Tuesday, January 14, 2020

ပြင်ဦးလွင်မြို့၌ ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ


Image may contain: 14 people, people standing
ပြင်ဦးလွင် ဇန်နဝါရီ ၁၃
ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အထက(၁)၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ ကလေးစာပေပွဲတော် စာအုပ် စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်း အနား ပထမပိုင်းအစီအစဉ်ကို ကျောင်းရှေ့ မုခ်ဦး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင် ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးထင်ကျော်နှင့် လူရည်ချွန် ကျောင်းသူ မနန်းသီရိနွယ်၊ မယဉ်မင်းကျော်၊ မလင်းလတ်ခင်တို့က ကျောင်းသား ကျောင်းသူ များနှင့်အတူ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဧည့်သည်တော်များသည် ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အထက(၁) ဧရာဝတီခန်းမ၌ ကျင်းပရာ ကျောင်းသား ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာ တွင် ကလေးစာပေပွဲတော်များကို ရည်ရွယ် ချက် သုံးရပ်ဖြင့် ကျင်းပနေခြင်းဖြစ်ပါကြောင်း၊ ပွဲတော်ဖြစ်သည်နှင့်အညီ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်စေ ရန် အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ထားပါ ကြောင်း၊ ပျော်ရွှင်မှုတွင်လည်း ရေရှည်အကျိုး ရှိမည့် ကလေးများအသိပညာတိုးပွားစေရန်၊စာအုပ်စာပေများနှင့်တွဲဖက်၍ ပျော်ရွှင်မှုဖြစ် စေရန်အတွက် စာပေနှင့်နှီးနွှယ်သည့် ကဗျာ ရွတ်ခြင်း၊ ပုံပြောခြင်း စသည့် အစီအစဉ်များ အပြင် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ပေး ထားမှုကြောင့် ပွဲတော်များမှတစ်ဆင့် ကလေး များ စာဖတ်ဝါသနာများ ရရှိသွားနိုင်ပါကြောင်း၊ စာပေနှင့် ဆက်စပ်ပတ်သက်သည့် ပတ်ဝန်းကျင် တွင် ပျော်ရွှင်သည့်ပွဲတော်တစ်ခုဖြစ်ရန် ဖန်တီး ထားခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် အများစုပေါင်း လုပ်ဆောင်ရသည့် လုပ်ငန်းများတွင် ကိုယ်တိုင် ပါဝင်ပြီး ကျေနပ်အားရပျော်ရွှင်မှုစိတ်ဓာတ်ကို ငယ်ရွယ်စဉ်ကတည်းက ရရှိသွားစေရန် လည်း ရည်ရွယ်ပါကြောင်း။
တည်ဆောက်နိုင်မည်
မိမိတို့နိုင်ငံတွင် တိုင်းရင်းသားများ စည်းလုံးညီညွတ်စေရန်နှင့် ငြိမ်းချမ်းသာယာမှု ရှိစေရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ပြင်ဦးလွင် ပန်းမြို့တော်တွင် အရောင်အသွေး စုံလင်လှပစွာ စုစည်းခင်းကျင်းပြသထားသည့် ပန်းပွဲတော်ကြီးကို ကြည်နူးစွာမြင်တွေ့ရ သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း တိုင်းရင်းသား အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိမည် ဆိုပါက သာယာဝပြောသောနိုင်ငံတော် သစ်ကြီး တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အများနှင့်အတူတကွတွဲဖက်၍ လုပ်ဆောင်တတ်သည့်စိတ်ဓာတ်များ ငယ်ရွယ် စဉ်ကတည်းက ကိန်းအောင်းသွားစေရန် လိုအပ်သည်ဟု မြင်ပါကြောင်း။
ကလေးစာပေပွဲတော်များကို ဆောင်ရွက် ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ဖြင့်သာ လုပ်ဆောင်၍မရဘဲ သက်ဆိုင်ရာနေရာဒေသများရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရသည့် အပြင် သက်ဆိုင်ရာ မြို့မိမြို့ဖများ ပူးပေါင်းပါဝင် ပံ့ပိုးမှုများဖြင့် စုပေါင်း၍ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ဖြစ်စေရန် စီစဉ်ကျင်းပနေခြင်းဖြစ်ပါကြောင်း၊ ယခု ပြင်ဦးလွင်မြို့၌ ကျင်းပသည့် ကလေးစာပေပွဲတော်တွင် မြို့မိ မြို့ဖများအပြင် ကျောင်းသားဟောင်းများ လည်း စိတ်အားထက်သန်စွာဖြင့် ပါဝင်ဆောင် ရွက်ကြသည်ကို တွေ့မြင်ရသဖြင့် လွန်စွာ ဝမ်းမြောက်မိပါကြောင်း၊ ပွဲတော်များ ကျင်းပ နိုင်မှုကြောင့် လူတော်လူကောင်းများဖြစ်လာပြီး ၎င်းတို့ကြီးပြင်းလာသည့်အခါ နိုင်ငံတော်အတွက် ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်လာ ကြမည်ဖြစ်ပါကြောင်း။
စီစဉ်ကျင်းပပေးလျက်ရှိ
နိုင်ငံသားကောင်း အများအပြားရှိပါက တိုင်းပြည်အင်အားရှိမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရှိ ကလေးငယ်များကို ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကလေးစာပေပွဲတော် များအပြင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များ လည်း စီစဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကလေးစာပေပွဲတော်များ ကျင်းပ ခြင်းသည် အနာဂတ်နိုင်ငံတော်ကြီး တောင့်တင်း ခိုင်မာပြီး အင်အားရှိသော တိုင်းပြည်ဖြစ်စေရန် ရည်ရွယ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော် အတွက် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ပြီး ပျော်ရွှင်မှုရရှိစေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ထိုကဲ့သို့ အစဉ်အလာကောင်းများ ဖြစ်လာစေရန် ထူထောင်ပေးနိုင်ကြပါစေကြောင်း ပြောကြား သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင် ဌေးက ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော် ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပရ ခြင်းရည်ရွယ်ချက် သုံးရပ်ကို ကောင်းမွန်သည့် အစဉ်အလာအဖြစ် စုပေါင်းလက်တွဲ၍ ဝိုင်းဝန်း ဆောင်ရွက်ကြမည်ဆိုပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တွင် စွမ်းအားတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း၊ ကလေးစာပေပွဲတော်များ မှတစ်ဆင့် အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုထိုက်သော၊ စွမ်းအားရှိ သော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေ ရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ကိုက်ညီမှုရှိ
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင် က ယခုကျင်းပနေသည့် ကလေးစာပေပွဲတော် များ၏ ရည်ရွယ်ချက်သည် လက်ရှိပညာရေး စနစ်သစ်၏ သင်ရိုးသစ်ပါ သင်ခန်းစာများနှင့် လည်း ကိုက်ညီမှုရှိနေပါကြောင်း၊ ပညာရေး စနစ်သစ်တွင် ပူးပေါင်းလုပ်ဆောင်တတ်မှု၊ တီထွင်ကြံဆမှုများကို စာသင်ခန်းများအတွင်း မှာပင် ပျော်ရွှင်စွာဖြင့် လေ့ကျင့်သင်ကြားပေး ခြင်းဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များ သည် ပညာရေးစနစ်သစ်အတွက် ရင်းနှီးမြှုပ်နှံ မှုတစ်ခုဟု ဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် ကလေးစာပေပွဲတော်များ ဖြစ်မြောက်ရေး ဦးဆောင်ကျင်းပပေးသည့် ပြန်ကြားရေး ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် နောင်ခမ်းကြီးကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက ပန်းကမ္ဘာမျှော်စင် သီချင်းဖြင့်လည်းကောင်း၊ ဟိန်းထက်လျံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စည်းလုံးစို့လေ သွေးချင်းတို့ မြေ သီချင်းဖြင့်လည်းကောင်း၊ အလက(၁)/ အထက(ခွဲ)မှ ကျောင်းသား ကျောင်းသူများက ရှမ်းရိုးမက အိုးစည်သံသီချင်းဖြင့်လည်း ကောင်း၊ ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက နာဂတို့ရဲ့အိုးလေးသီချင်းဖြင့်လည်းကောင်း၊ စနိုးကွင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဦးရွှေရိုးနှင့်ဒေါ်မိုးသီချင်းဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေကြသည်။
လှည့်လည်ကြည့်ရှုအားပေး
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများ သည် ကလေးစာပေပွဲတော်အတွင်း ကျင်းပ လျက်ရှိသည့် ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ကချင်၊ ချင်း၊ ရှမ်းနှင့် လီဆူတိုင်းရင်းသား ဘာသာစကားများ ပါဝင်ကျင်းပသည့် ကဗျာ ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံး ပြိုင်ပွဲနှင့် စုပေါင်းအားကစားပြိုင်ပွဲများ၊ စာပေ ဟောပြောပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာပြခန်းများနှင့် ရတနာပုံဆိုက်ဘာ စီးတီးတက္ကသိုလ်ဆိုင်ရာပြခန်း၊ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများပြခန်း၊အသင်းအဖွဲ့ဆိုင်ရာ ပြခန်းများနှင့် စာအုပ် အရောင်းဆိုင်များ၊ စတုဒိသာကျွေးမွေးမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ကလေးစာပေပွဲတော်များကို ၂၀၁၆ ခုနှစ် မှစ၍ နိုင်ငံတော်အဆင့်၊ ခရိုင်အဆင့်နှင့် ဒေသ အစီအစဉ်တို့ဖြင့် ကျင်းပခဲ့ရာ ယနေ့အထိ နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော် (၉)ကြိမ်နှင့် ခရိုင်အဆင့် ကလေးစာပေပွဲတော် (၄၅)ကြိမ်၊ ဒေသအစီအစဉ်ဖြင့် ကလေးစာပေ ပွဲတော် (၃၁)ကြိမ် စုစုပေါင်း (၈၅)ကြိမ် ကျင်းပ နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင် နိုင်ငံတော် အဆင့် ကလေးစာပေပွဲတော်များကို တိုင်း ဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်သည့် မြို့ကြီး များဖြစ်သည့် လွိုင်ကော်၊ ဘားအံနှင့် ထားဝယ် မြို့တို့တွင် ကျင်းပနိုင်ရန်နှင့် ခရိုင်အဆင့် ကလေးစာပေပွဲတော်များကို ဖာပွန်၊ ဂန့်ဂေါနှင့် ဖားကန့်မြို့များတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဒေသအစီအစဉ် ဖြင့် ကလေးစာပေပွဲတော်များကို ဧရာဝတီ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ၎င်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်၂၆ ခုတွင် ယခုနှစ် အတွင်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၁၆ မြို့နယ်တွင် ကျင်းပပြီးစီးခဲ့ပြီး မြန်အောင်၊ ညောင်တုန်း၊ ရေကြည်၊ ကြံခင်း၊ ဘိုကလေး၊ ငပုတော၊ ဟင်္သာတ၊ မအူပင်၊ ကန်ကြီးထောင့်နှင့် ဖျာပုံမြို့တို့တွင် ကျင်းပ ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment