Tuesday, January 14, 2020

စုပေါင်းညီညာ အောင်ကြောင်းအဖြာဖြာ

အယ်ဒီတာ့အာဘော်
------------------------
Image may contain: text that says 'The Mirror Daily Established in 1957'

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်လာရေးအတွက် အရေးပါသောအခြေခံလုပ်ငန်းမှာ မိမိတို့ ရပ်ရွာဒေသအတွင်း ကောင်းသောအမှုကိစ္စအဖြာဖြာတို့ကို ဘာသာ၊ လူမျိုး မခွဲခြားဘဲ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိရှိ ပူးပေါင်းလုပ်ဆောင်နိုင် ခြင်းပင် ဖြစ်သည်။
အိမ်ထောင်စုများ စုပေါင်းနေထိုင်ကြသဖြင့် ရပ်ရွာတို့ပေါ်ပေါက် လာသည်။ ရပ်ရွာတို့စုပေါင်းဖွဲ့စည်းလိုက်သဖြင့် မြို့၊ ခရိုင်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်တို့၊ နိုင်ငံတို့ ပေါ်ပေါက်လာရသည်။ ထိုနိုင်ငံတော်ကြီး အေးချမ်းသာယာပျော်ရွှင်ဖွယ်ကောင်းပြီး ဖွံ့ဖြိုးတိုးတက်လာရေးမှာ ရပ်ရွာ ဒေသများတွင် စည်းလုံးညီညွတ်စွာဖြင့် ကောင်းသောအမှုများကို နားလည်မှု ရှိရှိဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးဖြစ်သည်။
လူမှုဘဝတည်ဆောက်မှုအရ၊ ဆိုင်ရာဆိုင်ရာ ဘာသာတရားအရ ကောင်းသောအမှုတို့ကို ပြုလုပ်ခြင်းသည် ယခုဘဝပစ္စက္ခတွင် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာမှုတို့ကို ရရှိနိုင်သည်။ နောင်သံသရာဘဝများတွင် လည်း ဆိုင်ရာဆိုင်ရာအထက်တန်းကျသော ဘဝသမ္ပတ္တိသုခကို ရရှိနိုင် သည်။ ထုံးစံအစဉ်အလာအရ ကောင်းသောအမှုကိုပြုလုပ်ခြင်းသည် အဖိုးတန် လှပေသည်။ ထိုသို့အဖိုးတန်သောဘဝများကို လူတိုင်းလူတိုင်း ခံစားနိုင်ရေး အတွက် အသိမှန်၊ အလုပ်မှန်ဖြစ်လာစေရန် မိမိတို့ရပ်ရွာအတွင်း၌ ကောင်းသောအသင်းအပင်းများဖြင့် စုစည်းကာပြုလုပ်ကြရမည် ဖြစ်သည်။
မြတ်စွာဘုရားရှင်က ပုဂ္ဂိုလ်လေးမျိုးကို ဟောပြတော်မူသည်။ ဘာသာ တရား၏ ညွှန်ပြမှုအရ ကောင်းသောအမှုများကိုပြုလုပ်လေ့ရှိပြီး သူတစ်ပါး ကိုလည်း ဟောပြောပြသစည်းရုံးမှု မပြုသူ၊ ကိုယ်တိုင်ကမူ ကောင်းမှုမပြုဘဲ သူတစ်ပါးကိုသာ တိုက်တွန်းနှိုးဆော်တတ်သူ၊ ကိုယ်တိုင်လည်းကောင်းမှုမပြု၊ သူတစ်ပါးကိုလည်း တိုက်တွန်းခြင်းမပြုသူနှင့် မိမိကိုယ်တိုင်ကောင်းသော အမှုများကို စေတနာပါပါပြုလုပ်ပြီး အခြားသူများကိုလည်း မိမိကဲ့သို့ပင် ကောင်းသောအမှုများကို ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်တတ်သူ ဖြစ်သည်။
ထိုပုဂ္ဂိုလ်လေးမျိုးတို့၏ စိတ်နေစိတ်ထားနှင့် ဆောင်ရွက်ချက်များကွဲပြားမှုကြောင့် လောကအလယ်တွင် လူတန်းစားလေးမျိုးပေါ်ပေါက်လာ သည်။ ဤဒေသနာကိုကြည့်ပါက မိမိကိုယ်တိုင် ကောင်းသောအမှုများကို ပြုလုပ်လေ့ရှိပြီး သူတစ်ပါးကိုလည်း မိမိကဲ့သို့ ပြုလုပ်ရန် တိုက်တွန်းနှိုးဆော် စည်းရုံးဦးဆောင်သူနှင့် သူ၏ပတ်ဝန်းကျင်ရှိလူအများမှာ အေးချမ်းသာယာ စိတ်ချမ်းမြေ့မှုအပေါင်းနှင့်ပြည့်စုံကာ ဥစ္စာပစ္စည်းပေါများခြင်းနှင့် ကိုယ်စိတ် နှစ်ပါးချမ်းသာခြင်းတို့ ပြည့်စုံနိုင်သည်။ ကိုယ်တိုင်လည်း ကောင်းသောအမှု ကိုမပြု၊ သူတစ်ပါးကိုလည်း တိုက်တွန်းခြင်းမပြုသည့်အပြင် မကောင်းမှု များကို ပြုလုပ်ကြရန် စည်းရုံးလုပ်ကိုင်ကြသောနယ်ပယ်များတွင် ဒုက္ခဆင်းရဲ ရောက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
ရပ်ရွာကောင်းကျိုးကို ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရည်ရွယ် ချက် နှစ်မျိုး ရှိသည်။ မိမိရပ်ရွာရှိလူအများအနေဖြင့် သံသရာတစ်လျှောက် ဘဝသမ္ပတ္တိပြည့်စုံစေရန်နှင့် ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့ စည်းလုံး ချစ်ကြည်မှု တိုးတက်ကောင်းမွန်စေရန် ဖြစ်သည်။ ထိုရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုသားအသင်းအဖွဲ့အပေါင်းတို့သည် စည်းရုံးစုပေါင်းကြကာ အမျိုး၊ ဘာသာ၊ နိုင်ငံတော်အတွက် ဆောင်ရွက်ကြရသည်။ လူတိုင်းလူတိုင်း ဝမ်းရေးအတွက် အချိန်ပြည့် ကြိုးစားရုန်းကန်နေရသည့်ကြားကပင် ကောင်းသောအမှုများကို ပြုလုပ်ကြခြင်းဖြင့် ရပ်ရွာအကျိုးကို သယ်ပိုး ဆောင်ရွက်ကြရမည် ဖြစ်သည်။
အမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့် လောက၌ ငြိမ်းချမ်း သာယာမှုကို မရနိုင်။ ထိုသို့မရနိုင်ကြောင်းကို သိပ္ပံပညာထွန်းကားသော ကမ္ဘာလောကကြီးအတွင်းမှ အဖြစ်အပျက်များက သက်သေပြလျက်ရှိသည်။ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့်လည်း လောက၌ ငြိမ်းချမ်းသာယာမှု အပေါင်း ကို မရနိုင်ကြောင်းကို ဤလောက၌ပင် သက်သေပြလျက်ရှိသည်။ သို့ရာတွင် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြည့်စုံမှုဖြင့်ကား လောက၌ ငြိမ်းချမ်းသာယာ မှုကို ရရှိနိုင်သည်။ သို့ဖြစ်ရာ လောကဓမ္မ နှစ်ဌာနအကျိုးကို ပြီးစေသော ကောင်းသောအမှု၊ ကောင်းသောအလုပ်တို့ကို မြန်မာနိုင်ငံသူ နိုင်ငံသားများ အားသွန်ခွန်စိုက် ကြိုးပမ်းအပ်ပါကြောင်း။ ။

No comments:

Post a Comment