Wednesday, January 22, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နန်းယွန်းမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

Image may contain: 9 people, people standing and outdoor

ဟုမ္မလင်း ဇန်နဝါရီ ၂၁
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ များ၊ မြို့မိမြိုဖများ၊ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများက ခန္တီးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
ရောက်ရှိ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ခန္တီးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက် သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နန်းယွန်း မြို့နယ် စုပေါင်းရုံးခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။
အထူးအလေးထား
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဓိက အရေးကြီးတဲ့ကိစ္စတစ်ခုက လမ်းပန်း ဆက်သွယ်ရေးပဲ ဖြစ်ပါတယ်။ တစ်နေရာနဲ့တစ်နေရာ ချောချော မွေ့မွေ့ လွယ်လွယ်ကူကူ သွားနိုင် လာနိုင်မှသာလျှင် ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ပါ။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ဒီလို ဝေးလံခေါင်သီတဲ့ ဒေသတွေရဲ့ လမ်းပန်းဆက်သွယ်ရေးကို အထူး အလေးထားပါတယ်။ ကျွန်မနားလည် သလောက်က ဒီဒေသကို မိုးတွင်းမှာ လာမယ်ဆိုရင် အခက်အခဲတွေ အများ ကြီးရှိပါတယ်။ ဒါကြောင့်မို့ ရာသီစုံ လမ်းတွေဟာ အဓိကကျတယ်ဆိုတာ ကို နားလည်ပါတယ်။
ဒါပေမယ့် ဒါဟာ ဒီဒေသတင်မဟုတ် ပါဘူး၊ တစ်နိုင်ငံလုံးမှာ ဖြစ်နေတာကို ကျွန်မတို့တွေ့ခဲ့ရပါတယ်။ ဘယ်နေရာ သွားသွား လမ်းပန်းဆက်သွယ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့လို မုတ်သုံရာသီကို ရင်ဆိုင် နေရတဲ့ နိုင်ငံအတွက်ဆိုရင် အထူး သဖြင့် မိုးတွင်းမှာ မိုးဒဏ်ခံနိုင်မယ့်လမ်းတွေရှိဖို့ဟာ ကျွန်မတို့ ပြည်သူ ပြည်သားတွေအတွက် အဓိကလိုအပ် ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလိုအပ် ချက်ကိုလည်း ကျွန်မတို့အနေနဲ့ ဖြည့်ဆည်းပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။
အခု သုံး၊ လေးနှစ်အတွင်းမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးဟာ အင်မတန် တိုးတက်လာတယ်ဆိုပေမယ့်လည်းလိုအပ်တာတွေလည်း အများကြီးရှိပါ သေးတယ်။ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်တာနဲ့အမျှ ကျွန်မတို့ ပြည်သူ လူထုရဲ့ဘဝတွေ ပိုပြီးအေးချမ်းအောင်၊ ပိုပြီးသာယာအောင် လုပ်သွားဖို့က အင်မတန်မှ အရေးကြီးပါတယ်။
ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ ပြည်သူလူထုတွေက အဓိကပါပဲ။ ပြည်သူလူထုတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု မရှိရင်၊ ပြည်သူလူထုတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုမရှိရင် ဘယ်နိုင်ငံမှ ရေရှည်တည်တံ့ခိုင်မြဲတဲ့တိုးတက်မှုကိုရနိုင်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက် တယ်ဆိုတာကို ကျွန်မတို့က ဘာကို ကြည့်ပြီး တိုင်းတာသလဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ အားအနည်းဆုံး၊ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံး ပုဂ္ဂိုလ်တွေရဲ့အဆင့်ကိုကြည့်ပြီး နိုင်ငံ တစ်နိုင်ငံဟာ ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာကို ဆုံးဖြတ်ရပါ တယ်။ နိုင်ငံမှာ အကြွယ်ဝဆုံး၊ အခြေ အနေအကောင်းဆုံး၊ အင်အားအများ ဆုံး၊ အခွင့်အရေးအများဆုံး လူတွေကို ကြည့်ပြီး နိုင်ငံက ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာကို သုံးသပ်လို့မရ ပါဘူး။
ကျွန်မတို့နိုင်ငံရဲ့ ဒေသအခြေအနေတွေနဲ့ကြည့်လိုက်မယ်ဆိုရင် ဝေးလံ ခေါင်သီတဲ့ဒေသတွေမှာ နန်းယွန်းလို အင်မတန်မှ သွားလာရေးခက်ခဲတဲ့ ဒေသတွေမှာ ပြည်သူတွေရဲ့ဘဝတွေ ဟာ ဘယ်လောက်တိုးတက်သလဲဆိုတာကြည့်ပြီးမှ ကျွန်မတို့နိုင်ငံ ဘယ်လောက်တိုးတက်သလဲဆိုတာ ကို ကျွန်မတို့ ဆုံးဖြတ်နိုင်မှာပါ။ ဒီလို နေရာတွေမှာ တိုးတက်ဖို့ အများကြီး လိုသေးတယ်ဆိုတာကို ကျွန်မတို့ရဲ့ ဒေသခံပြည်သူတွေ အသိဆုံးဖြစ်ပါ လိမ့်မယ်။
ကျွန်မဒီကိုလာတဲ့အချိန်တိုအတွင်း မှာ ကျွန်မသတိပြုမိတာက လမ်းမှာ ကျောင်းသားတွေအများကြီး တွေ့ခဲ့ရ ပါတယ်။ ဒါကျွန်မတို့နိုင်ငံအတွက် အင်မတန်မှကောင်းတဲ့ လက္ခဏာပါ။ ကျောင်းသား ကျောင်းသူတွေဆိုတာကျွန်မတို့နိုင်ငံပညာရေးရဲ့ အနာဂတ် ကို လမ်းညွှန်ပြနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းတွေ ဖွံ့ဖြိုးတိုးတက် ဖို့ လိုပါတယ်။ ဒီကျောင်းတွေရှိရုံတင် မကဘူး၊ ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေ ရှိဖို့လိုတယ်။ ကျောင်းသား ကျောင်းသူတွေရှိရုံတင် မကဘူး၊ ဒီကျောင်းသား ကျောင်းသူ တွေကို အဆင့်မြင့်တဲ့ပညာပေးနိုင်ဖို့ လိုပါတယ်။
အဲဒီတော့ အဆင့်မြင့်တဲ့ပညာ ဆိုတာဘာလဲလို့မေးရင်၊ ကျွန်မအမြဲပဲ ရိုးရိုးသားသား ရှင်းပြပါတယ်။ ပညာ ဆိုတာက ကျွန်မတို့ဘဝမှာ တွေ့ကြုံ ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကို ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိဖို့ အတွက် သင်ပေးတာဖြစ်ပါတယ်။ စာအုပ်ကြီးထဲမှာပဲ စာအုပ်ထဲကနေ အချက်အလက်တွေသိပြီး တကယ့် ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ ကို ကျော်လွှားနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုရင် ပညာတတ်လို့ခေါ်ဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။
ပညာတတ်တွေဖြစ်စေချင်
ဒါကြောင့် ကျွန်မတို့နိုင်ငံမှာ ပညာ တတ်တွေ ပေါများစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ပညာတတ်တွေဆိုတာ တချို့တွေ မြင်သလို ဘွဲ့ရထားတဲ့သူတွေကို ဆိုလို တာ မဟုတ်ပါဘူး။ တက္ကသိုလ်က ဘွဲ့ရ ထားပြီး ကိုယ့်ဘဝကို ကိုယ်မကျောင်း နိုင်တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ဒါဟာ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေက အဓိကပါ။ ပညာ ရေးစနစ်ဆိုတာ ပထမဦးဆုံး ကျွန်မတို့ နိုင်ငံတစ်နိုင်ငံရဲ့ လိုအပ်ချက်ကို ကြည့်ရပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လိုအပ်ချက်မတူပါဘူး။ အင်မတန်မှ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေ ကိုကြည့်ပြီး အဲဒီနိုင်ငံတွေအတိုင်း ဖြစ်စေချင်တယ်ဆိုရင် ကျွန်မတို့နိုင်ငံ အတွက် သင့်တော်ချင်မှ သင့်တော်မှာ ပါ။ နောက်တစ်ခုက ကျွန်မခဏခဏ ပြည်သူတွေ စိတ်ဓာတ်တက်ကြွ အောင်၊ စိတ်အားမငယ်အောင်လို့ သတိပေးပါတယ်။ ကျွန်မတို့နိုင်ငံလိုဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့နိုင်ငံ တွေ၊ အခုမှစပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတဲ့နိုင်ငံတွေ၊ ဒီနိုင်ငံတွေ မှာ အားသာချက်တစ်ခုရှိပါတယ်။ ရှေ့ကသွားတဲ့နိုင်ငံကြီးတွေက ဘာ အမှားတွေဖြစ်ခဲ့သလဲဆိုတာ လေ့လာ လို့ရတယ်။ ဒီမှားယွင်းမှုတွေကို ကျွန်မတို့ရှောင်ကြဉ်လို့ရတယ်။ ကျွန်မ တို့မှာ အဲဒီအခွင့်အရေးရပါတယ်။
ရှေ့ကတက်သွားတဲ့သူတွေက သူတို့ အမှားတွေကို ရှောင်ကြဉ်ပိုင်ခွင့်မရှိခဲ့ ဘူး။ ဥပမာ ရေရှည်စီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ခြင်းဖြင့် ရေရှည် မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိ မလဲဆိုတာကို ရှေ့ကသွားတဲ့သူတွေက မသိကြဘူး။ ကျွန်မတို့ ခရီးတစ်ခုသွား သလိုပေါ့။ အရှေ့က ခရီးသွားတဲ့သူတွေ က ခလုတ်တိုက်မယ်၊ လမ်းတွေပိတ်နေ တာနဲ့ကြုံတွေ့ရမယ်၊ သဘာဝ ဘေးအန္တရာယ်တွေ စသည်ဖြင့် ကြုံတွေ့ရမယ်။ နောက်ကလာတဲ့ သူတွေက ရှေ့ကသူတွေဘယ်လို အန္တရာယ်တွေကြုံတွေ့ရလဲဆိုတာ တွေ့တဲ့အခါကျတော့ ကျွန်မတို့ကိုယ် ကျွန်မတို့ ကာကွယ်နိုင်တဲ့နည်းတွေကို စဉ်းစားလို့ရပါတယ်။
ဒီအတိုင်းပါပဲ ကျွန်မတို့ နန်းယွန်း ကို ရဟတ်ယာဉ်နဲ့ လာတဲ့အခါမှာ အောက်ကိုကြည့်လိုက်တဲ့အခါ ရွှေတူး နေတဲ့နေရာတွေကို တွေ့ရပါတယ်။ဒီလိုရွှေတူးတဲ့နေရာတွေမှာ တချို့ တွေက ဥပဒေဘောင်အတွင်းက မဟုတ်ဘဲ စည်းကမ်းမဲ့ ရွှေတူးတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက် အထိ ထိခိုက်သွားလဲဆိုတာကို ကျွန်မ တို့ မျက်ဝါးထင်ထင် မြင်ရပါတယ်။ မြေပြင်ကနေကြည့်တာထက် အပေါ် ကနေကြည့်လိုက်ရင် ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကို အင်မတန်မှ ရှင်းရှင်း လင်းလင်း မြင်ရပါတယ်။ ဒီလိုအပေါ်က နေကြည့်ပိုင်ခွင့်က လူတိုင်းရှိတာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မ နည်းနည်းလေး မျှဝေပြီးပြောပါရစေ။
သွားရေး၊ လာရေး ခက်ခဲ
ကျွန်မတို့ အပေါ်ကနေကြည့်လိုက် လို့ရှိရင် ဒီဒေသဟာ တောတောင်တွေ အင်မတန်မှ ထူထပ်ပါတယ်။ ဟိုးတုန်း က တောတောင်ကြီးတွေဟာ မပျက် မစီး အခုထက်ထိရှိနေတာကို ကျွန်မ တို့ တွေ့ရပါတယ်။ ဒီဟာက တစ်ဖက် ကနေကြည့်လို့ရှိရင် ဒါအားနည်းချက် လို့ ကျွန်မတို့မြင်လို့ရပါတယ်။ ကျွန်မ တို့ရဲ့ သဘာဝသယံဇာတကြွယ်ဝမှု တစ်ခုလို့မြင်လို့ရပေမယ့် တစ်ဖက် ကနေကြည့်လိုက်လို့ရှိရင် ဒီလို တောတောင်တွေ ထူထပ်တာကြောင့် မို့လို့ ကျွန်မတို့ရဲ့ပြည်သူလူထုအတွက် သွားရေး၊ လာရေး ခက်ခဲပါတယ်။ အသက်မွေးဝမ်းကျောင်းဖို့ ခက်ခဲမှု တွေရှိမယ်လို့ ကျွန်မတို့ ခန့်မှန်းလို့ရပါ တယ်။
တစ်ဖက်ကနေပြီး ဒီလိုတရားမဝင် ရွှေတူးထားလို့ ပတ်ဝန်းကျင် ပျက်စီး နေတာကို ကြည့်လိုက်တဲ့အခါ တရား မဝင်ရွှေတူးတဲ့သူတွေက ဥပဒေကို ချိုးဖောက်လို့ ကျွန်မတို့အနေနဲ့ ဒါကို ဘယ်လိုမှ အားမပေးနိုင်ဘူး။ သို့သော် ငြားလည်း ကျွန်မတို့ရဲ့ ပြည်သူများ ဟာ ချို့တဲ့လို့ ဒီလိုအလုပ်တွေ လုပ်ရ တယ်ဆိုတာကို ကျွန်မတို့ နားလည် ပါတယ်။ ဒါကြောင့်မို့ ဒီလိုတရားမဝင် တဲ့အလုပ်တွေ လုပ်ဖို့မလိုအောင်လို့ ကျွန်မတို့ရဲ့နိုင်ငံကို ဖန်တီးပေးရပါမယ်။
ဖန်တီးပေးတယ်ဆိုတာ အစိုးရ တစ်ခုတည်းက ဖန်တီးလို့မရပါဘူး။ ဒါကို ကျွန်မသတိပေးပါရစေ။ အခု နန်းယွန်းလို နေရာမျိုးမှာတောင်မှ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နဲ့ အင်မတန်မှဝေးတဲ့ နေရာမှာရှိတဲ့ ပြည်သူ ပြည်သားတွေ တောင်မှ ကျွန်မတို့နိုင်ငံရဲ့ကံကြမ္မာကိုဖန်တီးတဲ့နေရာမှာ အရေးပါတယ် ဆိုတာ ကျွန်မသတိပေးချင်ပါတယ်။တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ဟာ နိုင်ငံအတွက် အရေးပါပါတယ်။နိုင်ငံရဲ့အင်အားဆိုတာဟာ တစ်ယောက် ချင်း၊တစ်ယောက်ချင်းရဲ့အင်အားနဲ့စုထားတာပါ။
ကျွန်မတို့နိုင်ငံမှာ ပြည်သူသန်း ၅၀ ကျော် ရှိပါတယ်။ သန်း ၅၀ ကျော်က ဘယ်ကစသလဲ၊ တစ်ယောက်ကပဲ စရတာပဲ။ စပြီးရေရင် တစ်ကပဲစပြီး ရေရတာပဲ။ တစ်ကစပြီးမရေဘဲနဲ့ ဘယ်လိုလုပ်မှ ကျွန်မတို့ ဆက်ပြီးသွား လို့မရဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ နန်းယွန်းက ပြည်သူ ပြည်သားတွေဟာ ကျွန်မတို့နိုင်ငံအတွက် အရေးပါတယ် ဆိုတာကို နှလုံးသွင်းစေချင်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစေချင်တယ်။ ကျွန်မတို့က တန်ဖိုးထားတယ်။ ပြည်သူ ပြည်သား တွေ တစ်ယောက်ချင်း၊ တစ်ယောက် ချင်းကို ကျွန်မတို့ တန်ဖိုးထားပါတယ်။ ဒီလိုတစ်ယောက်ချင်း၊ တစ်ယောက် ချင်းကို တန်ဖိုးထားလို့ ကျွန်မတို့ ကျန်းမာရေးနဲ့ ပညာရေးကို အဓိက ဦးစားပေးပြီးလုပ်နေတာ ဖြစ်ပါတယ်။
မိခင်တွေကို သတိပေးချင်
ကျန်းမာရေးဆိုတာက ရုပ်ပိုင်း ဆိုင်ရာ ကျွန်မတို့ပြည်သူ ပြည်သား များအားလုံး ကျန်းကျန်းမာမာ ခိုင်ခိုင် ခံ့ခံ့ရှိအောင်လို့၊ ကျန်းမာရေး မကောင်း လို့ရှိရင် ဘာမှလုပ်လို့မလွယ်ပါဘူး။ ကိုယ်က အိပ်ရာပေါ်မှာ လဲနေမယ် ဆိုရင် ဘယ်လောက်ပဲ ပညာရှိရှိ၊ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ဒီအရည်အချင်းတွေကို သုံးလို့မရပါ ဘူး။ အဲဒါက ရုပ်ပိုင်းဆိုင်ရာပါ။ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကြုံတုန်း ကျွန်မတို့ရဲ့ မိခင်တွေကို သတိပေးချင်ပါတယ်။ ကိုယ့်သားသမီး တွေရဲ့ ရှေ့အနာဂတ်အတွက် ကျန်းမာ ရေးဆိုတာဟာ မိခင်ဝမ်းထဲမှာ ရှိကတည်းက စတယ်ဆိုတာကို သတိ ပေးချင်ပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့ကနေပြီး ကျွန်မတို့ရဲ့ ပြည်သူပြည်သား မိခင် တွေကို ကိုယ်ဝန်ဆောင်ကနေပြီး ကလေးအသက် နှစ်နှစ်ရှိတဲ့အထိ အထူးပံ့ပိုးမှုတွေ လုပ်ပေးနေတာပါ။ ဘာဖြစ်လို့ ကျွန်မ ဒါကိုပြောရလဲဆိုရင် ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်မှာ ကလေးရဲ့ ကျန်းမာရေးအတွက် ရုပ်ပိုင်း ဆိုင်ရာရော၊ ဦးနှောက်ပိုင်းဆိုင်ရာရောဖွံ့ဖြိုးရေးအတွက် မိခင်ကိုစောင့်ရှောက် ရပါတယ်။ ဒီကလေးကို ဖွားမြင်ပြီးတဲ့ အခါမှာလည်း အသက်နှစ်နှစ်အထိ ကျွန်မတို့ စောင့်ရှောက်ဖို့ သိပ်အရေး ကြီးပါတယ်။
ကျန်းမာရေးအရစောင့်ရှောက်ဖို့
ဘာဖြစ်လို့လဲဆိုတော့ ကလေးရဲ့ ပထမဦးဆုံး အသက်နှစ်နှစ်အတွင်းမှာ ဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အင်မတန်မှ အရေးကြီးတဲ့အချိန်ဖြစ်ပါ တယ်။ ဒီအသက်နှစ်နှစ်အောက် ကလေးတွေဟာ အာဟာရသိပ်ပြီး ချို့တဲ့တယ်ဆိုရင် ဦးနှောက်ဟာ ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးပါဘူး။ ဒါကြောင့် ကျွန်မတို့က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ နှစ်ခုစလုံးကို စဉ်းစားပြီး ကျွန်မတို့ကလေးတွေကို မိခင်ဝမ်းထဲ ကနေစပြီး အသက်နှစ်နှစ်ပြည့်တဲ့အထိ အထူးပံ့ပိုးဖို့၊ ထောက်ပံ့ဖို့၊ ကျန်းမာရေး အရ စောင့်ရှောက်ဖို့ ကျွန်မတို့ စီစဉ် ထားပါတယ်။
ကျွန်မတို့ခရီးစဉ်မှာ ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်တိုင် ပါလာပါတယ်။ ဒီလိုနေရာ တွေမှာ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲ၊ ကျွန်မတို့ ဘာတွေ လုပ်ပေးဖို့လိုသလဲဆိုတာကို ကျွန်မတို့ သိချင်လို့ဖြစ်ပါတယ်။ အဲဒီတော့ ကျန်းမာတဲ့ကလေးတွေဖြစ်ပြီဆိုရင် ဒီကလေးတွေကို ပညာတတ်အောင်လို့ ကျွန်မတို့သင်ပေးရပါမယ်။ နိုင်ငံ တစ်နိုင်ငံမှာ ပညာရှိများတယ်ဆိုရင် ဒီနိုင်ငံရဲ့ ခံနိုင်ရည်စွမ်းအားဟာ အင်မတန်မှများပါတယ်။ ကျွန်မ မကြာ ခဏကြုံတဲ့အခါ ပြောရပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ကာကွယ်ရေး ပထမဆုံး ရှေ့တန်းဆိုတာ သံတမန်ရေးရာပဲလို့ကျွန်မပြောပါတယ်။ သံတမန်ရေးရာ ဆိုတာ ဘာလဲဆိုတော့ ကမ္ဘာကြီးနဲ့ ဆက်ဆံတဲ့အခါမှာ ပညာအရည်အချင်း ကိုသုံးပြီး ကျွန်မတို့နိုင်ငံကို ကာကွယ် တာပါ။ ဒါကြောင့် ကျွန်မတို့ပညာတတ် တွေ အများကြီးလိုတယ်။ အတွေး အခေါ်ရှိတဲ့သူတွေလိုတယ်။ အတွေး အခေါ်နဲ့အတူတူ တစ်ချိန်တည်းမှာပဲလုပ်တတ်ကိုင်တတ်တဲ့ လူတွေလည်း လိုပါတယ်။

ဒါကြောင့် ကျွန်မတို့ပညာရေး ဘက်မှာဆိုရင် အသက်မွေးဝမ်းကျောင်း ပညာကို အင်မတန်မှ အားပေးပါ တယ်။ အဲဒီဟာကလည်း ကျွန်မတို့ နိုင်ငံမှာ ဒီလို ခေတ်မီတဲ့အတွေးတွေ တွေးနိုင်ဖို့အတွက် အခွင့်အရေးရဖို့ ဖြစ်ပါတယ်။ ကမ္ဘာကြီးကိုကြည့်လိုက် မယ်ဆိုရင် တော်တော်ဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံများမှာဆိုရင် ပညာရေးစနစ် မမှန်ကန်ခဲ့လို့ အခုပြဿနာတွေရှိနေပါ တယ်။ မမှန်ကန်ခဲ့တာတစ်ခုက ဘာလဲ ဆိုတော့ တက္ကသိုလ်ပညာရေးကို ဦးစားပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရေးကို အရေးမကြီးဘူးဆိုပြီးဘေးဖယ်ထားတဲ့နိုင်ငံတွေဟာ အခုမှ ပြဿနာဖြစ်နေမှန်း သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ဘွဲ့ရ တွေ၊ အလုပ်လက်မဲ့ဘွဲ့ရတွေဆိုတာကျွန်မတို့နိုင်ငံမှာတင် ရှိတာမဟုတ်ပါ ဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တော်များများမှာရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တက္ကသိုလ်ဘွဲ့တွေနဲ့ အခုခေတ်ကမ္ဘာကြီးရဲ့ လိုအပ်ချက် တွေနဲ့က မကိုက်ညီပါဘူး။ ဒါကြောင့် ဒီကမ္ဘာကြီးမှာ တကယ်ဖွံ့ဖြိုးတိုးတက် မှုကို ထိန်းသိမ်းထားနိုင်တဲ့နိုင်ငံတွေက အသက်မွေးဝမ်းကျောင်းပညာ၊ နည်းပညာဘက်ကို အားပေးတဲ့နိုင်ငံ တွေ ဖြစ်ပါတယ်။
အစဉ်အလာဖြစ်
ကျွန်မတို့နိုင်ငံမှာလည်း မူအရကို ပညာရေးဘက်မှာ နည်းပညာ နဲ့ အသက်မွေးဝမ်းကျောင်းပညာကို အားပေးပါတယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေ က မိဘတွေရော၊ ကျောင်းသားကျောင်း သူတွေရော နည်းပညာနဲ့အသက်မွေး ဝမ်းကျောင်းပညာကို စိတ်ဝင်စားကြ တယ်။ အားသန်ကြတယ်။ တချို့နိုင်ငံ တွေမှာ သူတို့ အစဉ်အလာက ဘယ်လို ဖြစ်သွားလဲဆိုတော့ တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်လို့ သတ်မှတ်တဲ့အစဉ် အလာဖြစ်သွားတယ်။ အဲဒီလို အစဉ် အလာဖြစ်သွားတဲ့အခါ နိုင်ငံဟာ နစ်နာ ပါတယ်။ အားလုံးက တက္ကသိုလ်ဘွဲ့ရ ချင်တယ်။ တကယ်နိုင်ငံမှာ လိုအပ်နေ တဲ့ နည်းပညာတွေကို သင်ယူချင်တဲ့ စိတ်က နည်းသွားတယ်။
ကျွန်မတို့ လူငယ်တွေရော၊ ကျောင်းသား ကျောင်းသူတွေရော၊ ကျောင်းသား ကျောင်းသူမိဘများကပါ အသက်မွေးဝမ်းကျောင်း ပညာဘက် ကိုသွားဖို့အားပေးကြပါ။ တက္ကသိုလ် ပညာဆိုတာလည်း သူ့တန်ဖိုးနဲ့သူ ရှိတယ်။ ဒါပေမယ့် အသက်မွေးဝမ်း ကျောင်းပညာဆိုတာ သူ့တန်ဖိုးနဲ့သူရှိ တယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊အတိုးတက်ဆုံးနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့မှာ နည်းပညာ နဲ့ အသက်မွေးဝမ်းကျောင်းပညာကိုလိုက်တဲ့ကလေးများဟာ တက္ကသိုလ် ပညာဆည်းပူးသင်ကြားတဲ့ ကလေး များနဲ့ တန်းတူညီတူလည်းဖြစ်တယ်။ ဘဝမှာလည်း အခွင့်အရေး အတူတူရ တယ်။ တချို့ဆိုရင် တက္ကသိုလ်ဘွဲ့ရ တာထက် နည်းပညာသင်ယူထားတဲ့ သူတွေ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီး ဝင်ငွေကောင်းပါတယ်။ အဲဒီတော့ လူမှု ရေးအရ တန်းတူညီတူဖြစ်တယ်။ တက္ကသိုလ်ဘွဲ့ရတွေမှ သာတယ်ဆိုတဲ့ ကိစ္စဟာ အခုဆိုရင် ဒီလိုဖွံ့ဖြိုးတဲ့နိုင်ငံ တွေမှာ မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို မှန်မှန် ကန်ကန်သုံးဖို့ ကျွန်မအနေနဲ့ အားပေး ပါရစေ။
ကျွန်မ ဒီကိုလာတဲ့အဓိကအကြောင်း ရင်းတစ်ခုက ကျွန်မတို့နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် နေရာတိုင်း နေရာတိုင်းမှာ သူ့ပြဿနာနဲ့သူရှိ တယ်။ သူ့အခက်အခဲနဲ့သူရှိတယ်။ ဒီလိုအခက်အခဲတွေကို စာရွက်ပေါ်မှာ ကြည့်မယ့်အစား ကိုယ်တိုင်ဆင်းပြီး ကြည့်တာနဲ့ ဘယ်တော့မှ မတူပါဘူး။ ကိုယ်တိုင်ဆင်းပြီး လေ့လာမှ ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မ ဒီလိုပြည်သူလူထုတွေ နဲ့ တွေ့ဆုံပွဲလုပ်တယ်ဆိုတာ ပြည်သူ တွေရဲ့အသံကို တိုက်ရိုက်ကြားချင်လို့ ပဲ။ တစ်ဆင့်တင်ပြတာမဟုတ်ဘဲနဲ့ အစိုးရအဖွဲ့တွေကတစ်ဆင့် တင်ပြတာ၊ လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့်တင်ပြတာမဟုတ်ဘဲ ပြည်သူ များကိုယ်တိုင် ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့ အတိုင်း တင်ပြတာကို ကြားချင်လို့ ဒီလိုလူထုတွေ့ဆုံပွဲလုပ်တာပါ။
ဒါပေမယ့်လည်း ဒီလို လူထုတွေ့ဆုံ ပွဲတွေလုပ်တဲ့အခါမှာ လူတိုင်းနဲ့စကား ပြောဖို့ဆိုတာက လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့က တချို့မေးခွန်းတွေကို ကြိုတင်ပြီး တင်ထားတာတွေရှိပါတယ်။ ကြိုတင် ပြီး တင်ထားတဲ့မေးခွန်းတွေမဟုတ်ရင် ကျွန်မတို့ အချိန်ပေါ်မှာမူတည်ပြီး မေးခွင့်ပေးပါတယ်။ ပထမအနေနဲ့ စာရေးပြီးတင်ထားတဲ့ မေးခွန်းတွေကို ဖြေပါ့မယ်။ ဖြေတဲ့အခါ တချို့မေးခွန်း တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် များက ဖြေပါ့မယ်။ တချို့မေးခွန်းတွေ ကို တိုင်းအစိုးရအဖွဲ့ဝင်များက ဖြေပါ့ မယ်။ အချိန်ပေါ်မှာမူတည်ပြီး ကျွန်မ အနေနဲ့ ပြည်သူလူထုတွေကို မေးပိုင်ခွင့် ပေးပါမယ်"ဟု ပြောကြားသည်။
မေးမြန်းတင်ပြ
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင် တင်ပြမေးမြန်းထားသည့် နန်းယွန်းမြို့ မှ မြို့မိမြို့ဖ ဦးကျော်သန်းက နန်းယွန်း မြို့မှာ ဟူးကောင်းဘေးမဲ့တောတွင် ပါဝင်နေခြင်းကို ပယ်ဖျက်ပေးရန်နှင့် လိုအပ်သော ဘေးမဲ့တောအား ဒေသခံ ပြည်သူများဆန္ဒဖြင့် သတ်မှတ်ပေးရန်၊ ပန်ဆောင်မြို့မှ သိက္ခာတော်ရ ဦးယောဆက်က ပန်ဆောင်နယ်စပ် ဈေးအား မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ညှိနှိုင်း ၍ တရားဝင်ဖွင့်လှစ်ပေးရန်နှင့် ပန်ဆောင်မြို့ နောင်ယန်းချောင်း၌ အသေးစား ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရန်၊ ပန်ဆောင်မြို့မှ ဦးဇင်းဝမ်းက နန်းယွန်းမြို့တွင် ခုတင် (၅၀)ဆံ့ဆေးရုံ တည်ဆောက်ပေးရန် နှင့် နန်းယွန်းမြို့နယ်မှ ဟရှိတ်၊ နုတ်ညို၊ ကဲဆန်နုတ်ညို၊ တကား၊ လုံလောင်း၊ယောင်ကွန်ကျေးရွာများမှ ကျန်းမာရေး ဌာနခွဲများအား ကျန်းမာရေးဌာနအဆင့် တိုးမြှင့်ပေးရန်၊ နန်းယွန်းမြို့မှ ဦးယောင်ရန်က နန်းယွန်းအခြေခံ ပညာ အထက်တန်းကျောင်းအတွက် ပေ ၁၂၀ RC နှစ်ထပ်ဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန်၊ နန်းယွန်းမြို့မှ သိက္ခာတော်ရ ဦးတီးရဲက တကားခွင်ရှိ ကျေးရွာ ခုနစ်ရွာသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများ လွပ်လပ်စွာသွားလာခွင့် ပြုရန်၊ နန်းယွန်းမြို့မှ ဒေါ်ကျဖြန်းက နန်းယွန်းမြို့သို့ မြစ်ကြီးနား၊ တနိုင်းမှ ဆန်၊ စက်သုံးဆီ၊ တည်ဆောက်ရေး ပစ္စည်းများ လွတ်လပ်စွာသယ်ယူခွင့် ပြုရန်နှင့် အညိုရောင်နယ်မြေအဖြစ် ကန့်သတ်ထားခြင်းမှ ကင်းလွတ်ခွင့်ပြု ရန်၊ နန်းယွန်းမြို့မှ ဦးယောင်းလန်းက ရှင်ဘွေယန်-နန်းယွန်း- ပန်ဆောင် လမ်းပိုင်းကို အဆင့်မြှင့်တင်ပေးရန်၊ နန်းယွန်းမြို့မှ ဒေါ်ဖုန်လန်က နေ့စဉ် ဝင်ငွေရရှိနိုင်သော အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ အာလာဂျီ စိုက်ပျိုးရေးစီမံကိန်းများ ဆောင်ရွက် ပေးရန်၊ နန်းယွန်းမြို့မှ ဦးယောင်ရန်က နန်းယွန်းမြို့ မူလတန်းကျောင်း ၄၃ ကျောင်းအတွက် လိုအပ်နေသည့် ကျောင်းအုပ်ဆရာ ဆရာမများ လိုအပ် နေမှုကို ဒေသခံပညာရေးဝန်ထမ်းများ အား တိုးမြှင့်ပေးရေး၊ နန်းယွန်းမြို့မှ ဒေါ်ယမ်နင်က နန်းယွန်းမြို့၊ ဒုံဟီးမြို့၊ ပန်ဆောင်မြို့တို့မှ မြို့တွင်းလမ်းများ အား ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ပေးရန်၊ နန်းယွန်းမြို့ မြို့နယ် နာဂရိုးရာ စာပေယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဦးနောက်တွန်းက မြို့နယ်ခန်းမ နှင့် နာဂရိုးရာခန်းမတည်ဆောက်ပေးရန်တို့နှင့်စပ်လျဉ်းသည့် မေးမြန်း တင်ပြချက်များကိုလည်းကောင်း။
ရှင်းလင်းပြောကြား
