Wednesday, January 22, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နန်းယွန်းမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့မှ ဒေသခံပြည်သူ များနှင့်တွေ့ဆုံ




Image may contain: 1 person, standing
ဟုမ္မလင်း ဇန်နဝါရီ ၂၁



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိ ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများက ခန္တီးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နန်းယွန်းမြို့သို့ရောက်ရှိ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန္တီးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြရာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နန်းယွန်းမြို့နယ် စုပေါင်းရုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဓိက အရေးကြီးတဲ့ ကိစ္စတစ်ခုက လမ်းပန်းဆက်သွယ်ရေးပဲ ဖြစ်ပါတယ်။ တစ်နေရာနဲ့တစ်နေရာ ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ သွားနိုင်လာနိုင်မှသာလျှင် ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။
ဒါကြောင့် ကျွန်မတို့အနေနဲ့ ဒီလို ဝေးလံခေါင်သီတဲ့ဒေသ တွေရဲ့ လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထား ပါတယ်။ ကျွန်မနားလည်သလောက်က ဒီဒေသကို မိုးတွင်းမှာ လာမယ်ဆိုရင် အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ရာသီစုံလမ်းတွေဟာ အဓိကကျတယ် ဆိုတာကို နားလည်ပါတယ်။
အဓိကလိုအပ်ချက်တစ်ခု
ဒါပေမယ့် ဒါဟာ ဒီဒေသတင် မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးမှာ ဖြစ်နေတာကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ဘယ်နေရာသွားသွား လမ်းပန်းဆက်သွယ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့လို မုတ်သုံရာသီ ကို ရင်ဆိုင်နေရတဲ့ နိုင်ငံအတွက်ဆိုရင် အထူးသဖြင့် မိုးတွင်းမှာ မိုးဒဏ်ခံနိုင်မယ့် လမ်းတွေရှိဖို့ဟာ ကျွန်မတို့ ပြည်သူပြည်သားတွေအတွက် အဓိက လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်ကိုလည်း ကျွန်မတို့အနေနဲ့ ဖြည့်ဆည်းပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။
အခု သုံး၊ လေး နှစ်အတွင်းမှာဆိုရင် လမ်းပန်း ဆက်သွယ်ရေးဟာ အင်မတန် တိုးတက်လာတယ်ဆိုပေမယ့် လည်း လိုအပ်တာတွေလည်း အများကြီးရှိပါသေးတယ်။ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ ကျွန်မတို့ ပြည်သူလူထုရဲ့ဘ၀တွေ ပိုပြီးအေးချမ်းအောင်၊ ပိုပြီး သာယာအောင် လုပ်သွားဖို့က အင်မတန်မှ အရေးကြီး ပါတယ်။
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ ပြည်သူလူထုတွေက အဓိကပါပဲ။ ပြည်သူလူထုတွေရဲ့ စိတ်ဓာတ်ခိုင်မာမှုမရှိရင်၊ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဘယ်နိုင်ငံ မှ ရေရှည်တည်တံ့ခိုင်မြဲတဲ့တိုးတက်မှုကို ရနိုင်မှာမဟုတ် ပါဘူး။ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကို ကျွန်မတို့က ဘာကိုကြည့်ပြီး တိုင်းတာသလဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ အားအနည်းဆုံး၊ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံး ပုဂ္ဂိုလ် တွေရဲ့အဆင့်ကိုကြည့်ပြီး နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာ သလား၊ ဆင်းရဲသလားဆိုတာကို ဆုံးဖြတ်ရပါတယ်။ နိုင်ငံမှာ အကြွယ်ဝဆုံး၊ အခြေအနေအကောင်းဆုံး၊ အင်အား အများဆုံး၊ အခွင့်အရေးအများဆုံးလူတွေကိုကြည့်ပြီး နိုင်ငံက ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာကို သုံးသပ် လို့မရပါဘူး။
တိုးတက်ဖို့ အများကြီးလိုသေး
ကျွန်မတို့နိုင်ငံရဲ့ ဒေသအခြေအနေတွေနဲ့ ကြည့်လိုက် မယ်ဆိုရင် ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နန်းယွန်းလို အင်မတန်မှ သွားလာရေးခက်ခဲတဲ့ ‌ဒေသတွေမှာ ပြည်သူ တွေရဲ့ဘ၀တွေဟာ ဘယ်လောက်တိုးတက်သလဲဆိုတာ ကြည့်ပြီးမှ ကျွန်မတို့နိုင်ငံ ဘယ်လောက်တိုးတက်သလဲ ဆိုတာကို ကျွန်မတို့ ဆုံးဖြတ်နိုင်မှာပါ။ ဒီလိုနေရာတွေမှာ တိုးတက်ဖို့ အများကြီးလိုသေးတယ်ဆိုတာကို ကျွန်မတို့ရဲ့ ဒေသခံပြည်သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။
အဆင့်မြင့်တဲ့ပညာပေးနိုင်ဖို့လို
ကျွန်မ ဒီကိုလာတဲ့ အချိန်တိုအတွင်းမှာ ကျွန်မ သတိပြုမိတာက လမ်းမှာ ကျောင်းသားတွေ အများကြီး တွေ့ခဲ့ရပါတယ်။ ဒါ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့လက္ခဏာပါ။ ကျောင်းသားကျောင်းသူတွေဆိုတာ ကျွန်မတို့ နိုင်ငံ ပညာရေးရဲ့ အနာဂတ်ကို လမ်းညွှန်ပြနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ဒီကျောင်းတွေ ရှိရုံတင်မကဘူး၊ ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေ ရှိဖို့လိုတယ်။ ကျောင်းသူ ကျောင်းသားတွေ ရှိရုံတင်မကဘူး၊ ဒီကျောင်းသူ ကျောင်းသားတွေကို အဆင့်မြင့်တဲ့ပညာ ပေးနိုင်ဖို့ လိုပါတယ်။
အဲဒီတော့ အဆင့်မြင့်တဲ့ ပညာဆိုတာ ဘာလဲလို့မေးရင်၊ ကျွန်မ အမြဲပဲ ရိုးရိုးသားသား ရှင်းပြပါတယ်။ ပညာဆိုတာက ကျွန်မတို့ဘဝမှာ တွေ့ကြုံရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှု တွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိဖို့အတွက် သင်ပေးတာဖြစ်ပါတယ်။ စာအုပ်ကြီးထဲမှာပဲ စာအုပ်ထဲ ကနေ အချက်အလက်တွေသိပြီး တကယ့်ဘဝမှာ ကြုံတွေ့ရ တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုရင် ပညာတတ်လို့ခေါ်ဖို့ အင်မတန်မှ ခက်ပါ လိမ့်မယ်။
ပညာရေးစနစ်ရဲ့ အားနည်းချက်
ဒါကြောင့် ကျွန်မတို့နိုင်ငံမှာ ပညာတတ်တွေ ပေါများ စေချင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ပညာတတ်တွေဆိုတာ တချို့တွေမြင်သလို ဘွဲ့ရထားတဲ့သူတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ တက္ကသိုလ်က ဘွဲ့ရထားပြီး ကိုယ့်ဘဝကို ကိုယ်မကျောင်းနိုင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါဟာ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေက အဓိကပါ။ ပညာရေးစနစ်ဆိုတာ ပထမဦးဆုံး ကျွန်မတို့ နိုင်ငံ တစ်နိုင်ငံရဲ့ လိုအပ်ချက်ကို ကြည့်ရပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လိုအပ်ချက်မတူပါဘူး။ အင်မတန်မှ ဖွံ့ဖြိုး တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေကိုကြည့်ပြီး အဲဒီနိုင်ငံတွေ အတိုင်း ဖြစ်စေချင်တယ်ဆိုရင် ကျွန်မတို့ နိုင်ငံအတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ နောက်တစ်ခုက ကျွန်မ ခဏခဏ ပြည်သူတွေ စိတ်ဓာတ်တက်ကြွအောင်၊ စိတ်အား မငယ်အောင်လို့ သတိပေးပါတယ်။ ကျွန်မတို့နိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ နိုင်ငံတွေ၊ အခုမှစပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတဲ့ နိုင်ငံတွေ၊ ဒီနိုင်ငံတွေမှာ အားသာချက်တစ်ခုရှိပါတယ်။ ရှေ့ကသွားတဲ့ နိုင်ငံကြီး တွေက ဘာအမှားတွေဖြစ်ခဲ့သလဲဆိုတာ လေ့လာလို့ရတယ်။ ဒီမှားယွင်းမှုတွေကို ကျွန်မတို့ ရှောင်ကြဉ်လို့ရတယ်။ ကျွန်မတို့မှာ အဲဒီအခွင့်အရေး ရပါတယ်။
ရှေ့ကတက်သွားတဲ့သူတွေက သူတို့အမှားတွေကို ရှောင်ကြဉ်ပိုင်ခွင့် မရှိခဲ့ဘူး။ ဥပမာ ရေရှည်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ခြင်းဖြင့် ရေရှည်မှာ ဘယ်လိုအကျိုး သက်ရောက်မှုရှိမလဲဆိုတာကို ရှေ့ကသွားတဲ့သူတွေက မသိကြဘူး။ ကျွန်မတို့ ခရီးတစ်ခု သွားသလိုပေါ့။ အရှေ့က ခရီးသွားတဲ့သူတွေက ခလုတ်တိုက်မယ်၊ လမ်းတွေပိတ် နေတာနဲ့ ကြုံတွေ့ရမယ်၊ သဘာ၀ဘေးအန္တရာယ်တွေ စသည်ဖြင့် ကြုံတွေ့ရမယ်။ နောက်ကလာတဲ့ သူတွေက ရှေ့ကသူတွေ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရလဲဆိုတာ တွေ့တဲ့အခါကျတော့ ကျွန်မတို့ကိုယ် ကျွန်မတို့ ကာကွယ် နိုင်တဲ့နည်းတွေကို စဉ်းစားလို့ ရပါတယ်။
ရှင်းရှင်းလင်းလင်းမြင်ရ
ဒီအတိုင်းပါပဲ ကျွန်မတို့ နန်းယွန်းကို ရဟတ်ယာဉ်နဲ့ လာတဲ့အခါမှာ အောက်ကိုကြည့်လိုက်တဲ့အခါ ရွှေတူးနေတဲ့ နေရာတွေကို တွေ့ရပါတယ်။ ဒီလို ရွှေတူးတဲ့နေရာတွေ မှာ တချို့တွေက ဥပဒေဘောင်အတွင်းကမဟုတ်ဘဲ စည်းကမ်းမဲ့ရွှေတူးတဲ့အခါ သဘာ၀ပတ်ဝန်းကျင်ကို ဘယ်လောက်အထိ ထိခိုက်သွားလဲဆိုတာကို ကျွန်မတို့ မျက်ဝါးထင်ထင် မြင်ရပါတယ်။ မြေပြင်ကနေ ကြည့်တာ ထက် အပေါ်ကနေကြည့်လိုက်ရင် ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကို အင်မတန်မှ ရှင်းရှင်းလင်းလင်း မြင်ရပါ တယ်။ ဒီလိုအပေါ်ကနေ ကြည့်ပိုင်ခွင့်က လူတိုင်းရှိတာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မနည်းနည်းလေး မျှဝေပြီး ပြောပါရစေ။
ကျွန်မတို့ အပေါ်ကနေကြည့်လိုက်လို့ရှိရင် ဒီဒေသဟာ တောတောင်တွေ အင်မတန် မှ ထူထပ်ပါတယ်။ ဟိုးတုန်းက တောတောင်ကြီးတွေဟာ မပျက်မစီး အခုထက်ထိ ရှိနေတာ ကို ကျွန်မတို့ တွေ့ရပါတယ်။ ဒီဟာက တစ်ဖက်ကနေ ကြည့်လို့ရှိရင် ဒါအားနည်းချက်လို့ ကျွန်မတို့ မြင်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ သဘာဝသယံဇာတ ကြွယ်ဝမှုတစ်ခု လို့ မြင်လို့ရပေမယ့် တစ်ဖက်ကနေ ကြည့်လိုက်လို့ရှိရင် ဒီလိုတောတောင်တွေ ထူထပ်တာကြောင့်မို့လို့ ကျွန်မတို့ရဲ့ ပြည်သူလူထုအတွက် သွားရေး၊ လာရေး ခက်ခဲပါတယ်။ အသက်မွေးဝမ်းကျောင်းဖို့ ခက်ခဲမှုတွေရှိမယ်လို့ ကျွန်မတို့ ခန့်မှန်းလို့ ရပါတယ်။
တစ်ဖက်ကနေပြီး ဒီလိုတရားမဝင် ရွှေတူးထားလို့ ပတ်ဝန်းကျင်ပျက်စီးနေတာကို ကြည့်လိုက်တဲ့အခါ တရားမဝင်ရွှေတူးတဲ့သူတွေက ဥပဒေကိုချိုးဖောက်လို့ ကျွန်မတို့အနေနဲ့ ဒါကို ဘယ်လိုမှ အားမပေးနိုင်ဘူး။ သို့သော်ငြားလည်း ကျွန်မတို့ရဲ့ ပြည်သူများဟာ ချို့တဲ့လို့ ဒီလိုအလုပ်တွေ လုပ်ရတယ်ဆိုတာကို ကျွန်မတို့ နားလည် ပါတယ်။ ဒါကြောင့်မို့ ဒီလို တရားမဝင်တဲ့ အလုပ်တွေ လုပ်ဖို့မလိုအောင်လို့ ကျွန်မတို့ရဲ့နိုင်ငံကို ဖန်တီးပေးရပါ မယ်။
နိုင်ငံရဲ့အင်အားဆိုတာ
ဖန်တီးပေးတယ်ဆိုတာ အစိုးရတစ်ခုတည်းက ဖန်တီး လို့ မရပါဘူး။ ဒါကိုကျွန်မ သတိပေးပါရစေ။ အခုနန်းယွန်းလို နေရာမျိုးမှာတောင်မှ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နဲ့ အင်မတန်မှ ဝေးတဲ့နေရာမှာရှိတဲ့ ပြည်သူပြည်သားတွေတောင်မှ ကျွန်မတို့ နိုင်ငံရဲ့ ကံကြမ္မာ ကို ဖန်တီးတဲ့နေရာမှာ အရေးပါတယ်ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ဟာ နိုင်ငံအတွက် အရေးပါပါတယ်။ နိုင်ငံရဲ့ အင်အားဆိုတာ ဟာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းရဲ့ အင်အားနဲ့ စုထားတာပါ။
ကျွန်မတို့နိုင်ငံမှာ ပြည်သူ သန်းငါးဆယ်ကျော် ရှိပါတယ်။ သန်းငါးဆယ်ကျော်က ဘယ်ကစသလဲ၊ တစ်ယောက်ကပဲ စရတာပဲ။ စပြီးရေရင် တစ်ကပဲ စပြီးရေရတာပဲ။ တစ်က စပြီး မရေဘဲနဲ့ ဘယ်လိုလုပ်မှ ကျွန်မတို့ ဆက်ပြီးသွားလို့မရဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ နန်းယွန်းက ပြည်သူပြည်သားတွေဟာ ကျွန်မတို့ နိုင်ငံအတွက် အရေးပါတယ်ဆိုတာကို နှလုံးသွင်းစေချင် တယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် တန်ဖိုးထားစေချင် တယ်။ ကျွန်မတို့က တန်ဖိုးထားတယ်။ ပြည်သူပြည်သားတွေ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ကျွန်မတို့ တန်ဖိုးထားပါတယ်။ ဒီလို တစ်ယောက်ချင်း၊ တစ်ယောက် ချင်းကို တန်ဖိုးထားလို့ ကျွန်မတို့ ကျန်းမာရေးနဲ့ ပညာရေး ကို အဓိက ဦးစားပေးပြီး လုပ်နေတာဖြစ်ပါတယ်။
ကျန်းမာရေးဆိုတာက ရုပ်ပိုင်းဆိုင်ရာ ကျွန်မတို့ ပြည်သူပြည်သားများအားလုံး ကျန်းကျန်းမာမာ ခိုင်ခိုင်ခံ့ခံ့ ရှိအောင်လို့၊ ကျန်းမာရေးမကောင်းလို့ရှိရင် ဘာမှလုပ်လို့ မလွယ်ပါဘူး။ ကိုယ်က အိပ်ရာပေါ်မှာ လဲနေမယ်ဆိုရင် ဘယ်လောက်ပဲ ပညာရှိရှိ၊ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ဒီအရည်အချင်းတွေကို သုံးလို့မရပါဘူး။ အဲဒါက ရုပ်ပိုင်း ဆိုင်ရာပါ။ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကြုံတုန်း ကျွန်မ တို့ရဲ့ မိခင်တွေကို သတိပေးချင်ပါတယ်။ ကိုယ့်သားသမီးတွေ ရဲ့ ရှေ့အနာဂတ်အတွက် ကျန်းမာရေးဆိုတာဟာ မိခင်ဝမ်းထဲ မှာရှိကတည်းက စတယ်ဆိုတာကို သတိပေးချင်ပါတယ်။
အထူးပံ့ပိုးမှုတွေလုပ်ပေးနေ
ဒါကြောင့်မို့ ကျွန်မတို့ကနေပြီး ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားမိခင်တွေကို ကိုယ်ဝန်ဆောင်ကနေပြီး ကလေး အသက် နှစ်နှစ်ရှိတဲ့အထိ အထူးပံ့ပိုးမှုတွေ လုပ်ပေးနေ တာပါ။ ဘာဖြစ်လို့ ကျွန်မ ဒါကိုပြောရလဲဆိုရင် ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ ကလေးရဲ့ ကျန်းမာရေး အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ ဦးနှောက်ပိုင်းဆိုင်ရာရော ဖွံ့ဖြိုးရေးအတွက် မိခင်ကို စောင့်ရှောက်ရပါတယ်။ ဒီကလေးကို ဖွားမြင်ပြီးတဲ့အခါမှာလည်း အသက် နှစ်နှစ် အထိ ကျွန်မတို့ စောင့်ရှောက်ဖို့ သိပ်အရေးကြီးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကလေးရဲ့ ပထမဦးဆုံး အသက် နှစ်နှစ်အတွင်းမှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အင်တန်မှ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒီအသက် နှစ်နှစ်အောက် ကလေးတွေဟာ အာဟာရသိပ်ပြီးချို့တဲ့ တယ်ဆိုရင် ဦးနှောက်ဟာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး ပါဘူး။ ဒါကြောင့် ကျွန်မတို့က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ နှစ်ခုစလုံးကို စဉ်းစားပြီး ကျွန်မတို့ ကလေးတွေကို မိခင်ဝမ်းထဲကနေစပြီး အသက် နှစ်နှစ်ပြည့်တဲ့အထိ အထူးပံ့ပိုးဖို့၊ ထောက်ပံ့ဖို့၊ ကျန်းမာရေးအရစောင့်ရှောက်ဖို့ ကျွန်မတို့ စီစဉ်ထားပါတယ်။
ပညာတတ်တွေအများကြီးလို
ကျွန်မတို့ခရီးစဉ်မှာ ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်တိုင် ပါလာပါတယ်။ ဒီလိုနေရာ တွေမှာ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲ၊ ကျွန်မတို့ ဘာတွေလုပ်ပေးဖို့လိုသလဲဆိုတာကို ကျွန်မတို့ သိချင်လို့ ဖြစ်ပါတယ်။ အဲဒီတော့ ကျန်းမာတဲ့ ကလေးတွေဖြစ်ပြီဆိုရင် ဒီကလေးတွေကို ပညာတတ်အောင်လို့ ကျွန်မတို့ သင်ပေးရ ပါမယ်။ နိုင်ငံတစ်နိုင်ငံမှာ ပညာရှိများတယ်ဆိုရင် ဒီနိုင်ငံရဲ့ ခံနိုင်ရည်စွမ်းအားဟာ အင်မတန်မှ များပါတယ်။ ကျွန်မ မကြာခဏ ကြုံတဲ့အခါ ပြောရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေး ပထမဆုံးရှေ့တန်းဆိုတာ သံတမန်ရေးရာပဲလို့ ကျွန်မ ပြောပါတယ်။ သံတမန်ရေးရာဆိုတာ ဘာလဲ ဆိုတော့ ကမ္ဘာကြီးနဲ့ ဆက်ဆံတဲ့အခါမှာ ပညာအရည်အချင်း ကိုသုံးပြီး ကျွန်မတို့ နိုင်ငံကို ကာကွယ်တာပါ။ ဒါကြောင့် ကျွန်မတို့ ပညာတတ်တွေ အများကြီးလိုတယ်။ အတွေး အခေါ်ရှိတဲ့သူတွေ လိုတယ်။ အတွေးအခေါ်နဲ့အတူတူ တစ်ချိန်တည်းမှာပဲ လုပ်တတ်ကိုင်တတ်တဲ့ လူတွေလည်း လိုပါတယ်။
ကမ္ဘာကြီးရဲ့လိုအပ်ချက်တွေနဲ့ မကိုက်ညီ
ဒါကြောင့် ကျွန်မတို့ ပညာရေးဘက်မှာဆိုရင် အသက် မွေးဝမ်းကျောင်းပညာကို အင်မတန်မှ အားပေးပါတယ်။ အဲဒီဟာကလည်း ကျွန်မတို့နိုင်ငံမှာ ဒီလိုခေတ်မီတဲ့ အတွေး တွေ တွေးနိုင်ဖို့အတွက် အခွင့်အရေးရဖို့ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင် တော်တော်ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံများမှာဆိုရင် ပညာရေးစနစ် မမှန်ကန် ခဲ့လို့ အခုပြဿနာတွေ ရှိနေပါတယ်။ မမှန်ကန်ခဲ့တာ တစ်ခုက ဘာလဲဆိုတော့ တက္ကသိုလ်ပညာရေးကို ဦးစားပေး ပြီး အသက်မွေးဝမ်းကျောင်းပညာရေးကို အရေးမကြီးဘူး ဆိုပြီး ဘေးဖယ်ထားတဲ့ နိုင်ငံတွေဟာ အခုမှ ပြဿနာ ဖြစ်နေမှန်း သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ် ဘွဲ့ရတွေ၊ အလုပ်လက်မဲ့ ဘွဲ့ရတွေဆိုတာ ကျွန်မတို့ နိုင်ငံမှာတင်ရှိတာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တော်တော်များများမှာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ဘွဲ့တွေနဲ့ အခုခေတ် ကမ္ဘာကြီးရဲ့ လိုအပ်ချက် တွေနဲ့က မကိုက်ညီပါဘူး။ ဒါကြောင့် ဒီကမ္ဘာကြီးမှာ တကယ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံ တွေက အသက်မွေးဝမ်းကျောင်းပညာ၊ နည်းပညာဘက်ကို အားပေးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ကျွန်မတို့ နိုင်ငံမှာလည်း မူအရကို ပညာရေးဘက်မှာ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာကို အားပေး ပါတယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်သူ ပြည်သားတွေက မိဘတွေရော၊ ကျောင်းသူ ကျောင်းသား တွေရော နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာကို စိတ်ဝင်စားကြတယ်။ အားသန်ကြတယ်။ တချို့နိုင်ငံတွေမှာ သူတို့အစဉ်အလာက ဘယ်လိုဖြစ်သွားလဲဆိုတော့ တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်လို့ သတ်မှတ်တဲ့ အစဉ်အလာ ဖြစ်သွားတယ်။ အဲဒီလို အစဉ်အလာဖြစ်သွားတဲ့အခါ နိုင်ငံဟာ နစ်နာပါတယ်။ အားလုံးက တက္ကသိုလ်ဘွဲ့ရချင် တယ်။ တကယ်နိုင်ငံမှာ လိုအပ်နေတဲ့ နည်းပညာတွေကို သင်ယူချင်တဲ့စိတ်က နည်းသွားတယ်။
အခွင့်အရေးတွေကို မှန်မှန်ကန်ကန်သုံး
ကျွန်မတို့ လူငယ်တွေရော၊ ကျောင်းသူ ကျောင်းသား တွေရော၊ ကျောင်းသူ ကျောင်းသား မိဘများကပါ အသက် မွေးဝမ်းကျောင်းပညာဘက်ကို သွားဖို့အားပေးကြပါ။ တက္ကသိုလ်ပညာဆိုတာလည်း သူ့တန်ဖိုးနဲ့သူ ရှိတယ်။ ဒါပေမယ့် အသက်မွေးဝမ်းကျောင်းပညာဆိုတာ သူ့တန်ဖိုး နဲ့သူ ရှိတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့မှာ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာကို လိုက်တဲ့ ကလေးများဟာ တက္ကသိုလ်ပညာဆည်းပူးသင်ကြားတဲ့ ကလေးများနဲ့ တန်းတူညီတူလည်း ဖြစ်တယ်။ ဘဝမှာလည်း အခွင့်အရေးအတူတူရတယ်။ တချို့ဆိုရင် တက္ကသိုလ်ဘွဲ့ ရတာထက် နည်းပညာသင်ယူထားတဲ့လူတွေ၊ အသက် မွေးဝမ်းကျောင်းပညာသင်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီး ဝင်ငွေကောင်းပါတယ်။ အဲဒီတော့ လူမှုရေးအရ တန်းတူ ညီတူဖြစ်တယ်။ တက္ကသိုလ်ဘွဲ့ရတွေမှ သာတယ်ဆိုတဲ့ ကိစ္စဟာ အခုဆိုရင် ဒီလိုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ မရှိတော့ ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို မှန်မှန် ကန်ကန်သုံးဖို့ ကျွန်မအနေနဲ့ အားပေးပါရစေ။
ကျွန်မ ဒီကိုလာတဲ့ အဓိက အကြောင်းရင်းတစ်ခုက ကျွန်မတို့ နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် နေရာတိုင်း၊ နေရာတိုင်းမှာ သူ့ပြဿနာနဲ့သူ ရှိတယ်။ သူ့အခက်အခဲ နဲ့သူ ရှိတယ်။ ဒီလိုအခက်အခဲတွေကို စာရွက်ပေါ်မှာ ကြည့်မယ့်အစား ကိုယ်တိုင်ဆင်းပြီးကြည့်တာနဲ့ ဘယ်တော့ မှ မတူပါဘူး။ ကိုယ်တိုင်ဆင်းပြီးလေ့လာမှ ပိုပြီး ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မ ဒီလို ပြည်သူလူထုတွေနဲ့ တွေ့ဆုံပွဲလုပ်တယ်ဆိုတာ ပြည်သူ တွေရဲ့အသံကို တိုက်ရိုက်ကြားချင်လို့ပဲ။ တစ်ဆင့်တင်ပြတာ မဟုတ်ဘဲနဲ့ အစိုးရအဖွဲ့တွေက တစ်ဆင့်တင်ပြတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဆင့်တင်ပြတာ မဟုတ်ဘဲ ပြည်သူများကိုယ်တိုင် ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့ အတိုင်း တင်ပြတာကို ကြားချင်လို့ ဒီလိုလူထုတွေ့ဆုံပွဲ လုပ်တာပါ။
လက်တွေ့ကျကျ မဖြစ်နိုင်
ဒါပေမယ့်လည်း ဒီလိုလူထုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါ မှာ လူတိုင်းနဲ့ စကားပြောဖို့ဆိုတာက လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့က တချို့မေးခွန်းတွေကို ကြိုတင်ပြီး တင်ထားတာတွေရှိပါတယ်။ ကြိုတင်ပြီး တင်ထားတဲ့မေးခွန်းတွေမဟုတ်ရင် ကျွန်မတို့ အချိန်ပေါ်မှာ မူတည်ပြီး မေးခွင့်ပေးပါတယ်။ ပထမအနေနဲ့ စာရေးပြီး တင်ထားတဲ့ မေးခွန်းတွေကို ဖြေပါ့မယ်။ ဖြေတဲ့အခါ တချို့မေးခွန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များက ဖြေပါ့မယ်။ တချို့မေးခွန်းတွေကို တိုင်းအစိုးရအဖွဲ့ဝင်များက ဖြေပါ့မယ်။ အချိန်ပေါ်မှာမူတည်ပြီး ကျွန်မအနေနဲ့ ပြည်သူလူထုတွေကို မေးပိုင်ခွင့်ပေးပါမယ်” ဟု ပြောကြား သည်။
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထား သည့် နန်းယွန်းမြို့မှ မြို့မိမြို့ဖ ဦးကျော်သန်းက နန်းယွန်း မြို့မှာ ဟူးကောင်းဘေးမဲ့တောတွင် ပါဝင်နေခြင်းကို ပယ်ဖျက်ပေးရန်နှင့် လိုအပ်သော ဘေးမဲ့တောအား ဒေသခံ ပြည်သူများဆန္ဒဖြင့် သတ်မှတ်ပေးရန်၊ ပန်ဆောင်မြို့မှ သိက္ခာတော်ရ ဦးယောဆက်က ပန်ဆောင်နယ်စပ်ဈေးအား မြန်မာ-အိန္ဒိယ နှစ်နိုင်ငံညှိနှိုင်း၍ တရားဝင်ဖွင့်လှစ်ပေးရန် နှင့် ပန်ဆောင်မြို့ နောင်ယန်းချောင်း၌ အသေးစား ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရန်၊ ပန်ဆောင်မြို့မှ ဦးဇင်းဝမ်းက နန်းယွန်းမြို့တွင် ခုတင်(၅၀)ဆံ့ ဆေးရုံ တည်ဆောက်ပေးရန်နှင့် နန်းယွန်းမြို့နယ်မှ ဟရှိတ်၊ နုတ်ညို၊ ကဲဆန်နုတ်ညို၊ တကား၊ လုံလောင်း၊ ယောင်ကွန် ကျေးရွာများမှ ကျန်းမာရေးဌာနခွဲများအား ကျန်းမာရေးဌာန အဆင့်တိုးမြှင့်ပေးရန်၊ နန်းယွန်းမြို့မှ ဦးယောင်ရန်က နန်းယွန်း အခြေခံပညာအထက်တန်းကျောင်းအတွက် ပေ ၁၂၀ RC နှစ်ထပ်ဆောင် တစ်ဆောင် ဆောက်လုပ်ပေးရန်၊ နန်းယွန်းမြို့မှ သိက္ခာတော်ရ ဦးတီးရဲက တကားခွင်ရှိ ကျေးရွာ (၇) ရွာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများ လွတ်လပ်စွာသွားလာခွင့်ပြုရန်၊ နန်းယွန်းမြို့မှ ဒေါ်ကျဖြန်းက နန်းယွန်းမြို့သို့ မြစ်ကြီးနား၊ တနိုင်းမှ ဆန်၊ စက်သုံးဆီ၊ တည်ဆောက်ရေးပစ္စည်းများ လွတ်လပ်စွာ သယ်ယူခွင့်ပြုရန်နှင့် အညိုရောင်နယ်မြေ အဖြစ် ကန့်သတ်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုရန်၊ နန်းယွန်း မြို့မှ ဦးယောင်းလန်းက ရှင်ဘွေယန်-နန်းယွန်း- ပန်ဆောင် လမ်းပိုင်းကို အဆင့်မြှင့်တင်ပေးရန်၊ နန်းယွန်းမြို့မှ ဒေါ်ဖုန်လန်က နေ့စဉ်ဝင်ငွေရရှိနိုင်သော အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ ၀ဥ၊ အာလာဂျီ စိုက်ပျိုးရေးစီမံကိန်းများ ဆောင်ရွက်ပေးရန်၊ နန်းယွန်းမြို့မှ ဦးယောင်ရန်က နန်းယွန်းမြို့ မူလတန်း ကျောင်း ၄၃ ကျောင်းအတွက် လိုအပ်နေသည့် ကျောင်းအုပ် ဆရာ၊ ဆရာမများ လိုအပ်နေမှုကို ဒေသခံပညာရေး ဝန်ထမ်းများအား တိုးမြှင့်ပေးရေး၊ နန်းယွန်းမြို့မှ ဒေါ်ယမ်နင်က နန်းယွန်းမြို့၊ ဒုံဟီးမြို့၊ ပန်ဆောင်မြို့တို့မှ မြို့တွင်းလမ်းများအား ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ပေးရန်၊ နန်းယွန်းမြို့ မြို့နယ် နာဂရိုးရာ စာပေယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးနောက်တွန်းက မြို့နယ်ခန်းမနှင့် နာဂရိုးရာခန်းမ တည်ဆောက်ပေးရန်တို့နှင့် စပ်လျဉ်းသည့် မေးမြန်းတင်ပြချက်များကို လည်းကောင်း။
ရှင်းလင်းပြောကြား
ခန်းမအတွင်းမှ မေးမြန်းတင်ပြလိုသည့် နန်းယွန်းမြို့မှ ဦးစိုးသန်းက နန်းယွန်းမြို့တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် နောင်ယန်းအင်း၌ ငါးမျိုးသစ်မွေးမြူနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ခန်းမအပြင်မှ မေးမြန်းတင်ပြလိုသည့် ဦးအေးမင်းစိုးက နာဂဒေသ လူငယ်များအတွက် အသက် မွေးဝမ်းကျောင်းသင်တန်းကျောင်း ဖွင့်လှစ်ပေးရန်တို့ကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က ချက်ချင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက် ပေးရမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ခွင့်ပြုချက်ရယူရန်လို
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များကိုကြည့်ပါက တိုင်းဒေသကြီးအစိုးရ အနေဖြင့် ပြည်သူနှင့်ထိတွေ့ရန် လိုအပ်နေပါကြောင်း၊ တချို့ဒေသများသို့သွားရောက်ရန် လုံခြုံရေးအရ ခွင့်ပြုချက် ရယူရန် လိုအပ်သည်ကို လက်ခံပါကြောင်း၊ သို့သော်လည်း ခွင့်ပြုချက်ရယူနိုင်ရန်အတွက် သက်ဆိုင်ရာနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ပြည်သူ့အသံကို အမြဲနားထောင်စေလို ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား ဒေသခံများက မိသားစုအသွင်ဖြင့် ဆက်ဆံရန်လိုအပ်ပါကြောင်း၊ မိမိတို့မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်ပါကြောင်း၊ မတူညီသည့် ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားရမည် ဖြစ်ပါကြောင်း၊ ဒေသခံများအနေဖြင့် မိမိဒေသအတွက် ဂုဏ်ယူချင်သည့် စိတ်ဓာတ်ရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် တာဝန်ယူသည့်စိတ်ဖြင့် ရှင်သန်စေလိုပါကြောင်း၊ သို့မှသာတန်ဖိုးရှိမည်ဖြစ်ကြောင်း၊ ဒေသတင်ပြချက်များကို အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် နန်းယွန်းမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာကြရာ ခန္တီးမြို့သို့ ပြန်လည်ရောက်ရှိကြပြီး ထိုမှ တစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
သောင်းသောင်းဖြဖြကြိုဆို
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပင်လည်ဘူးမြို့သို့ ရောက်ရှိကြရာ မြို့တွင်းလမ်းမတစ်လျှောက်၌ ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်လည်ဘူးမြို့ အားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မ ပင်လည်ဘူးကိုလာရတဲ့ အဓိကအကြောင်းက ကျွန်မကို ပင်လည်ဘူး ကိုယ်စားလှယ်က သတိပေးပါတယ်။ ကျွန်မ နှစ်ပေါင်းများစွာ ပင်လည်ဘူးကို လာမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်တဲ့။ အဲဒါအခုထက်ထိ မရောက်သေးဘူး ဆိုတော့ ဒီကတိတည်ဖို့အတွက် ကျွန်မလာခဲ့တာပါ။ ပြည်သူလူထုကို ပေးတဲ့ကတိတွေတည်ဖို့ ကျွန်မအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်တော့မှ ကျွန်မ ပေါ့ပေါ့တန်တန်နဲ့ ကတိမပေးပါဘူး။ စကားတစ်ခွန်း ပြောရင် ဒါကိုအလေးအနက်ထားရမယ်ဆိုတာကို ကျွန်မ မှတ်ယူထားပါတယ်။ အထူးသဖြင့် ကျွန်မတို့ ပြည်သူလူထုနဲ့ ပတ်သက်ရင် နှစ်သိမ့်တဲ့ သဘောနဲ့၊ ပြဿနာရှင်းတဲ့ သဘောနဲ့ လုပ်နိုင်တာ၊ မလုပ်နိုင်တာကို မဆင်ခြင်ဘဲနဲ့ ကတိကဝတ်တွေကို လွယ်လွယ်ပေးတဲ့အလုပ်ကို ကျွန်မ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။
ပြည်သူလူထုရဲ့ ယုံကြည်မှု
ကျွန်မတို့အဖွဲ့ချုပ်က အဖွဲ့ဝင်တွေကိုလည်း ကျွန်မ အမြဲတမ်း မှာပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝင်တွေကိုလည်း မှာပါတယ်။ မတည်နိုင်တဲ့ ကတိတွေကို ပြည်သူလူထုကို မပေးပါနဲ့၊ မတည်နိုင်တဲ့ ကတိတွေပေးလိုက်ရင် ဒီကတိတွေ မတည်နိုင်တာကြောင့်မို့ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားရင် ပြန်ပြီးတည်ဆောက်ရတာ အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့အတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင် ချင်တယ်ဆိုတဲ့ လူတိုင်း၊ လူတိုင်းအတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုရဖို့ဆိုတာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
ပြည်သူရဲ့ ယုံကြည်မှုမရှိဘဲနဲ့ ဘယ်အစိုးရအဖွဲ့မှ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှ နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ တချို့က ပြည်သူတွေကို လျှော့ပြီးတွက်တယ်။ ပြောရမယ်ဆိုရင် ပြည်သူတွေကို အထင်သေးတယ်။ တောင်းတာကိုပေးမယ်လို့ပြောရင် ငါတို့ကို ထောက်ခံမှာပဲ ဆိုပြီး ထင်တဲ့လူတွေရှိပါတယ်။ ကျွန်မက ကျွန်မတို့ရဲ့ ပြည်သူလူထု ကို ဒီလိုအထင်မသေးပါဘူး။ ကျွန်မ တန်ဖိုး ထားတယ်၊ လေးစားတယ်၊ မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်မ ယူဆပါတယ်။
ကိစ္စတစ်ခုကို ဖြစ်မြောက်အောင် လုပ်ပေးနိုင်တယ် ဆိုရင် ကျွန်မတို့ လုပ်ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူစိတ်ချမ်းသာမှ ကျွန်မတို့နိုင်ငံက စိတ်ချမ်းသာမှာပါ။ ဒါပေမယ့် ကိုယ်မလုပ်ပေးနိုင်တဲ့ကိစ္စကို ချွေးသိပ်တဲ့သဘော နဲ့ လုပ်ပေးမယ်၊ အဲဒီလိုပြောလိုက်ရင် ပြည်သူက ကျေနပ် သွားမှာပဲဆိုပြီး ဒီလိုစော်ကားချင်တဲ့ စိတ်ဓာတ်မရှိပါဘူး။ ပြည်သူကို မလေးစားတာက စော်ကားရာရောက်ပါတယ်။
ကျွန်မက ပင်လည်ဘူးကို လာတယ်ဆိုတာကလည်း ပင်လည်ဘူးရဲ့ မြို့သူမြို့သားတွေ၊ ပင်လည်ဘူးမှာရှိတဲ့ ကျွန်မတို့ ပြည်သူများကို လေးစားသောအားဖြင့် လာတာပါ။ ဒါက ပထမအချက်ပါ။
တရင်းတနှီး ထိတွေ့မှုလိုချင်
ဒုတိယအချက်က ကျွန်မတို့အနေနဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူပြည်သားတွေနဲ့ တရင်းတနှီး ထိတွေ့မှုကို လိုချင်ပါတယ်။ သို့သော်လည်း လက်တွေ့ကျကျတော့ ဒါမဖြစ်နိုင်ပါဘူး။ ပြည်သူ သန်းငါးဆယ်ကျော်နဲ့ အားလုံး တရင်းတနှီးရှိဖို့ဆိုတာက လက်တွေ့ကျကျ ဖြစ်နိုင်တဲ့ အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားပါတယ်။ မနက်ကဆိုရင် ကျွန်မတို့ရောက်ခဲ့တဲ့ နန်းယွန်းဒေသဟာ အင်မတန်မှ ဝေးလံခေါင်သီတဲ့ ဒေသပါ။ ပင်လည်ဘူးက ဒီလောက်မဝေးပါဘူး။ ဒီလောက်လည်း ခေါင်တာ မဟုတ်ဘူး။ သို့သော်ငြားလည်း ကျွန်မတို့ နေပြည်တော်ဘက်၊ မန္တလေးဘက်၊ ရန်ကုန်ဘက် မြို့ကြီးတွေဘက်ကနေ ဒီကိုရောက်တယ်ဆိုတာ ခဲယဉ်းပါတယ်။ ရောက်ဖို့ ခဲယဉ်းပါတယ်။ ခဲယဉ်းလို့ကို ကျွန်မတို့က အသေအချာ ဂရုစိုက်ပြီး ရောက်အောင် လာခဲ့တာပါ။
ကြိုးစားပြီး ဖြေရှင်းပေးနိုင်မှာဖြစ်
ကျွန်မတို့က ပြည်သူပြည်သားတွေနဲ့ တွေ့တဲ့အခါ ကျွန်မတို့ ပြည်သူတွေရဲ့ အဓိက ပြဿနာတွေ ဘာရှိသလဲ ဆိုတာကို သိချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့အနေနဲ့ ကြိုးစားပြီး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကြိုးစားပြီး ဖြေရှင်းပေးတယ်ဆိုပေမယ့်လည်း အားလုံးကို ချက်ချင်း ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ စိန်ခေါ်မှု တွေကို ကျွန်မတို့အားလုံး အတူဖြေရှင်းချင်တယ်ဆိုရင် အားလုံးအတူ လုပ်ဖို့လိုပါတယ်။
ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သားတွေကို အမြဲသတိပေးပါတယ်။ ကိုယ်က အဓိကပါ။ တစ်ဦးချင်း၊ တစ်ဦးချင်း လုပ်ဆောင်မှု၊ စွမ်းဆောင်မှုဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါဟာ အသက်အရွယ်နဲ့လည်း မဆိုင်ပါဘူး။ လူကြီးဖြစ်စေ၊ လူငယ် ဖြစ်စေ နိုင်ငံ့ရဲ့အကျိုးကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကလေးတွေ၊ ကျောင်းသူ ကျောင်းသားတွေကအစ လူကြီးမိဘတွေဟာ နိုင်ငံ့အကျိုး ကို ဘယ်လိုထမ်းဆောင်နိုင်မလဲဆိုတာကို စဉ်းစားကြစေ ချင်ပါတယ်။
အားလုံးညီညွတ်မှ တိုးတက်နိုင်
