Sunday, January 26, 2020

ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ...


မြန်မာ့အလင်းအယ်ဒီတာအာဘော်



တိုင်းရင်းသားလူမျိုးစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံသားများအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ် ရှိခြင်းဖြင့် နိုင်ငံထူထောင်ရေးကို တက်ညီလက်ညီ ဝိုင်းဝန်း ဆောင်ရွက်နိုင်မည်ဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည် နိုင်ငံသားအားလုံးအတူတကွ စုစုစည်းစည်း ညီညီညွတ်ညွတ် ဖြင့် အေးအတူစံစား၊ ပူအမျှခံစားရင်း ကိုယ့်နိုင်ငံကို ကြိုးပမ်းထူထောင်ကြမည်ဆိုသည့် သဘောထားပေါ်တွင် အခြေခံ၏။
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးစုံ နေရာဒေသအနှံ့ တွင် နေကြ၏။ လူမျိုးပေါင်းစုံရှိသည့်အလျောက် ယုံကြည် ကိုးကွယ်သည့် ဘာသာပေါင်းစုံ၊ ပြောဆိုဆက်ဆံကြသည့် စကားပေါင်းစုံ၊ စာပေပေါင်းစုံတို့လည်း ရှိ၏။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးစုံတို့ စုဝေးကာ အတူတူနေထိုင်ကြခြင်း သည်ပင် ပြည်ထောင်စု၏ အမှတ်လက္ခဏာတစ်ခု၊ ပြည်ထောင်စု ၏ သင်္ကေတတစ်ခု ဖြစ်ပါသည်။
ပြည်ထောင်စုအဖြစ် အတူစုပေါင်းနေထိုင်ကြသည့် နိုင်ငံ တွင် တိုင်းရင်းသားပေါင်းစုံတို့သည် တန်းတူညီမျှ အတူတကွ ရှင်သန်နေထိုင်ကြရင်း ကိုယ့်ပြည်နယ်ကို၊ ကိုယ့်နိုင်ငံ ကို အမှန်တကယ်မြတ်နိုးမှုဖြင့် ညီညီညွတ်ညွတ် အတူ ပူးပေါင်းထူထောင်ကြမည်ဟူသည့် စိတ်ဓာတ်ရှိရန်လည်း လိုအပ်မည်ဖြစ်သည်။
ကိုလိုနီနိုင်ငံအဖြစ်မှ လွတ်မြောက်လာချိန်၊ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်လာကြသည့်အခါ ကိုယ့်ကံကြမ္မာကို နိုင်ငံသားတို့ ကိုယ်တိုင်ဖန်တီးခွင့်ရှိလာပြီ ဖြစ်၏။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ဆိုသကဲ့သို့ ထိုဖန်တီးခွင့် ရှိလာသည့်အတိုင်း ကိုယ်တိုင်ဖန်တီးရန် တာဝန်ယူရဲသည့်သတ္တိ နှင့် ဖန်တီးနိုင်သည့် စွမ်းအားနှင့် အရည်အချင်းတို့သည်လည်း နိုင်ငံသားများတွင် ရှိဖို့လိုအပ်ပါသည်။
ထိုကဲ့သို့ ဖန်တီးရဲသည့် တာဝန်၊ အရည်အချင်းတို့နှင့် အတူ တိုင်းရင်းသားလူမျိုးစုအားလုံးတို့အကြားတွင် ရှိနေသည့် မတူကွဲပြားမှုများကို လက်ခံနားလည်ကာ ညီညွတ်စုစည်း လိုသည့်၊ ငြိမ်းချမ်းလိုသည့် စိတ်သဘောထားများရှိမှသာ တိုးတက်ဖွံ့ဖြိုးသော ပြည်ထောင်စုကို ပီပီသသ ထူထောင် နိုင်ပါမည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးကွဲလွဲမှုများ၊ ခေတ်အဆက် ဆက် အာဏာနှင့် လုပ်ပိုင်ခွင့်ဆိုင်ရာ များစွာသောစီမံခန့်ခွဲမှု အမှားအယွင်းတို့ကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် အခက် အခဲ အကျပ်အတည်းများကလည်း အမြောက်အမြားရှိနေသည် ဖြစ်လေရာ နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုက ပိုမိုလိုအပ်ချိန် ဖြစ်ပါ၏။
နိုင်ငံသားတို့ စုစည်းညီညွတ်မှုအပေါ်တွင် အခြေခံနိုင်ကြမှ ငြိမ်းချမ်းရေးဆိုသည်ကို မျှော်မှန်းနိုင်ကြပါမည်။ ငြိမ်းချမ်းရေး ရှိပါမှ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်ထူထောင်ရန် ပိုမိုအင်အား ရှိပါလိမ့်မည်။ ထို့အတူ လူတစ်ဦးချင်းတို့၏ ဘ၀များ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာလုံခြုံခြင်း၊ အေးချမ်းသာယာခြင်းတို့ကို လည်း မွေးမြူနိုင်ကြမည်ဖြစ်ပါသည်။
ညီညွတ်ခြင်း၏ အရေးကြီးပုံကို လွတ်လပ်ရေးမရမီကတည်း က ကောင်းစွာနားလည်ခဲ့ကြသလို ညီညွတ်ခြင်းကြောင့် အောင်ပွဲ များ ရရှိခဲ့သည့် အတိတ်သင်ခန်းစာများလည်း မြန်မာ နိုင်ငံသားတို့တွင် များစွာရှိခဲ့ပြီးဖြစ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရရှိခဲ့သော နယ်ချဲ့ဆန့်ကျင် ရေး အောင်မြင်မှု၊ တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုဖြင့် အောင်နိုင်ခဲ့ရသော ဖက်ဆစ်တော်လှန်ရေး၊ ပင်လုံစိတ်ဓာတ် ဖြင့် ရရှိခဲ့သော အလုံးစုံလွတ်လပ်ရေးတို့သည် နိုင်ငံသားတို့ ညီညွတ်မှု သာဓကများဖြစ်ပေရာ ထိုသို့သော ပြည်ထောင်စု စိတ်ဓာတ်ကို ဆက်လက်ဆွဲကိုင်ညီညွတ်ကြခြင်းဖြင့် ငြိမ်းချမ်း သာယာသော နိုင်ငံတော်ကို တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသတည်း။ ။

No comments:

Post a Comment