Saturday, January 4, 2020

အမျိုးသားညီညွတ်ရေးကို အခြေခံသည့် စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
----------------------------------------------------------------------------
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်)
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်သော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း ဒိုးတူပေါင်ဖက် ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင် ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီရင်းအစ်ကို၊ မောင်ရင်းနှမ၊ မိသားစုဝင်များအားလုံး ကောင်းကျိုးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
အမိမြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီကပင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး ကိုယ့်ထီးကိုယ့်နန်းဖြင့် ကမ္ဘာ့ အလယ်တွင် ဝင့်ကြွားထည်ဝါစွာ ရပ်တည်ခဲ့သောနိုင်ငံ ဖြစ်ပါသည်။ ကမ္ဘာ တစ်ဝန်း ကိုလိုနီစနစ် လွှမ်းမိုးလာသည့် ၁၉ ရာစုတွင် မြန်မာနိုင်ငံသည်လည်း တိုင်းတစ်ပါးလက်အောက်သို့ ကျရောက်ခဲ့ပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်၊ သူ့ကျွန်မခံလိုသော အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် နယ်ချဲ့လက်အောက်မှ ပြန်လည်လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိရန်အတွက် စည်းလုံးညီညွတ်စွာ တွန်းလှန်ခဲ့ကြရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင် ခဲ့ကြပါသည်။
ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြားတွင် ဖြစ်ပွားခဲ့သော သံသယ များနှင့် အယူဝါဒသဘောတရားပိုင်းဆိုင်ရာ အမြင်မတူမှုများ ပေါက်ဖွား ကြီးထွားလာခဲ့ပြီး လွတ်လပ်ရေးရရှိပြီးစ ကာလမှာပင် လက်နက်ကိုင်ပဋိပက္ခ များ ပေါ်ပေါက်ခဲ့ရပါသည်။ လက်နက်ကိုင်ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များသည် နှစ်ပေါင်း (၇၀) ကျော် ယနေ့ထိတိုင် ဖြစ်ပွားလျက်ရှိပါသည်။ လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ် သည့် လူ့စွမ်းအားနှင့် သဘာ၀အရင်းအမြစ်များကို ချည့်နဲ့စေခဲ့ပြီး ဖွံ့ဖြိုး တိုးတက်မှုများ နှောင့်နှေးနေဆဲဖြစ်ပါသည်။
ယနေ့ကာလသည် အတိတ်သမိုင်းကို သင်ခန်းစာယူကာ သံသယနှင့် ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရေရှည်တည်တံ့သည့် စစ်မှန်သောငြိမ်းချမ်း ရေးရရှိရန် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး တစ်ဦးနှင့်တစ်ဦး၊ နားလည်မှု၊ ယုံကြည်မှုရရှိရေးအတွက် ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အချိန်အခါဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများကို သုံးကြိမ်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် လိုအပ်သော သဘောတူညီချက်အချို့ကိုလည်း ရရှိထားပါသည်။ တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တလျက်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဒေသတွင်းမှာသာမက ကမ္ဘာ့အလယ်မှာပါ ပုံရိပ်ကောင်းရှိသည့် အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အတိတ်သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် လေးစားမှုတို့ကို အခြေခံကာ ခိုင်မာသော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော အမျိုးသားရေး တာဝန်များကို အစဉ်အမြဲ ဦးလည်မသုန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြ ရမည် ဖြစ်ပါသည်။
ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြားတွင် သံသယစိတ်ကင်းစင်ပြီး ခိုင်မာသော ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီစံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးစံနှုန်းစံထားများနှင့် ကိုက်ညီပြီး နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ဆီလျော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးတိုးတက်ဖြစ်ထွန်းမှုနှင့်အတူ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုး လာသည်နှင့်အမျှ ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို တိုင်းရင်း သားပြည်သူတစ်ရပ်လုံး ရရှိခံစားနိုင်ပြီး ပြည်သူအများ လိုလားတောင့်တနေသည့် အေးချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်ပါသည်။
နိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ တိုင်းဒေသကြီး နှင့် ပြည်နယ်များ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှု ကွာဟချက်လျော့နည်းစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်း လာစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို အလေးပေးဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။
နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဒေသတစ်ခုချင်းစီ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပဓာနကျသည်ဖြစ်ရာ ဒေသအလိုက် စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ဒေသတွင်းရှိ အရင်း အမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဒေသခံပြည်သူများ၏အင်အားနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးသည် လွန်စွာအရေးကြီးပါသည်။ ဒေသအလိုက် တည်ရှိနေသော သဘာ၀သယံဇာတနှင့် အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်ပြီး ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးအောင်မြင် စေရေး ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးရမည်ဖြစ်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်း၍ နိုင်ငံသားကောင်းဖြစ်ရေးမှာလည်း လိုအပ် ချက်တစ်ရပ်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နိုင်ငံသားကောင်း ဖြစ်စေရေးအတွက် ပညာရေးဖြင့်လည်း ရေရှည်မျှော်မှန်းချက်ထား၍ ဆောင်ကြဉ်းပေးရမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အတွက် ကြီးမားသော အန္တရာယ်တစ်ရပ်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့် စာရိတ္တကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါးပြဿနာအား ထိရောက် စွာ တားဆီးကာကွယ်ရေးကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဘက်ဘက်မှ အခြေအနေကောင်းများ၊ အလား အလာကောင်းများ ရရှိလာနေပြီဖြစ်ရာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ကြရမည် ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကဲ့သို့ပင် အမျိုးသားညီညွတ်ရေးကို အခြေခံသည့် စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးလုပ်ငန်းအဆင့်ဆင့်ကို အောင်မြင်စွာကျော်ဖြတ်ပြီး ဒီမိုကရေစီအမြစ်တွယ်ခိုင်မာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးဟူသည့် မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ကြရန် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့်-
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး "စုပေါင်းအင်အား" ဖြင့် ကာကွယ် စောင့်ရှောက်ရေး၊
- နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးစားပေးလုပ်ဆောင် ရေး၊
- ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊
- ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်အသွေး မြင့်မားလာစေ မည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်ရေး၊
- မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း- ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan- MSDP-2018-2030) ဖြင့် ငြိမ်းချမ်း၍ သာယာ၀ပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် လာရေး၊
ဟူသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ ကို အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် ဤနေ့ထူး နေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့အခါသမယတွင် ချစ်ကြည်လေးစားစွာ တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

No comments:

Post a Comment