ပထမဦးဆုံးက ညီညွတ်မှုနဲ့ ထမ်းဆောင်စေချင်ပါ တယ်။ ကျွန်မတို့အားလုံး ညီညွတ်မှ တိုးတက်နိုင်မှာပါ။ အားလုံးညီညွတ်ဖို့ဆိုတာ စိတ်ရင်းစေတနာမှန်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ စိတ်ရင်းစေတနာထားပြီး ငါတို့ အတူလက်တွဲပြီး ငါတို့နိုင်ငံကြီး တိုးတက်အောင်လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်အပြည့်အဝရှိရင်၊ ကျွန်မတို့ နိုင်ငံဟာ မြန်မြန်ဆန်ဆန် တိုးတက်လာမှာပါ။ အခုပင်လည်ဘူးလို ဝေးလံခေါင်သီတဲ့ နေရာတွေမှာဆိုရင် တိုးတက်မှုဟာ ရှိသင့်သလောက် မရှိပါဘူး။ တိုးတက်မှုကို ကျွန်မတို့ ဘယ်လိုတိုင်းတာသလဲဆိုတော့ ကျွန်မတို့အနေနဲ့ ပြည်သူ ပြည်သားတွေ စိတ်လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတာနဲ့ ပထမ တိုင်းတာရပါတယ်။ စိတ်လုံခြုံမှုရှိဖို့ ကိုယ်ရဲ့လုံခြုံမှုလည်းရှိရပါမယ်။ စိတ်လုံခြုံမှုရှိဖို့ဆိုတာ ကိုယ်က ကိုယ့်အိမ်ထဲမှာလည်း လုံခြုံတယ်၊ ကိုယ့်အိမ်ပြင်ပ ထွက်သွားတဲ့အခါမှာလည်း လုံခြုံတယ်ဆိုတဲ့ လုံခြုံမှုရှိရ ပါမယ်။
နောက်တစ်ခုက လုံခြုံမှုဆိုတာ မနက်မိုးလင်းတာနဲ့ ကိုယ့်ရဲ့ဘဝအတွက် ပူပန်သောကမဖြစ်ရတဲ့ အနေအထား မှာ ရှိရမယ်။ မနက်ကျရင် ၀ဝလင်လင်စားရမယ်၊ နေစရာရှိ တယ်၊ ဝတ်စရာရှိတယ်၊ စားစရာရှိတယ်၊ သားသမီးရှိတဲ့ မိသားစုတွေဟာ သားသမီးကို ပညာသင်ပေးနိုင်မယ် အဲဒီလို စိတ်လုံခြုံမှုတွေရှိဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။ နောက်တစ်ခုက အလုပ်နဲ့ပတ်သက်လို့ လုံခြုံမှု။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေထဲမှာဆိုရင် အလုပ်လက်မဲ့တွေက အင်မတန်မှ များပါတယ်။
ကလေးတွေက ပညာသင်ချင်တဲ့ စိတ်ရှိ
ကျွန်မ ပင်လည်ဘူးကို လာတဲ့လမ်းမှာ ကျောင်းသူ ကျောင်းသားတွေ အများကြီးတွေ့ရပါတယ်။ လမ်းမှာ ကျောင်းသူ ကျောင်းသားတွေ တွေ့ရတယ်ဆိုရင် အမြဲတမ်း စိတ်ချမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ ကလေးတွေက ပညာသင်ချင်တဲ့ စိတ်ရှိတယ်။ မိဘတွေက လည်း ကလေးတွေကို ပညာသင်ပေးချင်တဲ့ ဆန္ဒရှိတာ ပြလို့ပဲ။ နိုင်ငံ့အတွက် ပညာဟာ အင်မတန်မှ အရေးကြီး တယ်ဆိုတာကို ကလေးတွေ သေသေချာချာ မှတ်ထားစေ ချင်တယ်။ လူကြီးတွေအနေနဲ့လည်း မှတ်သားစေချင်တယ်။ ပညာဆိုတာ ကျွန်မတို့နိုင်ငံအတွက် အနာဂတ်ပဲ။ ပညာရှိတွေမွေးထုတ်နိုင်မှ ဒီနိုင်ငံရဲ့ အနာဂတ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။ အဲဒီတော့ ပညာရှိဆိုတာ တက္ကသိုလ်ဘွဲ့ရတွေကို ပြောတာမဟုတ်ဘူးဆိုတာကို သဘောပေါက်စေချင်တယ်။ ပညာရှိဆိုတာဟာ ကိုယ့်ဘဝ မှာ ရင်ဆိုင်ရမယ့် ပြဿနာတွေကို ဖြေရှင်းတတ်တဲ့သူတွေကို ပညာရှိလို့ ဒီလိုပဲ သတ်မှတ်ပါတယ်။
တက္ကသိုလ်က ဘွဲ့တွေ ဘယ်လောက်များများပဲရရ ကိုယ်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မတတ်ဘူး ဆိုရင်၊ ဖြေရှင်းနိုင်တဲ့ အစွမ်းမရှိဘူးဆိုရင် ဒါတကယ့် ပညာရှိ မဟုတ်ပါဘူး။ ဒါသင်ထားတာတွေပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကို ပညာရှိဖြစ်စေချင်ပါ တယ်။ ကိုယ့်ဘဝကို ကိုယ်ဘယ်လို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ရင်ဆိုင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာတတ်တဲ့ ပြည်သူတွေ ဖြစ်စေချင်တယ်။
ကမ္ဘာကြီးတည်သရွေ့ တည်ရှိ
နိုင်ငံတစ်နိုင်ငံဟာ ခေတ်ပေါင်းများစွာ ကျော်လွှားရ ပါတယ်။ ဒီနိုင်ငံဟာ ကမ္ဘာကြီးတည်သရွေ့ တည်ရှိနေမှာပဲ။ ကမ္ဘာကြီးတည်သရွေ့ တည်ရှိနေတဲ့အချိန်မှာ ကျွန်မတို့ ဘယ်လောက် ပြဿနာတွေ ရင်ဆိုင်ရမယ်ဆိုတာ ဘယ်သူမှ ပြောလို့မရဘူး။ ဒီကမ္ဘာကြီးမှာဆိုရင် အချမ်းသာဆုံး နိုင်ငံကြီးတောင်မှ ပြဿနာတွေ မကင်းပါဘူး။ တစ်ခုပြီး တစ်ခု ဖြစ်နေတာပဲ။ အဲဒီတော့ ကျွန်မတို့လို ဖွံ့ဖြိုးစ နိုင်ငံတစ်ခုမှာ ကိုယ့်ပြဿနာတွေနဲ့ ကိုယ်ရှိတယ်။ ဒါကြောင့် ကျွန်မတို့ အားငယ်စရာမလိုပါဘူး။
အရည်အချင်းတွေကို ထိန်းသိမ်းထား
ကျွန်မ ကမ္ဘာတစ်ဝန်းကို ရောက်ဖူးပါတယ်။ ကမ္ဘာပေါ် မှာ အကြီးဆုံး၊ အချမ်းသာဆုံးဆိုတဲ့ မြို့ကြီးတွေကိုလည်း ရောက်ဖူးပါတယ်။ သို့သော်ငြားလည်း ဒီမြို့ကြီးတွေမှာ၊ ဒီနိုင်ငံကြီးတွေမှာရှိတဲ့ ပြည်သူပြည်သားတွေမှာ မရှိတဲ့ အရည်အချင်းတွေ ကျွန်မတို့ ပြည်သူတွေမှာ ရှိတယ်။ ဒီလိုကောင်းတဲ့ အရည်အချင်းတွေကို ထိန်းသိမ်းထားရမယ်။ သူတို့ သာတာတွေလည်းရှိတယ်။ ကျွန်မတို့ သာတာတွေ လည်းရှိတယ်။ ကိုယ်သာတဲ့ အချက်တွေကို ကိုယ်ထိန်းသိမ်း ထားရမယ်။
ဥပမာဆိုရင် ကမ္ဘာတစ်ဝန်းမှာ စစ်တမ်းကောက်လိုက် တဲ့အခါ သူတို့ ဘာတွေ့သလဲဆိုတော့ ဒီမြန်မာနိုင်ငံက ပြည်သူလူထုတွေလောက် ရက်ရောတာ၊ ပေးကမ်းဝေမျှတဲ့ လူမျိုးမရှိဘူးဆိုပြီး သူတို့ သတ်မှတ်ပါတယ်။ ဒါတောင်မှ ကျွန်မတို့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါတယ်လို့ ပြောရမှာပဲ။ ဖွံ့ဖြိုးမှုအနည်းဆုံး၊ အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါတယ်ဆိုပေမယ့်၊ ကျွန်မတို့ရဲ့ ပြည်သူ လူထုဟာ ကမ္ဘာပေါ်မှာ အရက်ရောဆုံး၊ ပေးကမ်းလှူဒါန်းမှု မှာ စိတ်ပါဝင်စားဆုံး၊ အင်အားအများဆုံး ပြည်သူတွေ ဆိုပြီး သူတို့သတ်မှတ်ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ မေတ္တာ၊ စေတနာရဲ့ အကျိုးပေးလို့ ထင်မိပါတယ်။
အဲဒီတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မျှတချင်တဲ့စိတ်၊ နောက်ဆုံးမှာ မျှဝေချင်တဲ့စိတ်ပါ။ မျှဝေချင်တဲ့စိတ်လောက် ကျွန်မတို့ လူ့အသိုင်းအဝန်းမှာ အရေးကြီးတဲ့ စိတ်ဓာတ်မရှိဘူး။ ကိုယ့်မှာ ကောင်းတာတွေ ကို မျှဝေရမယ်။ အဲဒီလိုဆိုရင် ကိုယ်က စိတ်ဆင်းရဲမှုရှိရင် လည်း ကိုယ့်ရဲ့ စိတ်ဆင်းရဲမှုတွေကို မျှဝေပေးမယ့် လူတွေ ပေါ်လာမှာပါ။ ကမ္ဘာကြီးမှာ၊ လောကမှာ အပေးအယူက အမြဲရှိပါတယ်။ ဒီအတိုင်း ကျွန်မတို့ အချင်းချင်းကြားမှာ မေတ္တာတွေ မျှဝေမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ ဖွံ့ဖြိုးမယ်၊ တိုးတက်မယ်၊ ပြဿနာတွေကို ကြံ့ကြံ့ခံနိုင်မယ်။
ဘယ်ပြဿနာကိုမဆို ကျွန်မတို့ရင်ဆိုင်
ကျွန်မ နိုင်ငံရေးလုပ်တဲ့ သက်တမ်းတစ်လျှောက်မှာ တချို့က မေးပါတယ်။ အခက်အခဲတွေရှိရင် ဘယ်လို ရင်ဆိုင်သလဲ၊ ဒီအခက်အခဲတွေကြောင့် စိုးရိမ်ကြောင့်ကြ မှုတွေ မပိုသွားအောင် ဘယ်လိုလုပ်သလဲ၊ တကယ်တော့ အကောင်းဆုံးက ကိုယ့်အပေါ်မှာ မေတ္တာထားမယ့် ရဲဘော်ရဲဘက်များ၊ မိတ်ဆွေများ ရှိခြင်းပါ။ ကိုယ်နဲ့အတူ ခံမယ်ဆိုတဲ့ ရဲဘော် ရဲဘက်တွေ၊ မိတ်ဆွေတွေရှိတယ်ဆိုရင် ဘယ်ပြဿနာကိုမဆို ကျွန်မတို့ ရင်ဆိုင်ဖို့ဟာ ခက်ခဲတယ် လို့ မရှိတော့ပါဘူး။
ဆက်ပြီးလျှောက်ဖို့ဟာ ပိုပြီးလွယ်လာ
ကျွန်မ အမြဲဥပမာ ပေးပါတယ်။ တစ်ယောက်တည်း တောနက်ကြီးထဲမှာ လျှောက်သွားရရင် စိုးရိမ်စိတ်ရှိတယ်။ ကိုယ်နဲ့ နောက်တစ်ယောက်ပါတယ်ဆိုရင် ဒီစိုးရိမ်စိတ်က နည်းနည်းကျသွားတယ်။ ဒါဟာ ဓမ္မတာပဲ။ ညမှောင်မှောင် ကြီးထဲမှာ၊ လူခေါင်တဲ့လမ်းမှာ ကိုယ်တစ်ယောက်တည်း လျှောက်ရတာနဲ့၊ ကိုယ့်မိတ်ဆွေတစ်ယောက်နဲ့အတူ လျှောက်ရတာနဲ့မတူပါဘူး။ သူစိမ်းတစ်ယောက်နဲ့ လျှောက်ရတယ်ဆိုရင်တောင် နောက်တစ်ယောက်ရှိနေ တယ်ဆိုရင် ကိုယ့်မှာ အင်အားပြည့်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မိတ်ဆွေ၊ ကိုယ့်လက်တွဲပြီး ကိုယ်ခလုတ်တိုက်ရင် ဖေးမပေးမယ့် မိတ်ဆွေတစ်ယောက်ပါတယ်ဆိုရင် ဘယ်လိုပဲ လမ်းက မှောင်နေပါစေ၊ ဘယ်လိုပဲလမ်းက ခက်ခဲနေပါစေ ဆက်ပြီးလျှောက်ဖို့ဟာ ပိုပြီးလွယ်လာပါ တယ်။
အထူးသဖြင့် ကလေးတွေ၊ လူငယ်တွေဟာ ငယ်ငယ် ကတည်းက ဒီလိုစိတ်တွေကို မွေးကြပါ။ အချင်းချင်း စာနာ တဲ့ စိတ် ၊ အချင်းချင်းကူညီချင်တဲ့စိတ် ၊ အချင်းချင်း မေတ္တာနဲ့ ကိုယ့်ရဲ့ အကောင်းတွေ၊ ကိုယ့်မှာရှိတဲ့ ကောင်းရာရာတွေ ကို မျှဝေပြီးပေးချင်တဲ့စိတ်၊ အဲဒီလိုစိတ်တွေကို ကျွန်မတို့ရဲ့ လူငယ်တွေက မွေးကြမယ်ဆိုရင် ကျွန်မတို့ နိုင်ငံတည် သရွေ့ အမြဲတိုးတက်ပြီး သာယာသွားမယ့် နိုင်ငံတစ်ခု ဖြစ်လာမှာပါ။ အချင်းချင်းအပေါ်မှာ စေတနာမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ စိတ်ဓာတ်က မကောင်းဘူးဆိုရင် ဘယ်လောက်ပဲ ဒီနိုင်ငံကြီး ချမ်းသာ ပါစေ ကျွန်မတို့ရဲ့ ပြည်သူတွေ ချမ်းသာနိုင်မှာမဟုတ်ပါဘူး။
နိုင်ငံရေးဆိုတာ နိုင်ငံ့ရဲ့ အရေးပါ
နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွန်မ နည်းနည်းပြောချင် ပါတယ်။ နိုင်ငံရေးဆိုတာ တချို့တွေက ဘာထင်သလဲ ဆိုတော့ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတစ်ခုထဲမှာဝင်ပြီး လုပ်မှ နိုင်ငံရေးလို့ ထင်ပါတယ်။ တကယ်တော့ မဟုတ်ပါ ဘူး။ နိုင်ငံရေးဆိုတာ လူတိုင်း၊ လူတိုင်းနဲ့ဆိုင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ့ရဲ့ အရေးပါ။ ကိုယ့်နိုင်ငံရဲ့ အရေး ဆိုတာ ဒီနိုင်ငံမှာနေတဲ့ လူတိုင်းနဲ့ဆိုင်တယ်။ ဒီနိုင်ငံမှာ မနေတော့တဲ့ လူတွေနဲ့တောင် ဆိုင်တယ်။ ကိုယ့်မှာ မေတ္တာ ရှိသေးတယ်၊ သံယောဇဉ်ရှိသေးတယ်ဆိုရင် ဒီနိုင်ငံမှာ ဘာဖြစ်နေသလဲဆိုတာကို ပြင်ပကနေလေ့လာပြီး အတူတူ ခံစားမယ်၊ အတူတူ စံစားမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိ တတ်ပါတယ်။
ကျွန်မ အရင်လက နိုင်ငံခြားမှာသွားပြီး အပြည်ပြည် ဆိုင်ရာတရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါ နိုင်ငံခြားမှာနေတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ တော်တော်များက ရောက်လာတယ်။ ရောက်လာပြီး ကျွန်မတို့ကို အားပေး ချင်လို့၊ ပံ့ပိုးချင်လို့၊ ကျွန်မတို့ဘက်ကနေ ရပ်တည်ပေးချင် လို့ပါ။ ဒီပြည်သူတွေ တော်တော်များများဟာ တကယ်တော့ ကျွန်မတို့ နိုင်ငံသားတွေ မဟုတ်တော့ပါဘူး။ နိုင်ငံခြား မှာနေပြီး တခြားနိုင်ငံသား ခံယူထားတဲ့သူတွေ ဖြစ်ပါ တယ်။ သို့သော် သူတို့ရဲ့ စိတ်တွေ၊ သူတို့ရဲ့ နှလုံးသားတွေ၊ သူတို့ရဲ့ သံယောဇဉ်တွေဟာ ကျွန်မတို့နဲ့ပဲ ရှိပါတယ်။
တစ်ယောက်ချင်း ကြိုးစား
အရေးကြီးပြီဆိုတော့ တစ်ခါတည်း သွေးနီးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရောက်လာကြပါတယ်။ အဲဒီလိုဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းပါတယ်။ ဒီဝန်းရံကြတဲ့သူတွေက သူဌေးသူကြွယ်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ချွေးနှဲစာလေးနဲ့ အကုန်အကျခံပြီး စရိတ်စကခံပြီး ရောက်အောင်လာပြီး ကျွန်မတို့ကို အားပေးတာ၊ ဝန်းရံတာ ဖြစ်ပါတယ်။ ဒါ ကျွန်မတို့ နိုင်ငံအပေါ်မှာ မေတ္တာထားတယ်၊ စေတနာ ထားတယ်၊ သံယောဇဉ်မပျက်ဘူးဆိုတာ ပြတာပါ။ ကျွန်မတို့ ဒီလိုစိတ်ဓာတ်တွေနဲ့သာ ဆက်သွားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ကမ္ဘာ ကနေပြီး အသိအမှတ်ပြုရတဲ့၊ လေးစားရတဲ့၊ ကြည်ညိုရတဲ့ နိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာဖို့ လူတိုင်း လူတိုင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကြိုးစား ရမယ်။
အခုပင်လည်ဘူးမြို့က ပြည်သူပြည်သားတွေလည်း ကြိုးစားရမယ်။ ငါတို့မြို့လေးက အရေးပါတဲ့မြို့ မဟုတ် ဘူးဆိုတဲ့စိတ် ဘယ်တော့မှမထားပါနဲ့။ မြို့တိုင်း၊ မြို့တိုင်း ဟာ ရွာတိုင်း၊ ရွာတိုင်း ဒီလိုပဲ ဒီနိုင်ငံမှာ အရေးကြီးပါ တယ်။ ရွာတိုင်း၊ မြို့တိုင်းမှာရှိတဲ့ ပြည်သူတွေ တစ်ဦးချင်း၊ တစ်ဦးချင်းကလည်း အရေးကြီးပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ထားသောအားဖြင့် လမ်းမှန်ကိုလျှောက်ပါ။ သိပ်ပြီး တန်ဖိုး ရှိတဲ့ ပစ္စည်းတစ်ခုဆိုရင် ဘယ်သူကမှ ဖုန်ထဲ၊ သဲထဲမှာ ပစ်ထားမှာမဟုတ်ပါဘူး။ တန်ဖိုးမရှိတဲ့ ကျောက်ခဲလေး တစ်လုံးဆိုရင် ဖုန်ထဲ၊ သဲထဲပစ်ချလိုက်လို့ ရတယ်။ တန်ဖိုး ရှိတဲ့ စိန်တုံးကို ဘယ်သူကမှ ဖုန်ထဲ၊ သဲထဲမှာ ပစ်ချထား မှာ မဟုတ်ပါဘူး။
ကိုယ်ကျင့်သီလကိုထိန်း
ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရင် ကိုယ့်ကိုယ် ကိုယ် ဂရုစိုက်ရမယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင် နေရမယ်။ ပထမဦးဆုံး ကိုယ်ကျင့်သီလကို ထိန်းရမယ်။ ကိုယ်ကျင့်သီလကို ထိန်းခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ရှိအောင် လုပ်ထားရမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ တစ်ခါ တလေ ကျွန်မတို့ မှားတာတွေရှိပါတယ်။ ကိုယ်ဖြစ်စေ ချင်သလို မဖြစ်တာ၊ ကိုယ်ထင်သလို၊ ကိုယ်မျှော်မှန်းသလို မတိုးတက်တာ၊ မအောင်မြင်နိုင်တာ၊ အဲဒီလိုဖြစ်တဲ့အခါကျ ရင် စိတ်ဓာတ်မကျပါနဲ့။ လူတိုင်းလူတိုင်း ဆက်လက်ပြီး မျှော်လင့်ချက်နဲ့ ကြိုးစားနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ အဓိကဟာ ကြိုးစားခြင်းပါပဲ။ ဝီရိယစိုက်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒီတစ်ခါ မအောင်မြင်ရင် နောက်တစ်ခါ အောင်မြင်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီး လုပ်စေ ချင်ပါတယ်။
ဒီလိုလုပ်မှသာလျှင် ကျွန်မတို့ရဲ့ နိုင်ငံဟာ တိုးတက် နိုင်မှာပါ။ ကျွန်မတို့ နိုင်ငံကို တိုးတက်စေချင်တယ်ဆိုပြီး အတန်တန်ပြောနေရတဲ့ အကြောင်းရင်းက ကျွန်မတို့ နိုင်ငံ ဟာ တိုးတက်ဖို့လိုလို့ပါ။ ဒီလိုဒေသတွေကို လာလို့ရှိရင်၊ နန်းယွန်းလိုဒေသတွေကို သွားလို့ရှိရင် ပိုပြီး ဒါဟာ ထင်ရှား ပါတယ်။ ကျွန်မတို့နိုင်ငံမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ ဒေသတွေ အများကြီးရှိပါတယ်။ တိုးတက်ဖို့လိုအပ်နေတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အားလုံး တစ်ယောက်နဲ့တစ်ယောက် ကူညီကြပါ။ အစိုးရ တစ်ခုတည်း ဘယ်တော့မှ လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ တချို့တွေက အမျိုးမျိုး ကတိတွေပေးကြပါတယ်။ အကောင်းဆုံးဖြစ်အောင် လုပ်မယ်၊ အားလုံးပြဿနာ တွေ ပြေလည်သွားအောင်လုပ်မယ်၊ ပြဿနာတွေ ပျောက်ကင်းသွားအောင် လုပ်မယ်ဆိုပြီး ပြောပါတယ်။ ဒါတကယ်တော့ မလုပ်နိုင်ပါဘူး။
စည်းလုံးညီညွတ်တဲ့အင်အားတစ်ခုရှိ
ပြည်သူလူထုပါမှ တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ထစ်ချင်း၊ တစ်ထစ်ချင်း ကျွန်မတို့နိုင်ငံ တိုးတက်အောင်လို့ လုပ်နိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်ဆိုရင် ကျွန်မတို့အတွက် ဘာအားတက်ရသလဲဆိုတော့ ပြည်သူတွေမှာ စည်းလုံး ညီညွတ်တဲ့ အင်အားတစ်ခုရှိတယ်။ စည်းလုံးပြီး ဒီလို အခမ်းအနားတစ်ခုမှာ စုရုံးပြီးတက်သလို၊ စည်းလုံးပြီး ကျွန်မတို့ နိုင်ငံရင်ဆိုင်ရမယ့် ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ ယုံကြည်ချက် ဖြစ်လာလို့ ကျွန်မတို့ အင်မတန်မှ ဝမ်းသာအားရ ဖြစ်ပါ တယ်။
ကျွန်မတို့ ဒီလိုလာတဲ့အခါမှာ ပြည်သူတွေရဲ့အသံကို နားထောင်ချင်တယ်ဆိုပြီး ကျွန်မတို့ အမြဲတမ်းမေးခွန်း တွေ မေးဖို့အားပေးပါတယ်။ ပင်လည်ဘူးမှာ ကျွန်မတို့ လာတာ နောက်ကျတဲ့အတွက် တင်ထားတဲ့မေးခွန်းတွေ အားလုံးကို ဖတ်ပြပြီး ဒီမှာအကုန်ဖြေဖို့ အချိန်မရှိပါဘူး။ ဒါပေမယ့် မေးထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အဖြေတွေ ပေးပါမယ်။ နောက်ထပ် မေးချင်တာတွေရှိရင်လည်း ကျွန်မတို့ဆီကို စာရေးပြီး မေးလို့ရပါတယ်။ ဒီမှာ တိုင်စာ ဌာန ဖွင့်ထားပါတယ်။
ကျွန်မ ဘယ်သွားသွား တိုင်စာဌာန ဖွင့်ပါတယ်။ ပြည်သူလူထုက တိုင်ဖို့ရယ်လို့ မဟုတ်ပါဘူး။ တိုင်ချင်ရင် လည်း တိုင်လို့ရပါတယ်။ မေးချင်တာရှိရင်လည်း မေးဖို့၊ ပြောချင်တာရှိရင်လည်း ပြောဖို့၊ ဘာလို့လဲဆိုရင် တိုင်စာ ဌာနကို ပေးလိုက်တဲ့ စာတွေအားလုံးက ကျွန်မတို့ ရုံးကို ရောက်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် တိုင်စာဌာနကို စာရေးတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့စာကို ဖတ်မယ့်သူရှိတယ်၊ သေသေချာချာလေ့လာပြီး အဖြေပေးစရာရှိတာ ပေးမယ့် သူရှိတယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှလည်း ဆက်ပြီး လက်တွဲနိုင်မှာပါ။
