Sunday, January 26, 2020

2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု မြေပြင်အခြေအနေများကို ပြည်ထောင်စုဝန်ကြီး လှည့်လည်ကြည့်ရှု




Image may contain: 7 people, people standing
ရန်ကုန် ဇန်နဝါရီ ၂၅ 



ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည့် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းကြိုတင်ပြင်ဆင်ထားရှိမှုများ သေချာ စေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက မိမိဒေသ အတွင်းရှိ နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ(CEU)သို့ အချိန်နှင့် တစ်ပြေးညီသတင်းပေးပို့ ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက် လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယ ဖြစ်ဖွယ်လက္ခဏာများ မရှိသော်လည်း ၎င်းတို့တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများကို မှတ်သားထားရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ တည်းခိုခန်းနှင့်ဟိုတယ်များသို့ အဆိုပါ ခရီးသည်များ နာမကျန်းဖြစ်သည်ဟု သံသယရှိပါက ကျန်းမာရေးဌာနသို့ အသိပေးအကြောင်းကြားပေးရန် ဆက်သွယ်ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း။
ကြိုတင်အသိပေးရမည်
အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ ဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်း များနှင့် ဟိုတယ်ဝန်ထမ်းများအား ရောဂါနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ၊ ရောဂါကာကွယ်မှုဆိုင်ရာ အသိပညာအချက်အလက် များ၊ သတင်းပေးပို့ရမည့် အခြေအနေနှင့် လမ်းကြောင်းများကို ကြိုတင်အသိပေးထားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်း ခရီးဖြင့်လာရောက်သည့် ခရီးသည်များအား စနစ်တကျ ပြည့်စုံစွာဖြည့်စွက်စေ ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာ လေကြောင်းလိုင်းများသို့ အကြောင်းကြားထားရမည် ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု၊ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုအခြေအနေများကို မျက်ခြည်မပြတ် လေ့လာ၍ တုံ့ပြန်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး)၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ လေဆိပ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ သွားရောက်၍ ရောဂါဖြစ်ပွားသူများ လာရောက်ပါက ဆောင်ရွက်မည့်အစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ထားရှိသည့် မြေပြင်အခြေအနေ များကို စစ်ဆေးကြည့်ရှုသည်။
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အချက်အလက်များကို ဆေးရုံအုပ်ကြီး၊ ပါမောက္ခများနှင့် ဆွေးနွေးကာ လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ဆောက်လုပ်ဆဲ နှစ်ထပ်လူနာဆောင်သစ်နှင့် သုံးထပ်လူနာဆောင်သစ်များကို သွားရောက်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေဆိပ်ကျန်းမာရေးဌာနခွဲတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ညှိနှိုင်းဆွေးနွေး
ထို့နောက် Yangon Aerodrome ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးခိုင်၊ အထွေထွေမန်နေဂျာ ဦးရဲခိုင်၊ လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီမှ ဦးဇွဲမာန်အောင်တို့နှင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံ၍ နိုင်ငံတကာမှ ဝင်ရောက်လာသော ခရီးသည်များကို Thermal Scanner အသုံးပြု၍ အဖျားရှိ၊ မရှိ၊ သံသယလူနာ စစ်ဆေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများသည် များပြားလှသော ခရီးသည်များနှင့် နေ့စဉ်ထိတွေ့နေရသဖြင့် ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မျက်နှာဖုံးများ စနစ်တကျတပ်ဆင်ခြင်း နှင့် လက်သန့်စင်ပိုးသတ်ဆေး (hand sanitizer) အသုံးပြုရေး၊ လူနာများထံမှ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့မှတစ်ဆင့် ရောဂါကူးစက်မှုမှ ကာကွယ် နိုင်ရန် မှန်အကာအကွယ်ငယ်များ တပ်ဆင်အသုံးပြုရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော Health Declaration Form များကို ပြည့်စုံစွာ ဖြည့်စွက်ထားသည့် ခရီးသည်များကိုသာ ဝင်ရောက်ခွင့်ပြု ရေး၊ သံသယလူနာတွေ့ရှိပါက လေဆိပ်မှ ဝေဘာဂီအထူးကုဆေးရုံကြီးထံသို့ စနစ်တကျလွှဲပြောင်းကုသရေးတို့အတွက် ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အင်းစိန် မြို့နယ် အောင်ဆန်းတီဘီရောဂါဆေးရုံကြီးတွင်ရှိသော ရောဂါပိုးဓာတ်ခွဲ စစ်ဆေးသည့် ဇီဝလုံခြုံမှုအဆင့်၃ (Bio Safety Level 3) ရည်ညွှန်းဓာတ်ခွဲခန်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သံသယလူနာထံမှ ဓာတ်ခွဲနမူနာကို မြန်မာ နိုင်ငံ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲခန်း (ရန်ကုန်) တွင် 2019 Novel Coronavirus (2019-nCoV)ရောဂါပိုးရှိ၊ မရှိအား ဓာတ်ခွဲစစ်ဆေးအတည်ပြု နိုင်ရန် လိုအပ်သော Primer, Probe, Reagent နှင့် PCR kit ဓာတ်ခွဲစမ်းသပ် ပစ္စည်းများ ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်နိုင်ငံ CDC တို့နှင့် ဆက်သွယ်တောင်းခံ၍ မိမိတို့နိုင်ငံ၌ ဤရောဂါပိုးကို ဓာတ်ခွဲ အတည်ပြုစစ်ဆေးနိုင်ရေး လမ်းညွှန်မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment