Tuesday, January 21, 2020

အယ်ဒီတာ့ အာဘော်
================
အချိန်ရှိခိုက် အစွမ်းကုန်ကြိုးပမ်းအားထုတ်
Image may contain: text that says 'The Mirror Daily Established in 1957'
လူ့ဘဝသည် ရခဲ၏။ တန်ဖိုးရှိ၏။ လူ့ဘဝသည်သာ အရာရာကိုဆောင်ရွက် နိုင်၏။ အရာရာကို ဖန်တီးနိုင်၏။ အမှုကိစ္စဟူသမျှတို့ကို ပြုလုပ်နိုင်၏။ အများအကျိုး၊ တိုင်းပြည်အကျိုးဆောင်ရွက်နိုင်၏။ ဘဝကို မြင့်သထက် မြင့်အောင် ကြိုးပမ်းအားထုတ်နိုင်၏။ အချိန်ရှိခိုက်လုံ့လစိုက်၍ ကြိုးပမ်း အားထုတ်မှသာ တန်ဖိုးရှိသောဘဝဖြစ်၏။
တန်ဖိုးရှိသောဘဝကို မိမိအတွက်၊ မိမိအသိုက်အဝန်းအတွက်၊ မိမိ နိုင်ငံအတွက် ကောင်းအောင် လုံ့လစိုက်မှသာ မျှော်မှန်းသည့်အတိုင်း ဖြစ်လာ နိုင်၏။ အဓိကမှာလုပ်ချင်ကိုင်ချင်သော ပြင်းပြသည့်စိတ်ဆန္ဒရှိဖို့သာ လိုရင်း ဖြစ်သည်။ စစ်ကြိုခေတ်ကာလက မြန်မာပညာရှိများ၊ စာဆိုအကျော်များက မြန်မာများ နိုးကြားဖို့၊ လုံ့လဝီရိယထကြွမှုရှိဖို့ စာပေများဖြင့် နှိုးဆော် တိုက်တွန်းအသိပေးခဲ့၏။
ထိုခေတ်က နှိုးဆော်စာများအနက် ဆရာကြီးပီမိုးနင်းရေးသော ကိုယ့်ဒူးကိုယ်ချွန်စာအုပ်မှ အချိန်၏တန်ဖိုးရှိပုံအရေးအသားသည် လူငယ် လူရွယ်များသာမက လူကြီးများပါ ခွန်အားဖြစ်စေခဲ့သည်။ မိမိတို့အတွက် တိုင်းပြည်အတွက် အထောက်အပံ့ဖြစ်စေခဲ့သည်။ စစ်ကြိုခေတ်က ရေးသား ခဲ့သော ဆရာကြီးပီမိုးနင်း၏ အရေးအသားများသည် ယနေ့ထက်တိုင် အသုံးဝင်နေဆဲ ဖြစ်သည်။
ကိုယ့်ဒူးကိုယ်ချွန်စာအုပ်၌ ကျွန်ုပ်တို့မှာ တစ်သက်တာအတွင်းရှိသော အချိန်သည် မများလှပေ။ ဥပမာ အသက် ခြောက်ဆယ်ထိနေသူမှာ နှစ်ပေါင်း ၂၀ က အိပ်ရာ၌ ကုန်လွန်၏။ တိုတောင်းသောသက်တမ်း၌ နှစ်ပေါင်း ၂၀ ကို အိပ်၍ပစ်ကြ၏။ စားသောက်ခြင်းအတွက် သုံးနှစ်ကျော်ကုန်၏။ စားပွဲ၌ စားသောက်ရာတွင် ပွဲရန်အပြောင်းအလဲများ စောင့်ဆိုင်းရသောအချိန်က ကိုးလခန့်ကုန်၏။