ဒီမှာပြောနေတုန်း အရှေ့မှာ ကလေးတွေက များနေတဲ့ အခါကျတော့ ကလေးတွေကို ဦးတည်ပြီး ပြောချင်တဲ့စိတ် က ဖြစ်လာတယ်။ လူကြီးတွေက နောက်မှာဆိုတော့ နောက်က စောင့်ကြပါ။ ကလေးတွေကို ပညာရှိတွေ ဖြစ်အောင် လုပ်ကြပါ။ တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရပ်ရွာအတွက်၊ ကိုယ့်နိုင်ငံအတွက်။ နောက်တစ်ခုက ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ ကလေးတွေက ကျန်းမာရေးကို ဂရုစိုက်နိုင်ဖို့ဆိုတာ မိဘတွေရဲ့ အခြေအနေ အပေါ်မှာ မူတည်ပါတယ်။ ပထမဦးဆုံးကလေးတွေ အာဟာရပြည့်၀အောင် စားဖို့လိုပါတယ်။ ဒါကလည်း မိဘက ဘယ်လောက်အထိ တတ်နိုင်သလဲအပေါ်မှာ မူတည် ပါတယ်။ ဒါပေမယ့် မိဘတွေကလည်း ကလေးတွေကို ကျွေးတဲ့အခါမှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကျွေးပါ။ အာဟာရမရှိတဲ့ သရေစာတွေ ကျွေးမယ့်အစား၊ ဥပမာ - ဖီးကြမ်းငှက်ပျောသီးဆိုရင် အင်မတန်မှ အာဟာရ ရှိပါတယ်။ ပဲဆိုရင်လည်း အာဟာရရှိပါတယ်။ အာဟာရရှိ တဲ့ အစားအစာတွေကို ကျွေးပါလို့ ပြောချင်ပါတယ်။
ကလေးတွေ ငယ်ငယ်ကတည်းက အစားအစာ စားသောက်တဲ့နေရာမှာ ကောင်းတဲ့အလေ့အကျင့်တွေ ရှိစေချင်ပါတယ်။ တစ်ခုသတိပေးမယ်။ ကွမ်းယာရောင်း တဲ့သူတွေက စိတ်မဆိုးကြပါနဲ့၊ ကွမ်းမစားကြပါနဲ့လို့ တိုက်တွန်းချင်တယ်။ ဒါက ပထမပါ။ ဒါကလည်း ကွမ်းယာ ရောင်းတဲ့ ပြည်သူပြည်သားတွေရဲ့ အနေအထားကို မသိလို့ ပြောတာ မဟုတ်ပါဘူး။ ဒါကို ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ ကျွန်မတို့ အမြဲစဉ်းစားပါတယ်။ ဒါကိုသာ မစဉ်း စားရင် ကွမ်းယာရောင်းခွင့် ဘယ်ပေးမလဲ။ ဒါပေမယ့် ကွမ်းယာရောင်းခွင့်မပေးရင်လည်း ကွမ်းယာရောင်းတဲ့ သူတွေ ကွမ်းစိုက်တဲ့သူတွေအတွက် ဒါဟာ အခက်အခဲ ဖြစ်မယ်ဆိုတာ သိလို့၊ ဒီလိုတော့လည်း မလုပ်ပါဘူး။ ကွမ်းစားခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်ပါတယ်။ အလှပျက်လိမ့်မယ်။ အဲဒါကို ရှောင်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းတယ်။ ကွမ်းတံတွေး ထွေးတယ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကို ညစ်နွမ်းစေတယ်။ အဲဒါတွေလည်း မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။
ဆေးလိပ်သောက်ခြင်းရှောင်ကြပါ
နောက်တစ်ဆင့် ပြောရမယ်ဆိုရင် အရက်သေစာ သောက်စားခြင်းကို ရှောင်ကြပါ။ အထူးသဖြင့် ယောကျ်ား လေးတွေပါ။ ယောကျ်ားလေးတွေ နည်းနည်းလေးကြီး လာပြီဆိုရင် အရက်သောက်ချင်ကြတယ်။ အရက်က သောက်ချင်စရာအကြောင်းကို မရှိဘူး။ အရက်သောက် တယ်ဆိုတာ ပိုက်ဆံလည်းကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်။ ထိုနည်း၎င်းပဲ ဆေးလိပ်သောက်တယ် ဆိုတာ ပိုက်ဆံလည်းကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်။ ကျွန်မ အမြဲပြောပါတယ်။ ဆေးလိပ်သောက် တယ်ဆိုတာ ကိုယ့်ပိုက်ဆံကိုယ် မီးရှို့သလိုပဲ။ ကိုယ့်ပိုက်ဆံ ကို မီးရှို့လိုက်တာကမှ ပိုကောင်းပါတယ်။ ပိုက်ဆံမီးရှို့ တာက ပိုက်ဆံကုန်ပေမယ့် ကျန်းမာရေးမထိခိုက်ဘူး။ ဆေးလိပ်ဝယ်ပြီးသောက်ရင် ပိုက်ဆံလည်းကုန်ပါတယ်။ ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ ဆေးလိပ်သောက်ခြင်း ကို ရှောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
နောက်တစ်ခုက မူးယစ်ဆေးဝါးပါ။ အထူးသဖြင့် ကျွန်မတို့ လူငယ်တွေအတွက် အရေးကြီးပါတယ်။ မူးယစ် ဆေးဝါးက တစ်ခါစွဲရင် ဖြတ်လို့ရရင်တောင်မှ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒီတော့ ကျွန်မတို့ လူငယ်များဟာ အခြေခံကျတဲ့ ကျန်းမာရေးကောင်းဖို့ အလေ့အကျင့်တွေကို မွေးမြူရမှာပါ။ ဂိမ်းကစားတာ တွေလည်း တတ်နိုင်သမျှထိန်းပါလို့ တိုက်တွန်းချင်ပါတယ်။ ဂိမ်းကစားတာက နောက်တော့စွဲသွားရော၊ စွဲသွားတော့ ဒါကလည်း လောင်းကစားကို စွဲသလိုပဲ။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေ မှာ လူငယ်တွေ ဂိမ်းကစားတာများလို့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ကို ဖြတ်ယူရပါတယ်။
ကိစ္စတစ်ခုကို ဒီလောက်တောင်စွဲသွားပြီဆိုရင် ဒါဟာရောဂါပါပဲ။ ကလေးတွေအနေနဲ့ ဂိမ်းကစားတာကို တော်ရုံတန်ရုံဆော့ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေ ပညာလည်းရမယ်၊ ကျန်းမာရေး လည်း ကောင်းမယ်ဆိုရင် စိတ်ချလက်ချနဲ့ ဒီနိုင်ငံကြီးကို အနာဂတ်မျိုးဆက်တွေရဲ့လက်ထဲမှာ ထားပစ်ခဲ့နိုင်မယ်။ အနာဂတ်မျိုးဆက်တွေရဲ့ လက်ထဲမှာ နိုင်ငံတစ်နိုင်ငံကို စိတ်ချလက်ချထားခဲ့နိုင်တယ်ဆိုတဲ့ဆုနဲ့ တူညီတဲ့ဆု ဘာဆုမှမရှိပါဘူး။
ကောင်းတဲ့နမူနာတွေပြပါ
ကျွန်မတို့ နိုင်ငံကို စိတ်ချလက်ချနဲ့ နောင်မျိုးဆက် တွေလက်ထဲအပ်ပြီး ဒီလောကကြီးကနေ ထွက်သွားနိုင် တယ်ဆိုရင် ဘယ်လောက်ထိ စိတ်အေးချမ်းနိုင်မလဲ။ နောင်မျိုးဆက်တွေကလည်း ဒီလိုပဲ စိတ်အေးလက်အေးနဲ့ ဆက်ပြီး ဒီဘဝကို ဖြတ်သန်းသွားနိုင်မှာပါ။ ဒါကြောင့် လူငယ်များ ကျန်းမာရေးကို ဂရုစိုက်ပါ။ တတ်နိုင်သမျှ ကိုယ့်ရဲ့ စွမ်းနိုင်သမျှ ပညာတွေကို တိုးတက်အောင်လို့ လုပ်ပါ။ အရေးကြီးဆုံးက အချင်းချင်းကူညီပါ။ အချင်းချင်း ချစ်ခင်ပါ။ လူကြီးများကလည်း ထိုနည်း၎င်းပဲ အချင်းချင်း ချစ်ခင်ခြင်း၊ ကူညီခြင်းဖြင့် ကျွန်မတို့ရဲ့ လူငယ်တွေကို ကောင်းတဲ့ ဥပမာတွေ၊ ကောင်းတဲ့နမူနာတွေ ပြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်မ အခုလို ခရီးသွားတဲ့အခါ လိုအပ်ချက်တွေက တစ်နေရာနဲ့ တစ်နေရာက အများကြီး တူညီနေတာကို တွေ့ရပါတယ်။ ဥပမာ - လမ်း ၊ လျှပ်စစ်ဓာတ်အား၊ ကျန်းမာရေးပံ့ပိုးမှု၊ ပညာရေးပံ့ပိုးမှု၊ တစ်ခါတလေ ယဉ်ကျေးမှုနဲ့ပတ်သက်လို့ အကူအညီလေးတွေ လိုတာ၊ ဒါတွေက ကျွန်မတို့ ထပ်တလဲလဲတွေ့နေရတဲ့ ကိစ္စပါ။ ဒါတွေကို ကျွန်မတို့ အမြန်ဆုံးဖြေရှင်းပေးပါမယ်။ အတတ်နိုင်ဆုံး လုပ်ပေးပါမယ်။
နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက် ပြီး တိုင်တာတွေလည်း တွေ့ရပါတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားလုပ်တယ်၊ ကူညီမစမှုမှာ အားနည်းတယ်ဆိုပြီး တိုင်တာတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။ ဒီအတွက် ကျွန်မ တို့ တာဝန်ယူပါတယ်။ ဒါဟာ အစိုးရရဲ့ တာဝန်ပါ။ အုပ်ချုပ် ရေးဘက်က တာဝန်ရှိသူများဟာ ပြည်သူလူထုအပေါ်မှာ မေတ္တာ၊ စေတနာထားပြီး တာဝန်ကျေအောင်လုပ်ဖို့ကို ကျွန်မ ထပ်တလဲလဲ ပြောနေတဲ့ကိစ္စ ဖြစ်ပါတယ်။
ပင်လည်ဘူးဘက်မှာ တိုင်းရင်းသားအချင်းချင်း ကြားမှာ အေးအေးချမ်းချမ်းနဲ့ နေတာတွေ့ရတဲ့အတွက် ကျွန်မ သိပ်ဝမ်းသာပါတယ်။ အင်မတန်မှ အားတက်စရာပါ။ ကျွန်မတို့နိုင်ငံရဲ့ တချို့နေရာတွေမှာ အားလုံးသိကြတဲ့ အတိုင်း ငြိမ်းချမ်းရေးဆိုတာ မရသေးဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးမရသေးဘူး။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတယ်။ လက်နက်ကိုင်ပြီး တိုက်ခိုက်ကြ ပါတယ်။
ပန်းတိုင်ရောက်အောင် ကြိုးစား
ကျွန်မ တစ်ခု သတိပေးချင်ပါတယ်။ တကယ် ကိုယ့်မှာ အရည်အချင်းရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို လက်နက် မကိုင်ဘဲနဲ့ ရောက်အောင်သွားနိုင်ရမယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို လက်နက်မပါဘဲ ရောက်အောင်မသွားနိုင်လို့ ရှိရင် ကိုယ့်မှာ အရည်အချင်းတစ်ခုခုလိုနေလို့ပါ။ ဒါကြောင့် ကိုယ်တစ်ခုခု လိုချင်တယ်ဆိုရင် ဒီဟာကို ပညာရှိတစ် ယောက်ရဲ့ နည်းလမ်းနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို မထိခိုက် အောင်၊ အကြမ်းဖက်ဖို့ မလိုအောင်လုပ်ရပါမယ်။ လက်နက် ကိုင်တယ်ဆိုတာ အကြမ်းဖက်မှုတစ်ခုပါပဲ။ အကြမ်းဖက်ဖို့ မလိုတဲ့နည်းတွေနဲ့ ကိုယ့်ပန်းတိုင်ကို ရောက်နိုင်အောင် ကြိုးစားနိုင်တဲ့ သတ္တိတွေ၊ အစွမ်းအစတွေကို ကျွန်မတို့ ပြည်သူလူထုတွေမှာ ရှိစေချင်ပါတယ်။ ကြိုးစားကြပါ၊ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
အားငယ်တဲ့စိတ် လုံးဝမရှိပါနဲ့
ကျွန်မ ကမ္ဘာ့နိုင်ငံအများကြီးကို ရောက်ဖူးပါတယ်။ အချမ်းသာဆုံးဆိုတဲ့ မြို့ကြီးတွေကို ရောက်ဖူးပါတယ်။ အဲဒီကိုရောက်လို့ ကျွန်မ တစ်ခါမှ အားမငယ်ခဲ့ဘူး။ ငါတို့ နိုင်ငံက ဆင်းရဲလို့၊ ဖွံ့ဖြိုးမှုနည်းလို့ ရှက်စရာလို့ စိတ်ထဲမှာ မရှိခဲ့ဘူး။ ဒို့နိုင်ငံက အများကြီးလုပ်ဖို့ လိုသေးတယ်ဆိုတဲ့ အတွေးဝင်လာပါတယ်။ ဒါက ခဏခဏ ဝင်လာပါတယ်။ ကျွန်မတို့တွေ တိုးတက်ဖို့ လိုသေးတယ်။ တိုးတက်ဖို့ လိုသလို တိုးတက်အောင်လည်း လုပ်နိုင်မယ်ဆိုတာကို ကျွန်မ အဓိကယုံကြည်ပါတယ်။ ဒါကြောင့် အားမငယ် ကြပါနဲ့၊ ငါတို့တွေဟာ ပင်လည်ဘူးဆိုတဲ့ မြို့လေးက ပြည်သူတွေဆိုပြီး အားငယ်တဲ့စိတ်တွေ လုံးဝမရှိပါနဲ့။ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတစ်ယောက်ချင်း၊ တစ်ယောက် ချင်းဟာ ကျွန်မတို့ နိုင်ငံအတွက် တန်ဖိုးရှိပါတယ်။ တစ်ဦးချင်း၊ တစ်ဦးချင်းဟာ ကျွန်မတို့ နိုင်ငံအတွက် မျှော်လင့်ချက်တွေပါ။
ဘယ်သူက ဘယ်လိုအချိန်မှာ ဒီနိုင်ငံကို ဘယ်လိုပံ့ပိုး မလဲဆိုတာ ဘယ်သူမှသိတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကျွန်မတို့ တန်ဖိုးထားသလို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကျွန်မတို့ရဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ကျွန်မ သတိပေးချင်တာက ပြည်သူ တွေနဲ့ ထိတွေ့မှုက အင်မတန်မှ အရေးကြီးပါတယ်။ ဒါက ကျွန်မ ထပ်တလဲလဲ ပြောနေတဲ့ကိစ္စပါ။ ပြည်သူတွေနဲ့ ထိတွေ့မှုရှိဖို့လိုပါတယ်။ မြို့တင်မကဘူး၊ ရွာတွေအထိ ဆင်းရပါမယ်၊ ပြည်သူတွေရဲ့အသံကို နားထောင်ရမယ်၊ ပြည်သူတွေရဲ့ လိုအပ်ချက်က ဘာတွေလဲဆိုတာ ကြည့်ပြီး ကိုယ့်အစွမ်းရှိသမျှ ဒါတွေကို ဖြည့်ဆည်းပေးရပါမယ်။ ဒီလိုလုပ်မှသာလျှင် ပြည်သူတွေက အုပ်ချုပ်ရေးယန္တရား အပေါ်မှာ ယုံကြည်မှုနဲ့ လေးစားမှုရှိမှာပါ။ အဲဒီတော့ ဆက်ပြီး ကျွန်မတို့အနေနဲ့ ကြိုးစားရသလို ပြည်သူတွေ အနေနဲ့လည်း ကြိုးစားကြပါ” ဟု ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦးက ကျေးလက်လမ်းများ ကောင်းမွန်အောင်ဆောင်ရွက်ပေးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အမှိုက်သိမ်းရန် အချိန်မှန်လာရောက် သိမ်းဆည်းပေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြမေးမြန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးလက်လမ်းများ ကောင်းမွန်စေရေးအတွက် မြို့နယ်တစ်ခုအလိုက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြား သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကိစ္စကို ပြည်သူများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်း ဝန်ထမ်းများအနေဖြင့် ပြည်သူအပေါ် တာဝန်အရမဟုတ်ဘဲ စေတနာထား လုပ်ဆောင်ပေးရန်လိုကြောင်း ပြောကြား သည်။
လမ်းညွှန် မှာကြား
တွေ့ဆုံပွဲတွင် ကြိုတင်တင်ပြမေးမြန်းထားသည့် ပင်လည်ဘူးမြို့နယ် ချောင်းကွေ့ရွာမှ ဦးသိန်းလွင်က ငါးကြေးအင်း- ချောင်းကွေ့ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းဖောက်လုပ်ပေးရေး၊ ချင်းကုန်းကျေးရွာမှ ဦးတင်လှိုင်က ချင်းကုန်းရွာအခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဖြစ် တိုးမြှင့်ပေးရေး၊ မြို့မရပ်ကွက်မှ ဦးမောင်ကိုက မြို့မ(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေး ရေးနှင့် ဖွံ့ဖြိုးရေးသိပ္ပံကျောင်းခွင့်ပြုပေးရေး၊ မိုးကောင်း ရပ်ကွက်မှ ဦးမောင်ရွှေက မြို့မ(၁)ရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရေး၊ ကဘာ ကျေးရွာမှ ဦးအောင်ဒွေးက ကဘာကျေးရွာကျန်းမာရေး ဌာနခွဲ တစ်ခုခွင့်ပြုပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်က တောင်မော်ကျေးရွာ၌ ကျန်းမာရေးဌာနခွဲ တစ်ခု ခွင့်ပြုပေးရေး၊ တုံမွန်းကျေးရွာမှ ဦးမြင့်ဇော်က တုံမွန်းကျေးရွာတွင်(၁၆) ခုတင်ဆံ့ဆေးရုံ တည်ဆောက် ပေးရေး၊ မိုးကောင်းကျေးရွာမှ ဦးမောင်ဝင်းက ပင်လည် ဘူးမြို့တွင် မူးယစ်ဖြတ်စခန်း တည်ထောင်ပေးရေးနှင့် ပင်လည်ဘူးမြို့နယ်မြောက်ပိုင်း (၁၆)အုပ်စုတွင် နယ်မြေ ရဲကင်းချထားပေးရေး၊ မြို့မရပ်ကွက်မှ ဦးတင်ဦးက ဝန်ထမ်း များအတွက် ဒေသစရိတ် ခွင့်ပြုပေးရေး၊ မြို့မရပ်ကွက်မှ ဦးချစ်ဦးက ကောလင်း - ပင်လည်ဘူး ကားလမ်းအား အဆင့်မြှင့်တင်ပေးရေး၊ မြို့မကျေးရွာမှ ဦးချစ်ဝင်းက ဝါးယောချောင်းတံတားအား အသစ်တည်ဆောက်ပေးရေး၊ ကဘာကျေးရွာမှ ဦးစင်းမောင်က မကျီးပင်- ကဘာ ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းဆောင်ရွက် ပေးရေး၊ ဂွေးချိုကျေးရွာမှ ဦးသိန်းဇော်က ဂွေးချို ကျေးရွာချင်းဆက်လမ်းအား ပြုပြင်ပေးရေးနှင့် မြေကုလား-သာယာကုန်းကျေးရွာအထွက် တံတားနှစ်စင်းအား ပြုပြင် ပေးရေး၊ နွယ်လိမ်ကျေးရွာမှ ဦးမြင့်ရွှေက နွယ်လိမ် ကျေးရွာအဝင် မူးမြစ်ကူး ဘေလီတံတားတစ်စင်း ဆောင်ရွက်ပေးရေး၊ တောင်မော်ကျေးရွာမှ ဦးမောင်စိန်က တောင်မော်-မြောက်မော် ကျေးရွာကြားရှိ မြောက်မော် ချောင်းတံတားဆောက်လုပ်ပေးရေး၊ တုံမွန်းကျေးရွာမှ ဦးဝင်းမြင့်ဇော်က ထမံမောက်ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးရေး၊ သင်ပေါင်းကျင်း ကျေးရွာမှ ဦးစိုးလွင်က သင်ပေါင်းကျင်း- မိချောင်းအင်း မူးမြစ်ကူးတံတား ဆောင်ရွက်ပေးရေး၊ သိမ်ဇင်ကျေးရွာမှ ဦးဘိုးချင်းက ပေကုန်း- သိမ်ဇင်ကျေးရွာ မြေသားလမ်းအား ကတ္တရာလမ်းအဆင့်တိုးမြှင့်ပေးရေးနှင့် အဂ္ဂရွာချောင်းကူး တံတား၊ မှန်ကင်းချောင်းကူးတံတား၊ ရေရှင်ငယ်ချောင်းကူး တံတားတို့အား သံကူကွန်ကရစ် တံတားဆောက်လုပ် ပေးရေး၊ မော်လင်ကျေးရွာမှ ဦးအောင်ဖြူက မော်လင်- တောင်ခြေရင်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းဆောင်ရွက်ပေးရေး၊ ကိုးယောက်ကျေးရွာမှ ဦးထွန်းဝေ က ကိုးယောက်ကျေးရွာ၏ တောင်ဘက်မူးမြစ် ကမ်းပါး ရေတိုက်စားနေသည့် ၂ ဖာလုံအား ကမ်းထိန်းနံရံဆောင်ရွက် ပေးရေး၊ မြို့မရပ်ကွက်မှ ဦးချစ်ဦးက မူးမြစ်ကမ်းပါးထိန်း နံရံဆောင်ရွက်ပေးရေး၊ စေတီဦးကျေးရွာမှ ဦးမြင့်ရွှေက စေတီဦးကျေးရွာ ကိုယ်ထူကိုယ်ထကျောင်းဆောက်လုပ် နေသဖြင့် ပံ့ပိုးကူညီပေးရေး၊ မြို့မရပ်ကွက်မှ ဦးတင်ဦးက ပင်လည်ဘူးမြို့တွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရေး၊ ကဘာကျေးရွာမှ ဦးအောင်ခွေးက ကဘာကျေးရွာတွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု စိုက်ထူပေးရေးတို့နှင့် စပ်လျဉ်းသည့် တင်ပြမေးမြန်းချက်များအပေါ် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က သက်ဆိုင်ရာကဏ္ဍ အလိုက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကိစ္စ တစ်ခုချင်းအလိုက် တွေ့ဆုံရှင်းလင်းဆွေးနွေးရန် လမ်းညွှန် မှာကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ပင်လည်ဘူးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ ဟုမ္မလင်းမြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။ သတင်းစဉ်

No comments:

Post a Comment