ခန်းမအတွင်းမှ မေးမြန်းတင်ပြ လိုသည့်နန်းယွန်းမြို့မှ ဦးစိုးသန်းက နန်းယွန်းမြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နောင်ယန်းအင်း ၌ ငါးမျိုးသစ်မွေးမြူနိုင်ရေး ဆောင်ရွက် ပေးရန်နှင့် ခန်းမအပြင်မှ မေးမြန်း တင်ပြလိုသည့် ဦးအေးမင်းစိုးက နာဂ ဒေသ လူငယ်များအတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းကျောင်း ဖွင့်လှစ် ပေးရန်တို့ကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က ချက်ချင်းဆောင် ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များ ကို ကြည့်ပါက တိုင်းဒေသကြီးအစိုးရ အနေဖြင့် ပြည်သူနှင့်ထိတွေ့ရန် လိုအပ် နေပါကြောင်း၊ တချို့ဒေသများသို့ သွားရောက်ရန် လုံခြုံရေးအရ ခွင့်ပြုချက် ရယူရန် လိုအပ်သည်ကို လက်ခံပါ ကြောင်း၊ သို့သော်လည်း ခွင့်ပြုချက်ရယူ နိုင်ရန်အတွက် သက်ဆိုင်ရာနှင့် လွယ်ကူစွာဆက်သွယ်နိုင်ရန် လိုအပ် ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ အနေဖြင့် ပြည်သူ့အသံကို အမြဲ နားထောင်စေလိုကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင် ရွက်ရန်လိုကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ ဆရာမများအား ဒေသခံများက မိသားစုအသွင်ဖြင့် ဆက်ဆံရန်လိုအပ်ပါကြောင်း၊ မိမိတို့ မှာ ပြည်ထောင်စုဖွား တိုင်းရင်းသား များ ဖြစ်ပါကြောင်း၊ မတူညီသည့်ရိုးရာ ဓလေ့ ထုံးတမ်းအစဉ်အလာများကိုလေးစားရမည်ဖြစ်ပါကြောင်း၊ ဒေသခံ များအနေဖြင့် မိမိဒေသအတွက် ဂုဏ်ယူချင်သည့်စိတ်ဓာတ်ရှိရန် လိုအပ် ပါကြောင်း၊ ပြည်သူများအနေဖြင့် တာဝန်ယူသည့်စိတ်ဖြင့် ရှင်သန်စေလို ပါကြောင်း၊ သို့မှသာ တန်ဖိုးရှိမည်ဖြစ် ကြောင်း၊ ဒေသတင်ပြချက်များကို အလေးထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲ ကို ရုပ်သိမ်းလိုက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသား တိုင်းရင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် နန်းယွန်းမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ခန္တီးမြို့သို့ ပြန်လည်ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာကြရာ ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေး မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်း ရင်းသား တိုင်းရင်းသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များ ဖြင့် ပင်လည်ဘူးမြို့သို့ ရောက်ရှိကြရာ မြို့တွင်းလမ်းမတစ်လျှောက်၌ ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပင်လည်ဘူးမြို့ အားကစား ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မ ပင်လည် ဘူးကို လာရတဲ့အဓိကအကြောင်းက ကျွန်မကို ပင်လည်ဘူးကိုယ်စားလှယ် က သတိပေးပါတယ်။ ကျွန်မ နှစ်ပေါင်း များစွာ ပင်လည်ဘူးကို လာမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်တဲ့။ အဲဒါ အခုထက် ထိ မရောက်သေးဘူးဆိုတော့ ဒီကတိ တည်ဖို့အတွက် ကျွန်မလာခဲ့တာပါ။ ပြည်သူလူထုကို ပေးတဲ့ကတိတွေတည် ဖို့ ကျွန်မအတွက် အင်မတန်မှ အရေး ကြီးပါတယ်။ ဘယ်တော့မှ ကျွန်မ ပေါ့ပေါ့တန်တန်နဲ့ ကတိမပေးပါဘူး။ စကားတစ်ခွန်းပြောရင် ဒါကို အလေး အနက်ထားရမယ်ဆိုတာကို ကျွန်မ မှတ်ယူထားပါတယ်။ အထူးသဖြင့် ကျွန်မတို့ ပြည်သူလူထုနဲ့ပတ်သက်ရင် နှစ်သိမ့်တဲ့သဘောနဲ့၊ ပြဿနာရှင်းတဲ့ သဘောနဲ့ လုပ်နိုင်တာ၊ မလုပ်နိုင်တာ ကို မဆင်ခြင်ဘဲနဲ့ ကတိကဝတ်တွေကို လွယ်လွယ်ပေးတဲ့အလုပ်ကို ကျွန်မ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။
အဓိကအရေးကြီး
ကျွန်မတို့အဖွဲ့ချုပ်က အဖွဲ့ဝင်တွေ ကိုလည်း ကျွန်မ အမြဲတမ်းမှာပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝင်တွေကိုလည်း မှာပါတယ်။ မတည်နိုင်တဲ့ ကတိတွေ ကို ပြည်သူလူထုကို မပေးပါနဲ့၊ မတည် နိုင်တဲ့ကတိတွေ ပေးလိုက်ရင် ဒီကတိ တွေ မတည်နိုင်တာကြောင့်မို့ ပြည်သူ လူထုရဲ့ ယုံကြည်မှုဆုံးရှုံးသွားပါလိမ့် မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားရင် ပြန်ပြီးတည်ဆောက် ရတာ အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့အတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ချင်တယ်ဆိုတဲ့ လူတိုင်း လူတိုင်းအတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုရဖို့ဆိုတာ အဓိကအရေး ကြီးတဲ့အချက် ဖြစ်ပါတယ်။
ပြည်သူရဲ့ ယုံကြည်မှုမရှိဘဲနဲ့ ဘယ်အစိုးရအဖွဲ့မှ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှ နိုင်ငံကို အကျိုးပြုနိုင် မှာ မဟုတ်ပါဘူး။ တချို့က ပြည်သူ တွေကို လျှော့ပြီးတွက်တယ်။ ပြောရ မယ်ဆိုရင် ပြည်သူတွေကို အထင်သေး တယ်။ တောင်းတာကိုပေးမယ်လို့ ပြောရင် ငါတို့ကို ထောက်ခံမှာပဲဆိုပြီး ထင်တဲ့လူတွေ ရှိပါတယ်။ ကျွန်မက ကျွန်မတို့ရဲ့ ပြည်သူလူထုကို ဒီလို အထင်မသေးပါဘူး။ ကျွန်မတန်ဖိုး ထားတယ်၊ လေးစားတယ်၊ မှန်မှန် ကန်ကန် သုံးသပ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ကျွန်မ ယူဆပါတယ်။
ကိစ္စတစ်ခုကို ဖြစ်မြောက်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ကျွန်မတို့ လုပ်ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ပြည်သူစိတ်ချမ်းသာမှ ကျွန်မတို့နိုင်ငံ က စိတ်ချမ်းသာမှာပါ။ ဒါပေမယ့် ကိုယ်မလုပ်ပေးနိုင်တဲ့ကိစ္စကို ချွေးသိပ် တဲ့သဘောနဲ့ လုပ်ပေးမယ်၊ အဲဒီလို ပြောလိုက်ရင် ပြည်သူက ကျေနပ်သွား မှာပဲဆိုပြီး ဒီလိုစော်ကားချင်တဲ့ စိတ်ဓာတ်မရှိပါဘူး။ ပြည်သူကို မလေးစားတာက စော်ကားရာရောက် ပါတယ်။
ကျွန်မက ပင်လည်ဘူးကို လာတယ် ဆိုတာကလည်း ပင်လည်ဘူးရဲ့ မြို့သူ မြို့သားတွေ၊ ပင်လည်ဘူးမှာရှိတဲ့ ကျွန်မ တို့ ပြည်သူများကို လေးစားသောအား ဖြင့်လာတာပါ။ ဒါက ပထမအချက်ပါ။
ဒုတိယအချက်က ကျွန်မတို့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သား တွေနဲ့ တရင်းတနှီး ထိတွေ့မှုကို လိုချင်ပါတယ်။ သို့သော်လည်း လက်တွေ့ကျကျတော့ ဒါမဖြစ်နိုင်ပါ ဘူး။ ပြည်သူ သန်းငါးဆယ်ကျော်နဲ့ အားလုံးတရင်းတနှီး ရှိဖို့ဆိုတာက လက်တွေ့ကျကျ ဖြစ်နိုင်တဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားပါတယ်။ မနက်ကဆိုရင် ကျွန်မတို့ရောက်ခဲ့တဲ့ နန်းယွန်းဒေသဟာ အင်မတန်မှ ဝေးလံခေါင်သီတဲ့ဒေသပါ။ ပင်လည်ဘူး က ဒီလောက်မဝေးပါဘူး။ ဒီလောက် လည်း ခေါင်တာမဟုတ်ဘူး။ သို့သော် ငြားလည်း ကျွန်မတို့ နေပြည်တော် ဘက်၊ မန္တလေးဘက်၊ ရန်ကုန်ဘက် မြို့ကြီးတွေဘက်ကနေ ဒီကို ရောက် တယ်ဆိုတာ ခဲယဉ်းပါတယ်။ ရောက်ဖို့ ခဲယဉ်းပါတယ်။ ခဲယဉ်းလို့ကို ကျွန်မတို့က အသေအချာဂရုစိုက်ပြီး ရောက်အောင်လာခဲ့တာပါ။
အားလုံးအတူဖြေရှင်း
ကျွန်မတို့က ပြည်သူပြည်သားတွေ နဲ့ တွေ့တဲ့အခါ ကျွန်မတို့ပြည်သူတွေ ရဲ့ အဓိကပြဿနာတွေ ဘာရှိသလဲ ဆိုတာကို သိချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့အနေနဲ့ ကြိုးစားပြီး ဖြေရှင်း ပေးနိုင်မှာ ဖြစ်ပါတယ်။ ကြိုးစားပြီး ဖြေရှင်းပေးတယ် ဆိုပေမယ့်လည်း အားလုံးကို ချက်ချင်းဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ကျွန်မတို့အားလုံး အတူဖြေရှင်းချင်တယ်ဆိုရင် အားလုံး အတူလုပ်ဖို့ လိုပါတယ်။
ဒါကြောင့် ကျွန်မတို့ ပြည်သူ ပြည်သားတွေကို အမြဲသတိပေးပါ တယ်။ ကိုယ်က အဓိကပါ။ တစ်ဦးချင်း၊ တစ်ဦးချင်း လုပ်ဆောင်မှု၊ စွမ်းဆောင် မှုဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန် မှ အရေးကြီးပါတယ်။ ဒါဟာ အသက် အရွယ်နဲ့လည်း မဆိုင်ပါဘူး။ လူကြီး ဖြစ်စေ၊ လူငယ်ဖြစ်စေ နိုင်ငံရဲ့အကျိုး ကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကလေးတွေ၊ ကျောင်းသား ကျောင်းသူ တွေကအစ လူကြီးမိဘတွေဟာ နိုင်ငံ့ အကျိုးကို ဘယ်လိုထမ်းဆောင်နိုင် မလဲဆိုတာကို စဉ်းစားကြစေချင်ပါ တယ်။
ပထမဦးဆုံးက ညီညွတ်မှုနဲ့ ထမ်းဆောင်စေချင်ပါတယ်။ ကျွန်မတို့ အားလုံးညီညွတ်မှ တိုးတက်နိုင်မှာ ပါ။ အားလုံးညီညွတ်ဖို့ဆိုတာ စိတ်ရင်း စေတနာမှန်ဖို့က အင်မတန်မှ အရေး ကြီးပါတယ်။ ကျွန်မတို့တစ်ယောက် နဲ့ တစ်ယောက်အပေါ်မှာ စိတ်ရင်း စေတနာထားပြီး ငါတို့ အတူလက်တွဲ ပြီး ငါတို့နိုင်ငံကြီးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်အပြည့်အဝ ရှိရင် ကျွန်မတို့နိုင်ငံဟာ မြန်မြန် ဆန်ဆန် တိုးတက်လာမှာပါ။ အခု ပင်လည်ဘူးလို ဝေးလံခေါင်သီတဲ့ နေရာတွေမှာဆိုရင် တိုးတက်မှုဟာ ရှိသင့်သလောက်မရှိပါဘူး။ တိုးတက် မှုကို ကျွန်မတို့ ဘယ်လိုတိုင်းတာ သလဲဆိုတော့ ကျွန်မတို့အနေနဲ့ ပြည်သူပြည်သားတွေ စိတ်လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတာနဲ့ ပထမ တိုင်းတာရပါတယ်။ စိတ်လုံခြုံမှုရှိဖို့ ကိုယ်ရဲ့လုံခြုံမှုလည်း ရှိရပါမယ်။ စိတ် လုံခြုံမှုရှိဖို့ဆိုတာ ကိုယ်က ကိုယ့်အိမ် ထဲမှာလည်း လုံခြုံတယ်၊ ကိုယ့်အိမ် ပြင်ပ ထွက်သွားတဲ့အခါမှာလည်း လုံခြုံတယ်ဆိုတဲ့ လုံခြုံမှုရှိရပါမယ်။
အင်မတန်မှအရေးကြီး
နောက်တစ်ခုက လုံခြုံမှုဆိုတာ မနက်မိုးလင်းတာနဲ့ ကိုယ့်ရဲ့ဘဝ အတွက် ပူပန်သောကမဖြစ်ရတဲ့ အနေ အထားမှာရှိရမယ်။ မနက်ကျရင် ဝဝလင်လင်စားရမယ်၊ နေစရာရှိတယ်၊ ဝတ်စရာရှိတယ်၊ စားစရာရှိတယ်၊ သားသမီးရှိတဲ့ မိသားစုတွေဟာ သား သမီးကို ပညာသင်ပေးနိုင်မယ် အဲဒီလို စိတ်လုံခြုံမှုတွေရှိဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။ နောက်တစ်ခုက အလုပ်နဲ့ပတ်သက်လို့ လုံခြုံမှု။ ကျွန်မ တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေထဲမှာဆိုရင် အလုပ်လက်မဲ့တွေက အင်မတန်မှ များပါတယ်။
ကျွန်မ ပင်လည်ဘူးကိုလာတဲ့ လမ်းမှာ ကျောင်းသား ကျောင်းသူ တွေ အများကြီးတွေ့ရပါတယ်။ လမ်း မှာ ကျောင်းသား ကျောင်းသူတွေ တွေ့ရတယ်ဆိုရင် အမြဲတမ်းစိတ်ချမ်း သာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ ကလေးတွေက ပညာသင် ချင်တဲ့ စိတ်ရှိတယ်။ မိဘတွေကလည်း ကလေးတွေကို ပညာသင်ပေးချင်တဲ့ ဆန္ဒရှိတာပြလို့ပဲ။ နိုင်ငံ့အတွက် ပညာ ဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာကို ကလေးတွေ သေသေချာချာ မှတ်ထားစေချင်တယ်။ လူကြီးတွေ အနေနဲ့လည်း မှတ်သားစေချင်တယ်။ ပညာဆိုတာ ကျွန်မတို့နိုင်ငံအတွက် အနာဂတ်ပဲ။ ပညာရှိတွေ မွေးထုတ် နိုင်မှ ဒီနိုင်ငံရဲ့အနာဂတ်အတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပညာရှိဆိုတာ တက္ကသိုလ်ဘွဲ့ရတွေ ကိုပြောတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်စေချင်တယ်။ ပညာရှိ ဆိုတာဟာ ကိုယ့်ဘဝမှာ ရင်ဆိုင်ရ မယ့် ပြဿနာတွေကို ဖြေရှင်းတတ်တဲ့ သူတွေကို ပညာရှိလို့ ဒီလိုပဲ သတ်မှတ် ပါတယ်။
အကောင်းဆုံးရင်ဆိုင်
တက္ကသိုလ်ကဘွဲ့တွေ ဘယ်လောက် များများပဲရရ ကိုယ်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မတတ်ဘူး ဆိုရင်၊ ဖြေရှင်းနိုင်တဲ့အစွမ်း မရှိဘူး ဆိုရင် ဒါတကယ့်ပညာရှိ မဟုတ်ပါဘူး။ ဒါသင်ထားတာတွေပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူ ပြည် သားတွေကို ပညာရှိဖြစ်စေချင်ပါတယ်။ ကိုယ့်ဘဝကို ကိုယ်ဘယ်လို မှန်မှန် ကန်ကန်နဲ့ အကောင်းဆုံးရင်ဆိုင်နိုင် မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာတတ် တဲ့ ပြည်သူတွေဖြစ်စေချင်တယ်။
နိုင်ငံတစ်နိုင်ငံဟာ ခေတ်ပေါင်း များစွာ ကျော်လွှားရပါတယ်။ ဒီနိုင်ငံ ဟာ ကမ္ဘာကြီးတည်သရွေ့ တည်ရှိနေ မှာပဲ။ ကမ္ဘာကြီးတည်သရွေ့ တည်ရှိ နေတဲ့အချိန်မှာ ကျွန်မတို့ ဘယ်လောက် ပြဿနာတွေ ရင်ဆိုင်ရမယ်ဆိုတာ ဘယ်သူမှ ပြောလို့မရဘူး။ ဒီကမ္ဘာကြီး မှာဆိုရင် အချမ်းသာဆုံးနိုင်ငံကြီး တောင်မှ ပြဿနာတွေ မကင်းပါဘူး။ တစ်ခုပြီးတစ်ခု ဖြစ်နေတာပဲ။ အဲဒီ တော့ ကျွန်မတို့လို ဖွံ့ဖြိုးစနိုင်ငံတစ်ခု မှာ ကိုယ့်ပြဿနာတွေနဲ့ကိုယ်ရှိတယ်။ ဒါကြောင့် ကျွန်မတို့ အားငယ်စရာ မလိုပါဘူး။
ကျွန်မ ကမ္ဘာတစ်ဝန်းကို ရောက်ဖူး ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး၊ အချမ်းသာဆုံးဆိုတဲ့ မြို့ကြီးတွေကို လည်း ရောက်ဖူးပါတယ်။ သို့သော် ငြားလည်း ဒီမြို့ကြီးတွေမှာ၊ ဒီနိုင်ငံ ကြီးတွေမှာရှိတဲ့ ပြည်သူပြည်သား တွေမှာမရှိတဲ့ အရည်အချင်းတွေ ကျွန်မတို့ ပြည်သူတွေမှာရှိတယ်။ ဒီလို ကောင်းတဲ့ အရည်အချင်းတွေကို ထိန်းသိမ်းထားရမယ်။ သူတို့သာတာ တွေလည်းရှိတယ်။ ကျွန်မတို့သာတာ တွေလည်းရှိတယ်။ ကိုယ်သာတဲ့ အချက်တွေကို ကိုယ်ထိန်းသိမ်းထား ရမယ်။
ဥပမာဆိုရင် ကမ္ဘာတစ်ဝန်းမှာ စစ်တမ်းကောက်လိုက်တဲ့အခါ သူတို့ ဘာတွေ့သလဲဆိုတော့ ဒီမြန်မာနိုင်ငံ က ပြည်သူလူထုတွေလောက် ရက်ရောတာ၊ ပေးကမ်းဝေမျှတဲ့ လူမျိုး မရှိဘူးဆိုပြီး သူတို့ သတ်မှတ်ပါတယ်။ ဒါတောင်မှ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါတယ်လို့ ပြောရမှာပဲ။ ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံးနိုင်ငံတွေထဲ မှာ ပါတယ်ဆိုပေမယ့် ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ကမ္ဘာပေါ်မှာ အရက် ရောဆုံး၊ ပေးကမ်းလှူဒါန်းမှုမှာ စိတ်ပါဝင်စားဆုံး၊ အင်အားအများဆုံး ပြည်သူတွေဆိုပြီး သူတို့သတ်မှတ်ပါ တယ်။ ဒါဟာ ကျွန်မတို့ရဲ့ မေတ္တာ၊ စေတနာရဲ့ အကျိုးပေးလို့ ထင်မိပါ တယ်။
အဲဒီတော့ ကျွန်မတို့ တစ်ယောက် နဲ့တစ်ယောက် မျှတချင်တဲ့စိတ်၊ နောက်ဆုံးမှာ မျှဝေချင်တဲ့စိတ်ပါ။ မျှဝေချင်တဲ့စိတ်လောက် ကျွန်မတို့ လူ့အသိုက်အဝန်းမှာ အရေးကြီးတဲ့ စိတ်ဓာတ်မရှိဘူး။ ကိုယ့်မှာကောင်း တာတွေကို မျှဝေရမယ်။ အဲဒီလိုဆိုရင် ကိုယ်က စိတ်ဆင်းရဲမှုရှိရင်လည်း ကိုယ့်ရဲ့ စိတ်ဆင်းရဲမှုတွေကို မျှဝေ ပေးမယ့်လူတွေပေါ်လာမှာပါ။ ကမ္ဘာ ကြီးမှာ၊ လောကမှာ အပေးအယူက အမြဲရှိပါတယ်။ ဒီအတိုင်း ကျွန်မတို့ အချင်းချင်းကြားမှာ မေတ္တာတွေမျှဝေ မယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုး မယ်၊ တိုးတက်မယ်၊ ပြဿနာတွေကို ကြံ့ကြံ့ခံနိုင်မယ်။
မိတ်ဆွေများရှိ
ကျွန်မနိုင်ငံရေးလုပ်တဲ့ သက်တမ်း တစ်လျှောက်မှာ တချို့က မေးပါတယ်။ အခက်အခဲတွေရှိရင် ဘယ်လိုရင်ဆိုင် သလဲ၊ ဒီအခက်အခဲတွေကြောင့် စိုးရိမ် ကြောင့်ကျမှုတွေ မပိုသွားအောင် ဘယ်လိုလုပ်သလဲ၊ တကယ်တော့ အကောင်းဆုံးက ကိုယ့်အပေါ်မှာ မေတ္တာထားမယ့် ရဲဘော်ရဲဘက်များ၊ မိတ်ဆွေများရှိခြင်းပါ။ ကိုယ်နဲ့အတူ ခံမယ်ဆိုတဲ့ ရဲဘော်ရဲဘက်တွေ၊ မိတ်ဆွေတွေရှိတယ်ဆိုရင် ဘယ် ပြဿနာကိုမဆို ကျွန်မတို့ ရင်ဆိုင်ဖို့ ဟာ ခက်ခဲတယ်လို့ မရှိတော့ပါဘူး။
ကျွန်မ အမြဲဥပမာပေးပါတယ်။ တစ်ယောက်တည်း တောနက်ကြီးထဲ မှာ လျှောက်သွားရရင် စိုးရိမ်စိတ်ရှိ တယ်။ ကိုယ်နဲ့ နောက်တစ်ယောက် ပါတယ်ဆိုရင် ဒီစိုးရိမ်စိတ်က နည်းနည်း ကျသွားတယ်။ ဒါဟာ ဓမ္မတာပဲ။ ညမှောင်မှောင်ကြီးထဲမှာ၊ လူခေါင်တဲ့ လမ်းမှာ ကိုယ်တစ်ယောက်တည်း လျှောက်ရတာနဲ့၊ ကိုယ့်မိတ်ဆွေ တစ်ယောက်နဲ့ အတူလျှောက်ရတာနဲ့ မတူပါဘူး။ သူစိမ်းတစ်ယောက်နဲ့ လျှောက်ရတယ်ဆိုရင်တောင် နောက် တစ်ယောက်ရှိနေတယ်ဆိုရင် ကိုယ့် မှာ အင်အားပြည့်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့မိတ်ဆွေ၊ ကိုယ့်လက်တွဲပြီး ကိုယ်ခလုတ်တိုက်ရင် ဖေးမပေးမယ့် မိတ်ဆွေတစ်ယောက် ပါတယ်ဆိုရင် ဘယ်လိုပဲ လမ်းက မှောင်နေပါစေ၊ ဘယ်လိုပဲ လမ်းက ခက်ခဲနေပါစေ ဆက်ပြီးလျှောက်ဖို့ဟာ ပိုပြီးလွယ်လာ ပါတယ်။
အချင်းချင်းကူညီ
အထူးသဖြင့် ကလေးတွေ၊ လူငယ် တွေဟာ ငယ်ငယ်ကတည်းက ဒီလို စိတ်တွေကို မွေးကြပါ။ အချင်းချင်း စာနာတဲ့စိတ်၊ အချင်းချင်း ကူညီချင်တဲ့ စိတ်၊ အချင်းချင်းမေတ္တာနဲ့ ကိုယ့်ရဲ့ အကောင်းတွေ၊ ကိုယ့်မှာရှိတဲ့ ကောင်း နိုးရာရာတွေကို မျှဝေပြီး ပေးချင်တဲ့ စိတ်၊ အဲဒီလို စိတ်တွေကို ကျွန်မတို့ ရဲ့ လူငယ်တွေက မွေးကြမယ်ဆိုရင် ကျွန်မတို့နိုင်ငံ တည်သရွေ့ အမြဲတိုး တက်ပြီး သာယာသွားမယ့်နိုင်ငံ တစ်ခုဖြစ်လာမှာပါ။
အချင်းချင်းအပေါ် မှာ စေတနာမရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ စိတ်ဓာတ်က မကောင်းဘူးဆိုရင် ဘယ်လောက်ပဲ ဒီနိုင်ငံကြီးချမ်းသာပါစေ ကျွန်မတို့ရဲ့ ပြည်သူတွေ ချမ်းသာနိုင်မှာ မဟုတ် ပါဘူး။
နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွန်မ နည်းနည်းပြောချင်ပါတယ်။ နိုင်ငံရေး ဆိုတာ တချို့တွေက ဘာထင်သလဲ ဆိုတော့ နိုင်ငံရေးဆိုတာ နိုင်ငံရေး ပါတီတစ်ခုထဲမှာ ဝင်ပြီးလုပ်မှ နိုင်ငံရေး လို့ ထင်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတိုင်း လူတိုင်းနဲ့ ဆိုင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ့ရဲ့အရေးပါ။ ကိုယ့်နိုင်ငံရဲ့အရေး ဆိုတာ ဒီနိုင်ငံမှာနေတဲ့ လူတိုင်းနဲ့ ဆိုင်တယ်။ ဒီနိုင်ငံမှာ မနေတော့တဲ့ လူတွေနဲ့တောင်ဆိုင်တယ်။ ကိုယ့်မှာ မေတ္တာရှိသေးတယ်၊ သံယောဇဉ် ရှိသေးတယ်ဆိုရင် ဒီနိုင်ငံမှာဘာဖြစ် နေသလဲဆိုတာကို ပြင်ပကနေ လေ့လာပြီး အတူတူခံစားမယ်၊ အတူတူ စံစားမယ်ဆိုတဲ့ စိတ်ဓာတ် တွေ ရှိတတ်ပါတယ်။
ကျွန်မ အရင်လက နိုင်ငံခြားမှာ သွားပြီး အပြည်ပြည်ဆိုင်ရာတရားရုံး မှာ အမှုရင်ဆိုင်တဲ့အခါ နိုင်ငံခြားမှာ နေတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သား တွေ တော်တော်များများက ရောက်လာ တယ်။ ရောက်လာပြီး ကျွန်မတို့ကို အားပေးချင်လို့၊ ပံ့ပိုးချင်လို့၊ ကျွန်မတို့ ဘက်ကနေ ရပ်တည်ပေးချင်လို့ပါ။ ဒီပြည်သူတွေ တော်တော်များများဟာ တကယ်တော့ ကျွန်မတို့နိုင်ငံသား တွေ မဟုတ်တော့ပါဘူး။ နိုင်ငံခြားမှာ နေပြီး တခြားနိုင်ငံသားခံယူထားတဲ့ သူတွေဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ စိတ်တွေ၊ သူတို့ရဲ့ နှလုံးသားတွေ၊ သူတို့ရဲ့ သံယောဇဉ်တွေဟာ ကျွန်မတို့ နဲ့ပဲရှိပါတယ်။
အရေးကြီးပြီဆိုတော့ တစ်ခါတည်း သွေးနီးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရောက်လာကြပါတယ်။ အဲဒီလိုဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းပါတယ်။ ဒီဝန်းရံ ကြတဲ့သူတွေက သူဌေးသူကြွယ်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ချွေးနှဲစာလေး နဲ့ အကုန်အကျခံပြီး စရိတ်စကခံပြီး ရောက်အောင်လာပြီး ကျွန်မတို့ကို အားပေးတာ၊ ဝန်းရံတာဖြစ်ပါတယ်။ ဒါကျွန်မတို့နိုင်ငံအပေါ်မှာ မေတ္တာ ထားတယ်၊ စေတနာထားတယ်၊ သံယောဇဉ်မပြတ်ဘူးဆိုတာ ပြတာ ပါ။ ကျွန်မတို့ ဒီလို စိတ်ဓာတ်တွေနဲ့ သာ ဆက်သွားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ကမ္ဘာကနေပြီး အသိအမှတ်ပြုရတဲ့၊ လေးစားရတဲ့၊ ကြည်ညိုရတဲ့ နိုင်ငံ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ် လာဖို့ လူတိုင်းလူတိုင်း၊ တစ်ယောက် ချင်း၊ တစ်ယောက်ချင်း ကြိုးစားရမယ်။
အခု ပင်လည်ဘူးမြို့က ပြည်သူ ပြည်သားတွေလည်း ကြိုးစားရမယ်။ ငါတို့မြို့လေးက အရေးပါတဲ့မြို့ မဟုတ်ဘူးဆိုတဲ့စိတ် ဘယ်တော့မှ မထားပါနဲ့။ မြို့တိုင်း၊ မြို့တိုင်းဟာ ရွာတိုင်း၊ ရွာတိုင်း ဒီလိုပဲ ဒီနိုင်ငံမှာ အရေးကြီးပါတယ်။ ရွာတိုင်း၊ မြို့တိုင်း မှာရှိတဲ့ ပြည်သူတွေ တစ်ဦးချင်း၊ တစ်ဦးချင်းကလည်း အရေးကြီးပါ တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသောအားဖြင့် လမ်းမှန်ကို လျှောက်ပါ။ သိပ်ပြီးတန်ဖိုးရှိတဲ့ပစ္စည်း တစ်ခုဆိုရင် ဘယ်သူကမှ ဖုန်ထဲ၊ သဲ ထဲမှာ ပစ်ထားမှာ မဟုတ်ပါဘူး။ တန်ဖိုးမရှိတဲ့ ကျောက်ခဲလေးတစ်လုံး ဆိုရင် ဖုန်ထဲ၊ သဲထဲ ပစ်ချလိုက်လို့ရ တယ်။ တန်ဖိုးရှိတဲ့ စိန်တုံးကို ဘယ်သူ ကမှ ဖုန်ထဲ၊ သဲထဲမှာ ပစ်ချထားမှာ မဟုတ်ပါဘူး။
ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင် နေရ မယ်။ ပထမဦးဆုံး ကိုယ်ကျင့်သီလကို ထိန်းရမယ်။ ကိုယ်ကျင့်သီလကို ထိန်းခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ရှိအောင် လုပ်ထားရမယ်။ အဲဒီလို လုပ်တဲ့အခါမှာ တစ်ခါတလေ ကျွန်မ တို့ မှားတာတွေရှိပါတယ်။ ကိုယ်ဖြစ် စေချင်သလို မဖြစ်တာ၊ ကိုယ်ထင် သလို၊ ကိုယ်မျှော်မှန်းသလို မတိုးတက် တာ၊ မအောင်မြင်နိုင်တာ၊ အဲဒီလိုဖြစ် တဲ့အခါကျရင် စိတ်ဓာတ်မကျပါနဲ့။ လူတိုင်းလူတိုင်း ဆက်လက်ပြီး မျှော်လင့်ချက်နဲ့ ကြိုးစားနိုင်တဲ့ အခွင့် အရေးရှိပါတယ်။ အဓိကဟာ ကြိုးစား ခြင်းပါပဲ။ ဝီရိယစိုက်ထုတ်ခြင်းဖြစ်ပါ တယ်။ ဒီတစ်ခါ မအောင်မြင်ရင် နောက်တစ်ခါ အောင်မြင်နိုင်တယ်ဆို တဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးလုပ်စေ ချင်ပါတယ်။
တိုးတက်ဖို့လိုအပ်
ဒီလိုလုပ်မှသာလျှင် ကျွန်မတို့ရဲ့ နိုင်ငံဟာ တိုးတက်နိုင်မှာပါ။ ကျွန်မတို့ နိုင်ငံကို တိုးတက်စေချင်တယ်ဆိုပြီး အတန်တန်ပြောနေရတဲ့ အကြောင်းရင်း က ကျွန်မတို့နိုင်ငံဟာ တိုးတက်ဖို့ လိုလို့ပါ။ ဒီလိုဒေသတွေကို လာလို့ရှိရင်၊ နန်းယွန်းလိုဒေသတွေကို သွားလို့ရှိရင် ပိုပြီး ဒါဟာ ထင်ရှားပါတယ်။ ကျွန်မတို့ နိုင်ငံမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ ဒေသတွေ အများကြီးရှိပါတယ်။ တိုးတက်ဖို့ လိုအပ်နေတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက် ကူညီကြပါ။ အစိုးရ တစ်ခုတည်း ဘယ်တော့မှ လုပ်ပေးနိုင် တာ မဟုတ်ပါဘူး။ တချို့တွေက အမျိုးမျိုး ကတိတွေပေးကြပါတယ်။ အကောင်းဆုံးဖြစ်အောင် လုပ်မယ်၊ အားလုံးပြဿနာတွေ ပြေလည်သွား အောင်လုပ်မယ်၊ ပြဿနာတွေ ပျောက်ကင်းသွားအောင် လုပ်မယ် ဆိုပြီး ပြောပါတယ်။ ဒါတကယ်တော့ မလုပ်နိုင်ပါဘူး။
ပြည်သူလူထုပါမှ တစ်ခုချင်း တစ်ခု ချင်း၊ တစ်ထစ်ချင်း တစ်ထစ်ချင်း ကျွန်မတို့နိုင်ငံ တိုးတက်အောင်လို့ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေက လှိုက်လှိုက် လှဲလှဲ ကြိုဆိုတယ်ဆိုရင် ကျွန်မတို့ အတွက် ဘာအားတက်ရသလဲဆိုတော့ ပြည်သူတွေမှာ စည်းလုံးညီညွတ်တဲ့ အင်အားတစ်ခုရှိတယ်။
စည်းလုံးပြီး ဒီလိုအခမ်းအနားတစ်ခုမှာ စုရုံးပြီးတက်သလို၊ စည်းလုံးပြီး ကျွန်မ တို့ နိုင်ငံရင်ဆိုင်ရမယ့် ပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည် အချင်းရှိတယ်ဆိုတဲ့ ယုံကြည်ချက် ဖြစ်လာလို့ ကျွန်မတို့အင်မတန်မှ ဝမ်းသာအားရ ဖြစ်ပါတယ်။
စာရေးပြီးမေးလို့ရ
ကျွန်မတို့ ဒီလိုလာတဲ့အခါမှာ ပြည်သူတွေရဲ့အသံကို နားထောင်ချင် တယ်ဆိုပြီး ကျွန်မတို့အမြဲတမ်း မေးခွန်းတွေမေးဖို့ အားပေးပါတယ်။ ပင်လည်ဘူးမှာ ကျွန်မတို့လာတာ နောက်ကျတဲ့အတွက် တင်ထားတဲ့ မေးခွန်းတွေ အားလုံးကိုဖတ်ပြပြီး ဒီမှာ အကုန်ဖြေဖို့ အချိန်မရှိပါဘူး။ ဒါပေမယ့် မေးထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အဖြေတွေပေးပါမယ်။ နောက်ထပ် မေးချင်တာတွေရှိရင်လည်း ကျွန်မတို့ ဆီကို စာရေးပြီးမေးလို့ရပါတယ်။ ဒီမှာ တိုင်စာဌာန ဖွင့်ထားပါတယ်။
ကျွန်မဘယ်သွားသွား တိုင်စာဌာန ဖွင့်ပါတယ်။ ပြည်သူလူထုကတိုင်ဖို့ ရယ်လို့မဟုတ်ပါဘူး။ တိုင်ချင်ရင် လည်း တိုင်လို့ရပါတယ်။ မေးချင်တာ ရှိရင်လည်းမေးဖို့၊ ပြောချင်တာရှိရင် လည်းပြောဖို့၊ ဘာလို့လဲဆိုရင် တိုင်စာ ဌာနကို ပေးလိုက်တဲ့စာတွေအားလုံး က ကျွန်မတို့ရုံးကို ရောက်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် တိုင်စာဌာနကို စာရေးတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့စာကို ဖတ်မယ့်သူရှိတယ်၊ သေသေချာချာ လေ့လာပြီး အဖြေပေးစရာရှိတာပေးမယ့်သူရှိတယ်ဆိုတာကို ယုံကြည်စေ ချင်ပါတယ်။ ဒီလိုတစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှလည်း ဆက်ပြီးလက်တွဲနိုင်မှာပါ။
ပညာရှိတွေဖြစ်အောင်လုပ်
ဒီမှာပြောနေတုန်း အရှေ့မှာ ကလေး တွေက များနေတဲ့အခါကျတော့ ကလေးတွေကို ဦးတည်ပြီးပြောချင်တဲ့ စိတ်ကဖြစ်လာတယ်။ လူကြီးတွေက နောက်မှာဆိုတော့ နောက်ကစောင့် ကြပါ။ ကလေးတွေကို ပညာရှိတွေ ဖြစ်အောင်လုပ်ကြပါ။ တစ်ယောက် တည်းအတွက်မဟုတ်ဘူး။ ကိုယ့် မိသားစုအတွက်၊ ကိုယ့်ရပ်ရွာအတွက်၊ ကိုယ့်နိုင်ငံအတွက်။ နောက်တစ်ခုက ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြော ချင်ပါတယ်။ ကလေးတွေက ကျန်းမာ ရေးကို ဂရုစိုက်နိုင်ဖို့ဆိုတာ မိဘတွေရဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။ ပထမဦးဆုံး ကလေးတွေ အာဟာရ ပြည့်ဝအောင် စားဖို့လိုပါတယ်။ ဒါက လည်း မိဘက ဘယ်လောက်အထိ တတ်နိုင်သလဲအပေါ်မှာ မူတည်ပါ တယ်။ ဒါပေမယ့် မိဘတွေကလည်း ကလေးတွေကို ကျွေးတဲ့အခါမှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကို ကျွေးပါ။ အာဟာရမရှိတဲ့ သရေစာ တွေ ကျွေးမယ့်အစား၊ ဥပမာ-ဖီးကြမ်း ငှက်ပျောသီးဆိုရင် အင်မတန်မှ အာဟာရရှိပါတယ်။ ပဲဆိုရင်လည်း အာဟာရရှိပါတယ်။ အာဟာရရှိတဲ့ အစားအစာတွေကို ကျွေးပါလို့ ပြောချင်ပါတယ်။
ကလေးတွေ ငယ်ငယ်ကတည်းက အစားအစာ စားသောက်တဲ့နေရာမှာ ကောင်းတဲ့ အလေ့အကျင့်တွေရှိစေ ချင်ပါတယ်။ တစ်ခုသတိပေးမယ်။ ကွမ်းယာရောင်းတဲ့သူတွေက စိတ် မဆိုးကြပါနဲ့၊ ကွမ်းမစားကြပါနဲ့လို့တိုက်တွန်းချင်တယ်။ ဒါက ပထမပါ။ ဒါကလည်း ကွမ်းယာရောင်းတဲ့ ပြည်သူ ပြည်သားတွေရဲ့အနေအထားကို မသိ လို့ ပြောတာမဟုတ်ပါဘူး။ ဒါကို ဘယ်လိုလုပ်ပေးရမလဲဆိုတာ ကျွန်မ တို့ အမြဲစဉ်းစားပါတယ်။ ဒါကိုသာ မစဉ်းစားရင် ကွမ်းယာရောင်းခွင့် ဘယ်ပေးမလဲ။ ဒါပေမယ့် ကွမ်းယာရောင်းခွင့်မပေးရင်လည်း ကွမ်းယာ ရောင်းတဲ့သူတွေ၊ ကွမ်းစိုက်တဲ့သူတွေ အတွက် ဒါဟာအခက်အခဲဖြစ်မယ် ဆိုတာသိလို့၊ ဒီလိုတော့လည်း မလုပ် ပါဘူး။ ကွမ်းစားခြင်းဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်ပါတယ်။ အလှ ပျက်လိမ့်မယ်။ အဲဒါကို ရှောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းတယ်။ ကွမ်းတံတွေးထွေး တယ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကို ညစ်နွမ်းစေတယ်။ အဲဒါတွေလည်း မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။
သောက်စားခြင်းကို ရှောင်ကြ
နောက်တစ်ဆင့်ပြောရမယ်ဆိုရင်အရက်သေစာ သောက်စားခြင်းကို ရှောင်ကြပါ။ အထူးသဖြင့် ယောကျ်ား လေးတွေပါ။ ယောကျ်ားလေးတွေ နည်းနည်းလေးကြီးလာပြီဆိုရင် အရက် သောက်ချင်ကြတယ်။ အရက်က သောက်ချင်စရာအကြောင်းကို မရှိဘူး။ အရက်သောက်တယ်ဆိုတာ ပိုက်ဆံ လည်းကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်။ ထိုနည်းလည်းကောင်းပဲ ဆေးလိပ်သောက်တယ်ဆိုတာ ပိုက်ဆံ လည်း ကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်။ ကျွန်မအမြဲပြောပါ တယ်။ ဆေးလိပ်သောက်တယ်ဆိုတာကိုယ့်ပိုက်ဆံကိုယ် မီးရှို့သလိုပဲ။ ကိုယ့် ပိုက်ဆံကို မီးရှို့လိုက်တာကမှ ပိုကောင်းပါတယ်။ ပိုက်ဆံမီးရှို့တာက ပိုက်ဆံကုန်ပေမယ့် ကျန်းမာရေးမထိ ခိုက်ဘူး။ ဆေးလိပ်ဝယ်ပြီး သောက်ရင် ပိုက်ဆံလည်း ကုန်ပါတယ်။ ကျန်းမာ ရေးလည်း ထိခိုက်ပါတယ်။ ဆေးလိပ် သောက်ခြင်းကို ရှောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
နောက်တစ်ခုက မူးယစ်ဆေးဝါးပါ။ အထူးသဖြင့် ကျွန်မတို့လူငယ်တွေ အတွက် အရေးကြီးပါတယ်။ မူးယစ် ဆေးဝါးက တစ်ခါစွဲရင်ဖြတ်လို့ရရင် တောင်မှ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒီတော့ကျွန်မတို့ လူငယ်များဟာ အခြေခံကျတဲ့ ကျန်းမာရေးကောင်းဖို့ အလေ့အကျင့် တွေကို မွေးမြူရမှာပါ။ ဂိမ်းကစားတာ တွေလည်း တတ်နိုင်သမျှထိန်းပါလို့တိုက်တွန်းချင်ပါတယ်။ ဂိမ်းကစားတာ က နောက်တော့စွဲသွားရော၊ စွဲသွား တော့ ဒါကလည်း လောင်းကစားကို စွဲသလိုပဲ။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လူငယ် တွေ ဂိမ်းကစားတာများလို့ စိတ်ပိုင်း ဆိုင်ရာဆရာဝန်နဲ့ကို ဖြတ်ယူရပါ တယ်။
ပညာတွေကို တိုးတက်အောင်လုပ်
ကိစ္စတစ်ခုကို ဒီလောက်တောင် စွဲသွားပြီဆိုရင် ဒါဟာရောဂါပါပဲ။ ကလေးတွေအနေနဲ့ ဂိမ်းကစားတာကို တော်ရုံတန်ရုံဆော့ကြပါလို့ တိုက် တွန်းချင်ပါတယ်။ ကျွန်မတို့ရဲ့ကလေး တွေ ပညာလည်းရမယ်၊ ကျန်းမာရေး လည်း ကောင်းမယ်ဆိုရင် စိတ်ချ လက်ချနဲ့ ဒီနိုင်ငံကြီးကို အနာဂတ် မျိုးဆက်တွေရဲ့လက်ထဲမှာထားပစ်ခဲ့နိုင်မယ်။ အနာဂတ်မျိုးဆက်တွေရဲ့ လက်ထဲမှာ နိုင်ငံတစ်နိုင်ငံကို စိတ်ချ လက်ချထားခဲ့နိုင်တယ်ဆိုတဲ့ ဆုနဲ့ တူညီတဲ့ဆု ဘာဆုမှမရှိပါဘူး။
ကျွန်မတို့နိုင်ငံကို စိတ်ချလက်ချနဲ့ နောင်မျိုးဆက်တွေ လက်ထဲအပ်ပြီး ဒီလောကကြီးကနေ ထွက်သွားနိုင် တယ်ဆိုရင် ဘယ်လောက်ထိ စိတ်အေး ချမ်းနိုင်မလဲ။ နောင်မျိုးဆက်တွေ ကလည်း ဒီလိုပဲစိတ်အေးလက်အေးနဲ့ ဆက်ပြီး ဒီဘဝကိုဖြတ်သန်းသွားနိုင် မှာပါ။ ဒါကြောင့် လူငယ်များ ကျန်းမာ ရေးကို ဂရုစိုက်ပါ။ တတ်နိုင်သမျှ ကိုယ့်ရဲ့စွမ်းနိုင်သမျှ ပညာတွေကို တိုးတက်အောင်လို့လုပ်ပါ။ အရေးကြီး ဆုံးက အချင်းချင်းကူညီပါ။ အချင်းချင်း ချစ်ခင်ပါ။ လူကြီးများကလည်း ထိုနည်း လည်းကောင်းပဲ အချင်းချင်းချစ်ခင် ခြင်း၊ ကူညီခြင်းဖြင့် ကျွန်မတို့ရဲ့လူငယ် တွေကို ကောင်းတဲ့ဥပမာတွေ၊ ကောင်း တဲ့ နမူနာတွေပြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။
အများကြီးတူညီ
ကျွန်မအခုလို ခရီးသွားတဲ့အခါ လိုအပ်ချက်တွေက တစ်နေရာနဲ့ တစ်နေရာက အများကြီး တူညီနေတာ ကို တွေ့ရပါတယ်။ ဥပမာ-လမ်း၊ လျှပ်စစ်ဓာတ်အား၊ ကျန်းမာရေးပံ့ပိုးမှု၊ ပညာရေးပံ့ပိုးမှု၊ တစ်ခါတလေယဉ်ကျေး မှုနဲ့ ပတ်သက်လို့ အကူအညီလေးတွေ လိုတာ၊ ဒါတွေက ကျွန်မတို့ ထပ် တလဲလဲ တွေ့နေရတဲ့ကိစ္စပါ။ ဒါတွေ ကို ကျွန်မတို့ အမြန်ဆုံးဖြေရှင်းပေးပါ မယ်။ အတတ်နိုင်ဆုံးလုပ်ပေးပါမယ်။
နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနဲ့ပတ်သက်ပြီး တိုင်တာတွေ လည်း တွေ့ရပါတယ်။ အုပ်ချုပ်ရေး ပိုင်းက မတရားလုပ်တယ်၊ ကူညီမစမှု မှာ အားနည်းတယ်ဆိုပြီး တိုင်တာတွေ နဲ့လည်း ရင်ဆိုင်ရပါတယ်။ ဒီအတွက် ကျွန်မတို့ တာဝန်ယူပါတယ်။ ဒါဟာ အစိုးရရဲ့တာဝန်ပါ။ အုပ်ချုပ်ရေးဘက် က တာဝန်ရှိသူများဟာ ပြည်သူလူထု အပေါ်မှာ မေတ္တာ၊ စေတနာထားပြီး တာဝန်ကျေအောင်လုပ်ဖို့ကို ကျွန်မ ထပ်တလဲလဲပြောနေတဲ့ ကိစ္စဖြစ်ပါ တယ်။
ကြိုးစားရင် ဘာမဆိုဖြစ်နိုင်
ပင်လည်ဘူးဘက်မှာ တိုင်းရင်းသား အချင်းချင်းကြားမှာ အေးအေးချမ်းချမ်း နဲ့နေတာတွေ့ရတဲ့အတွက် ကျွန်မ သိပ်ဝမ်းသာပါတယ်။ အင်မတန်မှ အားတက်စရာပါ။ ကျွန်မတို့နိုင်ငံရဲ့တချို့နေရာတွေမှာ အားလုံးသိကြတဲ့ အတိုင်း ငြိမ်းချမ်းရေးဆိုတာ မရသေး ဘူး။ ပြည်တွင်းငြိမ်းချမ်းရေး မရသေး ဘူး။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတယ်။ လက်နက်ကိုင် ပြီး တိုက်ခိုက်ကြပါတယ်။
ကျွန်မတစ်ခု သတိပေးချင်ပါတယ်။ တကယ်ကိုယ့်မှာ အရည်အချင်းရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို လက်နက် မကိုင်ဘဲနဲ့ ရောက်အောင်သွားနိုင်ရ မယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို လက်နက်မပါဘဲ ရောက်အောင်မသွား နိုင်လို့ရှိရင် ကိုယ့်မှာအရည်အချင်း တစ်ခုခုလိုနေလို့ပါ။ ဒါကြောင့် ကိုယ် တစ်ခုခုလိုချင်တယ်ဆိုရင် ဒီဟာကို ပညာရှိတစ်ယောက်ရဲ့ နည်းလမ်းနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို မထိခိုက် အောင်၊ အကြမ်းဖက်ဖို့ မလိုအောင် လုပ်ရပါမယ်။ လက်နက်ကိုင်တယ်ဆို တာ အကြမ်းဖက်မှုတစ်ခုပါပဲ။ အကြမ်း ဖက်ဖို့ မလိုတဲ့နည်းတွေနဲ့ ကိုယ့် ပန်းတိုင်ကို ရောက်နိုင်အောင် ကြိုးစား နိုင်တဲ့သတ္တိတွေ၊ အစွမ်းအစတွေကို ကျွန်မတို့ ပြည်သူလူထုတွေမှာရှိစေ ချင်ပါတယ်။ ကြိုးစားကြပါ၊ ကြိုးစား ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
ပြည်သူတွေနဲ့ ထိတွေ့မှုရှိဖို့လို
ကျွန်မ ကမ္ဘာ့နိုင်ငံအများကြီးကို ရောက်ဖူးပါတယ်။ အချမ်းသာဆုံး ဆိုတဲ့မြို့ကြီးတွေကို ရောက်ဖူးပါ တယ်။ အဲဒီကိုရောက်လို့ ကျွန်မတစ်ခါ မှ အားမငယ်ခဲ့ဘူး။ ငါတို့နိုင်ငံက ဆင်းရဲလို့၊ ဖွံ့ဖြိုးမှုနည်းလို့ ရှက်စရာ လို့ စိတ်ထဲမှာမရှိခဲ့ဘူး။ ဒို့နိုင်ငံက အများကြီးလုပ်ဖို့ လိုသေးတယ်ဆိုတဲ့ အတွေးဝင်လာပါတယ်။ ဒါကခဏခဏ ဝင်လာပါတယ်။ ကျွန်မတို့တွေ တိုးတက်ဖို့လိုသေးတယ်။ တိုးတက်ဖို့ လိုသလို တိုးတက်အောင်လည်း လုပ်နိုင်မယ်ဆိုတာကို ကျွန်မအဓိက ယုံကြည်ပါတယ်။ ဒါကြောင့် အားမငယ် ကြပါနဲ့၊ ငါတို့တွေဟာ ပင်လည်ဘူးဆို တဲ့မြို့လေးက ပြည်သူတွေဆိုပြီး အားငယ်တဲ့စိတ်တွေ လုံးဝမရှိပါနဲ့။ ကျွန်မတို့နိုင်ငံသူ နိုင်ငံသား တစ်ယောက်ချင်း တစ်ယောက်ချင်း ဟာ ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးရှိ ပါတယ်။ တစ်ဦးချင်း တစ်ဦးချင်းဟာကျွန်မတို့နိုင်ငံအတွက် မျှော်လင့်ချက် တွေပါ။
ဘယ်သူက ဘယ်လိုအချိန်မှာ ဒီ နိုင်ငံကို ဘယ်လိုပံ့ပိုးမလဲဆိုတာ ဘယ်သူမှသိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါ။ ကျွန်မတို့တန်ဖိုးထားသလို ကိုယ့်ကိုယ် ကိုယ်တန်ဖိုးထားပါ။ ကျွန်မတို့ရဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို ကျွန်မသတိပေး ချင်တာက ပြည်သူတွေနဲ့ထိတွေ့မှုက အင်မတန်မှ အရေးကြီးပါတယ်။ ဒါက ကျွန်မထပ်တလဲလဲပြောနေတဲ့ကိစ္စပါ။ ပြည်သူတွေနဲ့ ထိတွေ့မှုရှိဖို့လိုပါတယ်။ မြို့တင်မကဘူး၊ ရွာတွေအထိဆင်းရပါ မယ်၊ ပြည်သူတွေရဲ့အသံကို နားထောင် ရမယ်၊ ပြည်သူတွေရဲ့ လိုအပ်ချက်က ဘာတွေလဲဆိုတာကြည့်ပြီး ကိုယ် အစွမ်းရှိသမျှ ဒါတွေကိုဖြည့်ဆည်းပေး ရပါမယ်။ ဒီလိုလုပ်မှသာလျှင် ပြည်သူ တွေက အုပ်ချုပ်ရေးယန္တရားအပေါ်မှာ ယုံကြည်မှုနဲ့ လေးစားမှုရှိမှာပါ။ အဲဒီ တော့ ဆက်ပြီးကျွန်မတို့အနေနဲ့ ကြိုးစားရသလို ပြည်သူတွေအနေနဲ့ လည်းကြိုးစားကြပါဟု ပြောကြား သည်။
ရှင်းလင်းပြောကြား
ယင်းနောက် တွေ့ဆုံပွဲသို့ တက် ရောက်လာကြသည့် ကျောင်းသား ကျောင်းသူ သုံးဦးက ကျေးလက်လမ်း များ ကောင်းမွန်အောင်ဆောင်ရွက် ပေးရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ အမှိုက်သိမ်းရန်အချိန်မှန် လာရောက်သိမ်းဆည်းပေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြမေးမြန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်လမ်းများ ကောင်းမွန်စေ ရေးအတွက် မြို့နယ်တစ်ခုအလိုက်ဆောင်ရွက်ပေးနေမှုများအား ရှင်း လင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကိစ္စကို ပြည်သူများဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လို ကြောင်း၊ အုပ်ချုပ်ရေးပိုင်းဝန်ထမ်းများ အနေဖြင့် ပြည်သူအပေါ်တာဝန်အရ မဟုတ်ဘဲ စေတနာထား လုပ်ဆောင် ပေးရန်လိုကြောင်း ပြောကြားသည်။
မေးမြန်း
တွေ့ဆုံပွဲတွင် ကြိုတင်တင်ပြ မေးမြန်းထားသည့် ပင်လည်ဘူး မြို့နယ် ချောင်းကွေ့ရွာမှ ဦးသိန်းလွင် က ငါးကြေးအင်း-ချောင်းကွေ့ ကျေးရွာချင်းဆက်လမ်းအား မြေသား လမ်းဖောက်လုပ်ပေးရေး၊ ချင်းကုန်း ကျေးရွာမှ ဦးတင်လှိုင်က ချင်းကုန်းရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အား အခြေခံပညာအလယ်တန်း ကျောင်းအဖြစ် တိုးမြှင့်ပေးရေး၊ မြို့မ ရပ်ကွက်မှ ဦးမောင်ကိုက မြို့မ(၂)ရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် တိုးမြှင့် ပေးရေးနှင့် ဖွံ့ဖြိုးရေးသိပ္ပံကျောင်း ခွင့်ပြုပေးရေး၊ မိုးကောင်းရပ်ကွက် မှ ဦးမောင်ရွှေက မြို့မ(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အား အခြေခံပညာအလယ်တန်း ကျောင်းအဖြစ် တိုးမြှင့်ပေးရေး၊ ကဘာ ကျေးရွာမှ ဦးအောင်ဒွေးက ကဘာ ကျေးရွာ ကျန်းမာရေးဌာနခွဲတစ်ခု ခွင့်ပြုပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်က တောင်မော်ကျေးရွာ၌ ကျန်းမာရေးဌာနခွဲတစ်ခု ခွင့်ပြုပေး ရေး၊ တုံမွန်းကျေးရွာမှ ဦးမြင့်ဇော် က တုံမွန်းကျေးရွာတွင် ၁၆ ခုတင်ဆံ့ ဆေးရုံ တည်ဆောက်ပေးရေး၊ မိုးကောင်း ကျေးရွာမှ ဦးမောင်ဝင်းက ပင်လည်ဘူး မြို့တွင် မူးယစ်ဖြတ်စခန်း တည်ထောင် ပေးရေးနှင့် ပင်လည်ဘူးမြို့နယ် မြောက်ပိုင်း (၁၆)အုပ်စုတွင် နယ်မြေ ရဲကင်းချထားပေးရေး၊ မြို့မရပ်ကွက် မှ ဦးတင်ဦးက ဝန်ထမ်းများအတွက် ဒေသစရိတ်ခွင့်ပြုပေးရေး၊ မြို့မ ရပ်ကွက်မှ ဦးချစ်ဦးက ကောလင်း-ပင်လည်ဘူးကားလမ်းအား အဆင့် မြှင့်တင်ပေးရေး၊ မြို့မကျေးရွာမှ ဦးချစ်ဝင်းက ဝါးယောချောင်းတံတား အား အသစ်တည်ဆောက်ပေးရေး၊ ကဘာကျေးရွာမှ ဦးစင်းမောင်က မကျီးပင်-ကဘာ ကျေးရွာချင်းဆက် လမ်းအား ကျောက်ချောလမ်း ဆောင်ရွက်ပေးရေး၊ ဂွေးချိုကျေးရွာမှ ဦးသိန်းဇော်က ဂွေးချိုကျေးရွာချင်း ဆက်လမ်းအား ပြုပြင်ပေးရေးနှင့် မြေကုလား-သာယာကုန်းကျေးရွာ အထွက် တံတားနှစ်စင်းအား ပြုပြင်ပေး ရေး၊ နွယ်လိမ်ကျေးရွာမှ ဦးမြင့်ရွှေက နွယ်လိမ်ကျေးရွာအဝင် မူးမြစ်ကူး ဘေလီတံတားတစ်စင်း ဆောင်ရွက် ပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်က တောင်မော်-မြောက် မော်ကျေးရွာကြားရှိ မြောက်မော် ချောင်းတံတား ဆောက်လုပ်ပေးရေး၊ တုံမွန်းကျေးရွာမှ ဦးဝင်းမြင့်ဇော်က ထမံမောက်ဒေသ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်အောင် ဆောင်ရွက် ပေးရေး၊ သင်ပေါင်းကျင်းကျေးရွာမှ ဦးစိုးလွင် က သင်ပေါင်းကျင်း- မိချောင်းအင်းမူး မြစ်ကူးတံတား ဆောင်ရွက်ပေးရေး၊ သိမ်ဇင်ကျေးရွာမှ ဦးဘိုးချင်းက ပေကုန်း-သိမ်ဇင်ကျေးရွာ မြေသား လမ်းအား ကတ္တရာလမ်းအဆင့်တိုးမြှင့် ပေးရေးနှင့် အဂ္ဂရွာချောင်းကူးတံတား၊ မှန်ကင်းချောင်းကူးတံတား၊ ရေရှင် ငယ် ချောင်းကူးတံတားတို့အား သံကူ ကွန်ကရစ်တံတား ဆောက်လုပ်ပေး ရေး၊ မော်လင်ကျေးရွာမှ ဦးအောင်ဖြူ က မော်လင်-တောင်ခြေရင်း ကျေးရွာ ချင်းဆက်လမ်းအား ကျောက်ချော လမ်းဆောင်ရွက်ပေးရေး၊ ကိုးယောက် ကျေးရွာမှ ဦးထွန်းဝေက ကိုးယောက် ကျေးရွာ၏ တောင်ဘက်မူးမြစ်ကမ်းပါး ရေတိုက်စားနေသည့် နှစ်ဖာလုံအား ကမ်းထိန်းနံရံ ဆောင်ရွက်ပေးရေး၊ မြို့မရပ်ကွက်မှ ဦးချစ်ဦးက မူးမြစ်ကမ်း ပါးထိန်းနံရံဆောင်ရွက်ပေးရေး၊ စေတီ ဦးကျေးရွာမှ ဦးမြင့်ရွှေက စေတီဦး ကျေးရွာ ကိုယ်ထူကိုယ်ထကျောင်းဆောက်လုပ်နေသဖြင့် ပံ့ပိုးကူညီပေး ရေး၊ မြို့မရပ်ကွက်မှ ဦးတင်ဦးက ပင်လည်ဘူးမြို့တွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရေး၊ ကဘာကျေးရွာမှ ဦးအောင်ခွေးက ကဘာကျေးရွာ တွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု စိုက်ထူပေးရေးတို့နှင့် စပ်လျဉ်း သည့် တင်ပြမေးမြန်းချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သက်ဆိုင်ရာကဏ္ဍအလိုက် တိုင်း ဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ များက ကိစ္စတစ်ခုချင်းအလိုက် တွေ့ဆုံရှင်းလင်းဆွေးနွေးရန် လမ်းညွှန် မှာကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား ကျောင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ပင်လည်ဘူးမြို့မှ ရဟတ်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ဟုမ္မလင်းမြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။
သတင်းစဉ်

No comments:

Post a Comment