အလုပ်အတွက် ၁၇ နှစ်ခွဲမျှ အချိန်ကုန်ရ၏။ အပျော်အပါးအတွက် ခုနစ်နှစ်ခွဲခန့်ကုန်၏။ လမ်းလျှောက်ခြင်း၊ ကစားခြင်းအတွက် ခြောက်နှစ် ခုနစ်လခန့်ကုန်၏။ ဝတ်စားဆင်ယင်ရေးအတွက် နှစ်နှစ်ခွဲခန့်ကုန်၏။ တစ်စုံတစ်ရာမျှ မလုပ်ဘဲနေသောအချိန်က နှစ်နှစ်ခွဲခန့်ရှိ၏။ သို့ဖြစ်လေရာ ထိုမျှလောက် နည်းသောအချိန်ကို သေချာစွာစဉ်းစားလျှင် လွန်စွာနှမြောဖို့ ကောင်းလေသည်။ မည်သူမဆို နာရီကို ဆောင်သင့်၏။ နာရီစက်သံကြားတိုင်း သွားပြီ၊ သွားပြီ၊ လွန်ပြီ၊ လွန်ပြီဟူသောအကြောင်းကို သတိရကာ နှမြောရမည်။
သွားသောအချိန်တို့သည် ပြန်၍မလာတော့ပေ။ တစ်နေ့ပြီးတစ်နေ့ မိမိကိုယ်တိုင် စစ်ဆေးရမည်။ ငါ မနေ့က အချိန်အဘယ်မျှ ဖြုန်းခဲ့ပါသလဲ။ မနေ့က ဖြုန်းခဲ့သောအချိန်များကို ယနေ့ ငါပြန်ဖြည့်မည်။ တစ်ခုခုရအောင် လုပ်မည်။ ပညာလား၊ ဥစ္စာလား အဘယ်အရာကို ငါရအောင်လုပ်မလဲဟူ၍ လည်း သို့လော သို့လောတွေးတောခြင်းပြုရမည်ဟု ဖော်ပြထားသည်။
စစ်ကြိုခေတ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ထက်သန်အောင် အစွမ်းကုန်ကြိုးပမ်းအားထုတ်နိုင်ရန် နှိုးဆော် ခဲ့သည်။ လွတ်လပ်ရေးအတွက် မြန်မာပြည်သူပြည်သားအားလုံး တက်ညီ လက်ညီ စည်းလုံးညီညွတ်စွာဖြင့် အပြင်းအထန်ကြိုးပမ်းကြသည်။ ထိုကာလ၌ အချိန်သည် တန်ဖိုးရှိပုံ၊ အရေးကြီးပုံကို ဆရာကြီးပီမိုးနင်းက ရေးသားခဲ့သည်။ မြန်မာများနိုးကြားကြဖို့ အထူးသဖြင့် လူငယ်များအချိန်နှင့် အမျှကြိုးစားကြဖို့ တိုက်တွန်းခဲ့သည်။
သို့ဖြစ်ရာ ယနေ့အချိန်အခါသည် တိုင်းပြည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးတို့အတွက် အရေးအကြီးဆုံးကာလဖြစ်၏။ တိုင်းပြည်တိုးတက်ရေး အတွက် အစွမ်းကုန်ကြိုးစားရမည့် အချိန်ကာလဖြစ်၏။ မြန်မာပြည်သူ ပြည်သားများ နိုးနိုးကြားကြား ထထကြွကြွ လုံ့လဝီရိယရှိစွာဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် မလုပ်ကြပါက သူတစ်ပါးအနှိမ်ခံဘဝ၊ သူတစ်ပါးနောက် အောက်ကျရမည့်ဘဝ ရောက်နိုင်၏။ ပီမိုးနင်းနှိုးဆော်စာမှ အချိန်၏တန်ဖိုးရှိပုံကို အလေး အနက်ထား၍ မြန်မာပြည်သူ ပြည်သားများ အချိန်ရှိခိုက်လုံ့လစိုက်ကာ အစွမ်းကုန်ကြိုးပမ်းအားထုတ်ရမည့်အချိန် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment