Monday, January 27, 2020

ကူးစက်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း

အယ်ဒီတာ့အာဘော်
----------------------
Image may contain: text that says 'The Mirror Daily Established in 1957'
ယခုကာလအတွင်း ပြည်သူများအကြား စိုးရိမ်ဖွယ်ဖြစ်နေသည့် 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အဆိုပါရောဂါမဖြစ်ပွားသော်လည်း မဖြစ်မီက ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့် ပြည်သူများ စိတ်ချလက်ချနေနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ထိုနေ့တွင်ပင် မြန်မာနိုင်ငံရှိ နိုင်ငံ တကာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့နောက် လိုအပ်သည့် ရောဂါရှာဖွေစစ်ဆေးရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေ ထားကြောင်း သိရသည်။
ရောဂါမဖြစ်ပွားရေးအတွက် တစ်ကိုယ်ရေကျန်းမာရေးဆိုင်ရာ အလေ့ အထများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သက်ဆိုင်ရာက အသိပေးထုတ် ပြန်ထားရာ ပြည်သူများအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် လိုပေသည်။ မူလဇာစ်မြစ်မှာ တိရစ္ဆာန်မှ ကူးစက်သည်ဖြစ်၍ တိရစ္ဆာန်များ အထူးသဖြင့် ကြက်၊ ငှက်များနှင့် နီးနီးစပ်စပ်မနေရန်လိုသည်။ အသားများ ကို အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်းကိုရှောင်ကြဉ်ရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးပါက လက်ကိုဆပ်ပြာဖြင့် ဆေးကြော ရန်၊ ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ရန်၊ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ထားရန်နှင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြလျှင် ဆရာဝန်နှင့် ချက်ချင်းသွားရောက်ပြသရန် အသိပေးထားသည်။
အဆိုပါဗိုင်းရပ်စ်ပိုးမှာ တိရစ္ဆာန်များတွင် အဓိကကူးစက်လေ့ရှိပြီး လူမှလူသို့ကူးစက်သည့် အထောက်အထားအချို့ရှိသော်လည်း အတည်ပြု နိုင်ခြင်းမရှိသေးပေ။ ရောဂါပိုးသည် မျိုးစိတ်များစွာရှိကာ ဗိုင်းရပ်စ်အမျိုး အစားအပေါ်မူတည်၍ သာမန်ဖျားနာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်လေ့ရှိပြီး ရောဂါပြင်းထန်လျှင် အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါနှင့် မားစ်ရောဂါကဲ့သို့ ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးမှုအထိဖြစ်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အသိပေးထားသည်။ လတ်တလောတွင် ကာကွယ်ကုသရန်အတွက် ဆေးမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားပြီး ရောဂါ ဖြစ်ပွားမှုဇာစ်မြစ်ကို ရှာဖွေလျက်ရှိသည်။
ထိုရောဂါနှင့်ဆင်တူသော ဆားစ်ရောဂါ တရုတ်နိုင်ငံတွင် ဖြစ်ပွား ခဲ့ဖူးရာ ကြောင်ကတိုးများမှတစ်ဆင့် လူကိုကူးစက်ခံရခြင်းဖြစ်ပြီး အလားတူ မားစ်ရောဂါသည်လည်း ဆော်ဒီအာရေဗျ၌ ၂၀၁၂ ခုနှစ်တွင် ကုလားအုတ်မှ လူကိုကူးစက်ခဲ့သည်။ မည်သို့ကူးစက်သည်ဖြစ်စေ လူ့အသက်များကို အချိန်မီကာကွယ်ရန်အတွက် အရေးတကြီးလုပ်ဆောင်ရန် လိုအပ်လာ သည်။
လောလောဆယ်တွင် တိရစ္ဆာန်များမှ ကူးစက်သည်ဟုဆိုထားသဖြင့် တိရစ္ဆာန်များအား အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းကို သတိပြုရ မည်ဖြစ်သည်။ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ ကောင်းစွာ အိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံး ခြင်းနှင့် လူ၊ တိရစ္ဆာန်များ ထူထပ်သောနေရာများတွင် နှာခေါင်း၊ ပါးစပ်တို့ကို ဖုံးအုပ် ၍ သွားလာနေထိုင်ကြရမည်ဖြစ်သည့်အပြင် ကျန်းမာရေးဘက်ဆိုင်ရာ တို့က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရ မည် ဖြစ်သည်။
သို့ဖြစ်ရာ တိုးတက်ပြောင်းလဲနေသော ခေတ်ကာလတွင် ဆန်းပြားသော ကူးစက်လွယ်သည့်ရောဂါများလည်း ပေါ်ပေါက်နေပြီဖြစ်ရာ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် မိမိကိုယ်ကိုယ် ကျန်းမာရေး၊ ရောဂါဘယ မကူးစက်ရေးအတွက် သတိထားဆင်ခြင် နေထိုင်စားသောက် လုပ်ကိုင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment