယူသူ များပြားလာခြင်းကြောင့် မူဆယ်မြို့နှင့် မူဆယ်ခရိုင် အတွင်းရှိ မြို့နယ်တချို့တွင် နှာခေါင်းစည်းများ ပြတ်လပ်မှုကြုံတွေ့လာနိုင်သည်ဟု သိရသည်။
တရုတ်နိုင်ငံ မန်စီမြို့၊ ရွှေလီမြို့နှင့် ကျယ်ဂေါင်မြို့တို့မှ မြန်မာနိုင်ငံ မူဆယ်မြို့၊ နမ့်ခမ်းမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့အထိ တရုတ်နိုင်ငံသားတချို့က နှာခေါင်း စည်းများ အထုပ်လိုက် လာရောက်ဝယ်ယူသူများလည်း ရှိလာသည်။ မုံးကိုးမြို့ရှိ ဈေးဆိုင်များတွင် နှာခေါင်းစည်း များကို တရုတ်နိုင်ငံသားတချို့က ဆိုင်ကယ်များနှင့် သုံးဘီး ကားများဖြင့် လာရောက်သယ်ယူကြပြီး မုံးကိုးမြို့ရှိ ဈေးဆိုင်များတွင် နှာခေါင်းစည်းပြတ်လပ်ခြင်းကြောင့် မူဆယ်မြို့သို့ ပြန်လည်မှာယူနေရကြောင်း မုံးကိုးမြို့ရှိ ဈေးသည် ဒေါ်အိုင်မိုင်က ပြောသည်။
လက်ရှိတွင် မူဆယ်မြို့ရှိ ဈေးဆိုင်များ၌ နှာခေါင်း စည်းများ ဝယ်ယူရန်ခက်ခဲလာပြီး မူဆယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တစ်ဦးလျှင် နှာခေါင်းစည်းတစ်ခုနှုန်းဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။ မြန်မာ-တရုတ် နယ်စပ်ဂိတ် ပေါက်များမှ ခရီးသွားဧည့်သည်များ၊ မြန်မာပြည်သူများနှင့် မြန်မာအလုပ်သများများ နေ့စဉ် အဝင်၊ အထွက်ပြုလုပ် လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အထူးသတိ ထားရန်လိုအပ်သည့် နယ်စပ်မြို့လည်း ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဇန်နဝါရီ ၂၅ ရက် ထုတ်ပြန် ချက်အရ အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ဖြစ်ပွားသူ တရုတ်တွင် ၁၂၉၇ ဦး၊ ဂျပန်တွင် သုံးဦး၊ တောင်ကိုရီးယား တွင် နှစ်ဦး၊ ဗီယက်နမ်တွင် နှစ်ဦး၊ စင်ကာပူတွင် သုံးဦး၊ ဩစတြေးလျတွင် သုံးဦး၊ ထိုင်းတွင် လေးဦး၊ နီပေါတွင် တစ်ဦး၊ အမေရိကန်တွင် နှစ်ဦး၊ ပြင်သစ်တွင် သုံးဦး စုစုပေါင်း အဆုတ်ရောင်ရောဂါဖြစ်ပွားသူ ၁၃၂၀ ရှိကြောင်း သိရသည်။
ဆက်လက်စောင့်ကြည့်သွားမည်
သို့ဖြစ်၍ ဝူဟန်မှ ရန်ကုန်နှင့် မန္တလေးသို့ ပျံသန်း ပြေးဆွဲနေသည့် China Eastern လေကြောင်းလိုင်းကို ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်ထိ ယာယီရပ်နား ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ သိရပြီး Novel Coronavirus ရောဂါနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးသည့် လုပ်ငန်းများကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

No comments:

Post a Comment